မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်တွေကို ဝန်ထမ်းတွေ ကိုယ်တိုင် ၃ ဆ ဈေးတင်ပြီး မှောင်ခိုရောင်းနေ

မော်လမြိုင်-ရန်ကုန်သွားတဲ့ ရထားလက်မှတ်တွေကို စကစလက်အောက်ခံ မီးရထားရဲတွေနဲ့ မြန်မာ့ မီးရထားဝန်ထမ်းတွေက သတ်မှတ်နှုန်းထားထက် ၃ ဆဈေးတင်ပြီး မှောင်ခိုရောင်းချနေတာတွေ လုပ်ဆောင်နေတယ်လို့ ခရီးသွားပြည်သူတွေဆီကနေ သိရပါတယ်။

ရထားလက်မှတ်တွေဟာ မော်လမြိုင်-ရန်ကုန် အထူးတန်းလက်မှတ်တစ်စောင်ကို ၇၀၅၀ ကျပ် ဆိုပြီး တရားဝင်သတ်မှတ်ထားပေမယ့် မှောင်ခိုဈေးကွက်မှာတော့ ကျပ် ၂၀၀၀၀ အထိပေးဆောင်နေရသလို ရိုးရိုးတန်းလက်မှတ်ခကလည်း ကျပ် ၃၅၅၀ ကို ၇၅၀၀ ကျပ်ထိ ပေးဆောင်နေရတာပါ။

ခရီးသွားပြည်သူတွေဟာ ကားလမ်းခရီးနဲ့သွားပါက ညောင်ခါးရှည် X-ray စစ်ဆေးရေးဂိတ်မှာ ကြန့် ကြာမှုရှိတဲ့အတွက် ရထားနဲ့သွားလာမှုများလာပြီး လက်မှတ်ဝယ်ယူတဲ့နေရာမှာလည်း အလွယ်တကူ ဝယ်ယူလို့ မရတာကြောင့် ဈေးကြီးပေးဝယ်ယူနေရတယ်လို့ ခရီးသွားတစ်ဦးက ပြောပါတယ်။

ထို့အပြင် ရထားလက်မှတ်တန်းစီ ဝယ်ယူတဲ့နေရာမှာလည်း ရိုးရိုးတန်းလောက်သာ ဝယ်ယူလို့ရပေမယ့် အထူးတန်းတွေကိုတော့ ကုန်သွားပြီးဆိုကာ ဘူတာတွေက ရောင်းချပေးတာမရှိသလို အပြင်မှာတော့ စကစ လက်အောက်ခံဝန်ထမ်းတွေက မှောင်ခိုဈေးကွက်အနေနဲ့ ရောင်းဝယ်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ရထားလက်မှတ်တွေကို မီးရထားရဲတွေနဲ့ မီးရထားဝန်ထမ်းတွေက မှောင်ခိုရောင်းချတာတွေ ပြုလုပ်နေသလို ရထား လက်မှတ်တွေကို (၃)ရက် ကြိုတင် ရောင်းချပေးတယ်လို့ဆိုပေမယ့် လက်တွေ့မှာတော့ အလွယ်တကူ ဝယ်ယူလို့ မရတာကြောင့် အခက်ကြုံနေရတယ်လို့ ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စကစလက်အောက်ခံ ဝန်ထမ်းတွေဟာ ရထားလက်မှတ် မှောင်ခိုရောင်းချတဲ့ နေရာမှာ ရက်ကြိုလက်မှတ်တွေကို ဈေးနှုန်းတစ်မျိုးနဲ့ ရောင်းချတာတွေ ရှိသလို နေ့ချင်းသွားချင်တဲ့သူတွေကိုတော့ ကြိုက်ဈေးတောင်းကာ ရောင်းချတာတွေရှိတယ်လို့ သိရပါတယ်။

စကစ လက်အောက်ခံ မြန်မာ့မီးရထားဌာနကတော့ မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်တွေကို အထူးတန်းအနေနဲ့ (၃)ရက်ကြိုတင် ရောင်းချပေးနေသလို ရိုးရိုးတန်းကိုတော့ (၁)ရက် ကြိုတင်ကာ နေ့စဉ် နံနက်(၇)နာရီကနေ နေ့လယ် (၃)နာရီထိ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ပြန်လည်ပြေးဆွဲတာ ရက်ပိုင်းသာကြာသေးတဲ့ ရန်ကုန် – မော်လမြိုင် မီးရထားလမ်းပိုင်းက သိမ်ဆိပ်နဲ့ ဒုံးဝန်း ဘူတာကြားမှာ မနေ့ ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းတုန်းက -ိုင်းဆွဲတိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့တယ်လို့သိရပါတယ်။

ပျက်သွားတဲ့လမ်းပိုင်းကို ပြန်လည်ပြင်ဆင်နေရတာကြောင့် မနေ့ညပိုင်း အစုအဆန်ရထားရော၊ ယနေ့ အစုန်အဆန်ရထားခရီးစဉ်တွေရော ဖျက်သိမ်းထားရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page