ရွှေတိဂုံမှာ လင်းတတွေ နားခဲ့တဲ့ ကိစ္စနဲ့ သိမ်ကြီးဈေးက အောက်ချင်းငှက်တွေ ကိစ္စ ဆက်စပ်မှု ဂယက်

ရန်ကုန်မြို့လယ်ခေါင် သိမ်ကြီးဈေးမှာ အောက်ချင်းငှက်အုပ်ကြီး လာနားတဲ့ ကိစ္စ နောက်ဆက်တွဲ ဂယက်

ရန်ကုန်မြို့လယ်ခေါင် နေရာဖြစ်တဲ့ သိမ်ကြီးဈေး ဒီရုံမှာ ချင်းပြည်နယ်မှာပဲ ရှိတဲ့ အောက်ချင်းငှက်တွေ လာနားနေတဲ့ပုံ မနေ့က အွန်လိုင်းမှာ ပျံ့နှံ့လာပါတယ်။

တချို့ကလည်း ဖိုတိုရှော့ အတုလို့ ထင်သလို၊ တချို့ကလည်း တခြားနေရာက ပုံလို့ ထင်ပါတယ်။ ဒါပေမယ့် မျက်မြင်တွေ့ရှိသူတွေ ရှိခဲ့တာကြောင့် အဲဒီပြဿနာက အလိုလို ဖြေရှင်းပြီးသား ဖြစ်သွားပါတယ်။

တချို့ကလည်း ဖမ်းထားတဲ့ အောက်ချင်းငှက်တွေ လွတ်ကုန်တာ ဖြစ်တယ်လို့ ပြောပေမယ့် တိကျတဲ့ သက်သေ အထောက်အထားတော့ မရှိပါဘူး။

သေချာတာကတော့ ချင်းပြည်နယ်မှာပဲ အများဆုံး ရှိတဲ့ ချင်းပြည်ရဲ့ ဝိသေသ အောက်ချင်းငှက်ဟာ ရန်ကုန်မြို့လယ်ခေါင်ကို ရောက်ရှိခဲ့တာ အသေအချာပါပဲ။

အတိတ်နိမိတ် ကောက်သူတွေကတော့ ချင်းပြည်နယ်က ခေါင်းဆောင်တဦး ပေါ်ထွန်းနိုင်ကြောင်း၊ မကြာမီ အချိန်အတွင်းမှာ မြန်မာပြည်ကြီး အဆိုးအောက်က လွတ်မြောက်ပြီး ယခု တွေ့ရတဲ့ အောက်ချင်းငှက်လိုမျိုး လွတ်လပ်စွာ ပျံသန်းနိုင်မှာ ဖြစ်ကြောင်း၊ ချင်းပြည်နယ်က သူရဲကောင်းတွေ ရန်ကုန်အထိ ရောက်လာနိုင်ကြောင်း ကောက်ယူ နေကြပါတယ်။

ယခုလိုမျိုး ထူးဆန်းတဲ့ ငှက်တွေ အုပ်လိုက် လာနားတဲ့ ဖြစ်ရပ်မျိုး ၂၀၁၂ တုန်းကလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတုန်းက ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ရွှေတိဂုံဘုရားပေါ်မှာ ဟိမဝန္တာ လင်းတငှက်တွေ အုပ်လိုက် လာနားတဲ့ ထူးခြားတဲ့ ဖြစ်စဉ် တခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက လင်းတငှက်တွေဟာ ဆောင်းခိုငှက်တွေ ဖြစ်ပြီးတော့ သဘာဝအရ ရန်ကုန်ဖက်ကို ရောက်ရှိခဲ့တယ်လို့ ငှက်ပညာရှင်တွေ ပြောကြားခဲ့ပါတယ်။

ယခု အောက်ချင်းငှက် ဖြစ်စဉ်ကတော့ တမူထူးခြားတဲ့ ဖြစ်စဉ် ဖြစ်တာကြောင့် မြန်မာပြည်ကြီးမှာ ဘာတွေ ထူးခြားတာ ဖြစ်လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့် ရမှာပဲ ဖြစ်ပါတယ် ခင်ဗျာ။

အောက်ချင်းငှက်တွေရဲ့ ပုံအသစ်တွေ ထပ်ရလာလို့ တင်ပေးလိုက်ရပါတယ် ခင်ဗျာ။ photo – Ayehnin Soe

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page