ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးမှာ ဈေးဝယ်မယ့်သူတိုင်း သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်များ

ကြည့်မြင်တိုင် ဗဟိုစံပြငါးစျေးမှာ စျေးဘယ်လိုဝယ်ရမလဲ ဘယ်အချိန်တွေသွားရမလည်းဆိုတဲ့ သိချင်တဲ့သူတွေအတွက် ဆောင်ရန်ရှောင်ရန် အသေးစိတ်လေး ရေးပြထားပါတယ်ဗျ။ စံပြငါးစျေး (စျေးဟောင်း)မှာ ကျွန်တော်တို့ ကုမ္ပဏီက အဝယ်ဒိုင်ဖွင့်ထားတာအနှစ် ၃၀ ကျော်ပါပြီ။ ရွှေပိတောက်ငါးစျေး (စျေးသစ်) မှာလည်း စျေးစတည်ထဲက အဝယ်ဒိုင်ဖွင့်ထားပါတယ်။ ခုပြောမှာက စျေးဟောင်း (စံပြငါးစျေး လမ်းညွှန်ပါ)။

ငါးစျေးဆိုတဲ့အတိုင်း အနံ့အသက်ရှိမယ်။ အညှီအဟောက်နဲ့ ညစ်ပတ်ပါတယ်။ တမြို့လုံးက စျေးသည်မှန်သမျှ လက်ကားလာယူတဲ့နေရာဖြစ်တဲ့အတွက် အင်မတန် လူရှုပ်ပါတယ်။ တချို့နေရာတွေဆို လူတိုးလို့ မပေါက်ပါဘူး တိုးဝှေ့နေရတာပါ။ တိုက်မိခိုက်မိတာကို သည်းမခံနိုင်ရင် အသန့်ကြိုက်ရင် ကိုယ်တိုင်မလာခဲ့ပါနဲ့။

၁။ ရှောင်ရန် – ငါးပုံးတွေတင်ပြီးဆွဲတဲ့ လှည်းဆွဲ တောင်းထမ်းသမားတွေမြင်ရင် ဝေးဝေးကရှောင်ပါ။ မလွတ်ရင် လူကိုပါဝင်တိုက်သွားတာပါ။ လူလည်းနာမယ် ပေလည်းပေကျံကုန်မှာပါ။ လမ်းအလယ်မှာ ကားတားကားတားလျှောက်နေတဲ့ လျှာထိုးဦးထုပ်ဆောင်း လွယ်အိတ် စလွယ်လွယ် အများစုပုဆိုးနဲ့ ညှပ်ဖိနပ်စီးထားတဲ့ အရုပ်တွေနဲ့ ဆရာတသိုက်ကိုတွေ့ရင်တော့ လူချင်းဝင်မတိုက်မိပါစေနဲ့။

ခင်ဗျားထင်ထားတဲ့ လူဦးရေထက် အဲ့အဖွဲ့တွေက လူများပါတယ်။ သူတို့ဘာသာအေးဆေးနေပေမယ့် ကံဆိုးပြီး မဲပေါက်သွားမှာစိုးလို့ပါ။ အထူးသဖြင့် စျေးထဲမှာ ကိုယ်သိသိ မသိသိ စကားများ ရန်မဖြစ်မိပါစေနဲ့။ မဖြစ်ရင်လည်း ဘာမှ မဖြစ်ပါဘူး ဖြစ်ရင်လည်း လူနာတင်ကားပါ။ ပြောချင်တာက မလာရဲလောက်အောင် ဆိုးသွမ်းနေတာ မဟုတ်ပါဘူးနော်။ သိထားအောင် ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပြရုံပါ။

၂။ ကြိုတင် ပြင်ဆင်ရန် – လမ်းတိုင်းရော စျေးရုံထဲရော အမြဲရေစပ်စပ်နဲ့ နေရာတိုင်းဗွက်တွေနဲ့မလို့ ဖိနပ်မြင့်မြင့်စီးလာပါ။ တွတ်ပီဖိနပ်(ခြေမျက်စိကျော်တဲ့ ရာဘာဖိနပ်) ရှိရင် စီးလာတာ အကောင်းဆုံးပါ။ ရောဂါရော အနံ့အသက်ရော ကာကွယ်ဖို့ မက်စ်တပ်လာပါ။

၃။ စျေးရုံဖွဲ့စည်းပုံ – အမှတ် (က)ရုံ (A) ၊ (ခ)ရုံ (B) ၊ (ဂ)ရုံ (C) ၊ (ဃ)ရုံ (D)ဆိုပြီး စျေးရုံကြီး ၄ခုရှိပါတယ်။ က၊ခနဲ့ ဃမှာ ပဲ စျေးရာင်းကြတာပါ ။ (ဂ) ရုံက ရေခဲစက်ထားတာဖြစ်တဲ့အတွက်။

၄။ ပြင်ဆင်ရန် နှင့် သတိရှိရန် – အိမ်ကနေ ကြွပ်ကြွပ်အိတ်အကြီး ကိုယ်ဝယ်မယ့် ပမာဏအပေါ်မူတည်ပြီး ဆောင်လာပါ။ တချို့ဒိုင်တွေကတော့ အိတ်ပေးပါတယ်။ မရှိရင်လည်း စျေးထဲက ကွမ်းယာဆိုင်တွေမှာ အိတ်ရောင်းပါတယ်။ ကိုယ်ပိုင်ကားနဲ့လာမယ်ဆို ရေခဲပုံး/ကော်ပုံးယူလာခဲ့ပါ။ ကားတံခါးကိုသေချာပိတ်ဖို့တော့ မှာပါရစေ။ ကားမှာ စောင့်ကျန်ခဲ့တဲ့လူက မှန်ချပြီး အိပ်ပျော်နေရင်လည်း မပူပါနဲ့ သာဓုသာခေါ်လိုက်ပါ။ အဲ့လောက်ကို မြန်ပါတယ်။

၅။ ကားရပ်ရမယ့် နေရာ – နတ်စင်လမ်း ၊ ဌာနလမ်း ၊ ဥယျာဉ်လမ်း ၊ စကားဝါပင်လမ်းဆိုပြီး လမ်း ၄ လမ်း စျေးထိပ်တည့်တည့်မှာ ရှိပါတယ်။ ဘယ်လမ်းက ဝင်ဝင် စျေးထဲကိုရောက်ပါတယ်။ ကားရပ်မယ်ဆို ဆင်မလိုက်ဘက်ကလာရင် နတ်စင်လမ်း (စျေးနားမရောက်ခင်) ညာဘက်ခြမ်းမှာ ဘုန်းကြီးကျောင်းတွေရှိပါတယ်။ အဲ့ရှေ့က လမ်းမဘေးမှာ ကပ်ရပ်ရင်တော့ နေရာရဖို့လွယ်ပါတယ်။ တတ်နိုင်သမျှတော့ တယောက်ထဲမလာပါနဲ့။

၆။ စျေးဝယ်နည်း – လက်ကားစျေးကြီးဖြစ်တဲ့အတွက် ပိသာအချိန်ပြတ်ရောင်းကြတာများပါတယ်။ အချိန်ပြတ်ယူရင် စျေးလျှော့ပေးကြတာများပါတယ်။ စျေးတော့ ၅၀၀/၁၀၀၀ဆစ်ပါ။ စျေးပတ်မယ့် သူဆိုရင် စျေးတွေအရင်လိုက်မေးပါ။ ပြီးမှ သက်သာတဲ့ဆိုင်မှာ တပတ်ပြန်ပတ်ပြီး ဝယ်ပါ။

မိတ်ဆွေလိုချင်တဲ့ ရေချို/ရေငန် ငါးပုစွန် ကဏန်း ရေဘဝဲ ကင်းမွန် အမျိုးအစားအစုံ အရွယ်စုံ အကုန်အကုန်ရှိပါတယ်။ ကိုယ်ဝယ်တဲ့ ပစ္စည်းတွေ အရမ်းများနေလို့ သယ်ချင်ရင် တောင်းထမ်းလို့ခေါ်တဲ့ တောင်းနဲ့ ပစ္စည်းတွေထမ်းပို့တဲ့ (ကုန်တင်ကုန်ချဌာန) အပြာရောင်ဝတ်စုံတွေနဲ့သူတွေရှိပါတယ်။

သူတို့မှာ ကိုယ်ပိုင်နံပါတ်ပါပါတယ်။ တခုခုဆို အဲ့နံပါတ်မှတ်ထားပြီး ယမုံနာရုံးနဲ့ စည်ပင်ရုံးဆိုပြီး ၂ခုရှိပါတယ် အဲ့စျေးရုံးတွေမှာ တိုင်ကြားလို့လည်းရပါတယ်။ အဲ့ဝတ်စုံ ဝတ်မထားတဲ့သူတွေဆို ကိုယ်က ကိုယ့်ပစ္စည်းနဲ့ အတူပါမသွားပဲ လူပြတ်ကျန်ခဲ့ရင် ပျောက်တာရှတာဖြစ်နိုင်လို့ပါ။

၇။ လာရမဲ့အချိန် နဲ့ နေရာ – မနက်၄နာရီဆို စျေးတံခါးစဖွင့်ပါပီ။ လူအများဆုံးအချိန်က မနက် ၄ နာရီကနေ မနက် ၇ နာရီဝန်းကျင်ပါ။ ရောင်းသူဝယ်သူ ရှုပ်ရှက်ခပ်နေကြတဲ့အချိန်ပါ။ ဦးဦးဖျားဖျားအချိန်မလို့ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ မနက်၈နာရီဆို လူပါးသွားပါပြီ။ ကုန်လက်ကျန်လည်း နည်းသွားပြီဆိုပေမဲ့ နေ့လည်လောက်ထိတော့ ကုန်ဆက်ဝင်နေသေးတဲ့အတွက် ဝယ်လို့ရပါသေးတယ်။

အလာသင့်ဆုံးအချိန်ကတော့ မနက် ၄ နာရီကနေ ၇ နာရီခွဲပါ။ ဝယ်ရမယ့်နေရာကတော့ နေရာတိုင်းလိုလို ရောင်းချနေတာဖြစ်တဲ့အတွက် ကိုယ့်လိုအပ်တဲ့ အရာနဲ့ ကိုက်ညီတဲ့နေရာမှာ ဝယ်ပါ။ လက်ကားစျေးကိုမှ အပြိုင်အဆိုင်ရောင်းချနေကြတာဖြစ်တဲ့အတွက် စျေးကတော့ သက်သာပါတယ်။

ဘယ်နေရာမှာ ဝယ်ဝယ်ပါ။ အချုပ်ပြောရရင် လက်ကားစျေးကြီးဖြစ်တဲ့အတွက် စျေးသက်သာပါတယ်။ ဦးဆုံးဖျားဆုံးအရင်ရောက်တဲ့ ငါးပုစွန်တွေမလို့ လတ်ဆတ်ပါတယ်။ အနည်းငယ် ကသီလင်တနိုင်တာလေးက လွဲရင် ကျန်တာ အဆင်ပြေပါတယ်။ မိတ်ဆွေတွေအားလုံး သွားလမ်းသာလို့ လာလမ်းဖြောင့်ကြပါစေ။ (Lumaw Htun)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page