ကျွဲသိုးကြီးရဲ့ သုတ်သွေး ရောင်းချရုံနဲ့ တလမှာ မြန်မာငွေ သိန်း ၈၀၀ ကျော်ရနေတဲ့ ထိုင်းလယ်သမား
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ကလာဆန် ပြည်နယ်မှာ နေထိုင်တဲ့ လယ်သမားတယောက်ကတော့ ကျွဲကောင်း ကျွဲလှတကောင်ရဲ့ သုတ်သွေးကို ရောင်းချပြီး တလကို ဘတ် ၁ သန်းခန့် ရရှိနေတာ ဖြစ်ပါတယ်။ ကွိုက်ယ်လို့ ထိုင်းလိုခေါ်တဲ့ နိုင်ငံတစ်ဝန်းက ရေကျွဲ မွေးမြူသူတွေဟာ ဘတ်သန်း ၃၀လောက်တန်ဖိုးရှိတဲ့ စံပြ ထိုင်းရေကျွဲ ကြီး Big Billion ရဲ့ သုတ်သွေး ကို သားဖောက်ဖို့ ကြေးကြီးကြီးပေးပြီး ဝယ်ယူနေကြတာ ဖြစ်ပါတယ်။
ကျွဲမွေးမြူသူတွေက Big Billion လို ဘတ်သန်းနဲ့ချီတန်တဲ့ ကျွဲတွေ မွေးလာအောင် သူ့ရဲ့ မျိုးစေ့ကို တိရစ္ဆာန်မျိုးပွားမှု ဆိုင်ရာ ဆေးပညာသုံးပြီး ကျွဲမတွေကို သားဖောက်နေကြတာ ဖြစ်ပါတယ်။ Big Billionကြောင့် ငွေကြေး အများအပြားရရှိနေပေမယ့်လည်း သူဟာ လယ်ထဲမှာလည်း အလုပ်လုပ်တဲ့ ခိုင်းကျွဲတစ်ကောင် ဖြစ်တယ်လို့ ပိုင်ရှင် မွန်ကိုးလ် မွန်ဖတ်က ပြောကြားပါတယ်။
ကျွဲကြီး Big Billion ဟာ ထွန်စက် မလိုရလောက်အောင် လယ်ထွန်ပေးနိုင်ပြီး သူ့ရဲ့ မစင်ကို မြေသြဇာအဖြစ် အသုံးချလို့ရတာကြောင့် အများကြီး အသုံးဝင်တဲ့ ကျွဲတစ်ကောင် ဖြစ်တယ်လို့ မွန်ဖတ်က ပြောကြားပါတယ်။ ထိုင်းမှာ ကျွဲအလှပြိုင်ပွဲတွေ အတွက် ကျွဲမွေးသူတွေလည်းရှိပြီး ဆုရတဲ့ ကျွဲတွေကို လေလံတင်ရောင်းရင် ဘတ် သန်းနဲ့ ချီရရှိတတ်ပါတယ်။
မွန်ဖတ်တို့ မိသားစုဟာ ကျွဲတွေ သားဖောက်ပြီး ရောင်းလို့ရတဲ့ ငွေနဲ့ သားသမီးတွေရဲ့ ပညာရေး ကုန်ကျစရိတ် အတွက် သုံးစွဲနေတာ ဖြစ်ပါတယ်။ အဆိုပါကျွဲတွေဟာ နွားတွေထက် ရောဂါဒဏ်ပိုခံနိုင်သလို မွေးမြူရလွယ်ပြီး ပိုအားကောင်းသလို အကျင့်လည်း ကောင်းတာကြောင့် မွန်ဖတ်တို့ မိသားစုဟာ ကျွဲတွေကိုပဲ မျိုးရိုးစဉ်ဆက် မွေးမြူလာခဲ့သူတွေ ဖြစ်ပါတယ်။
မွန်ဖတ်ရဲ့ ခြံမှာ ကျွဲကောင်းကျွဲလှကောင်ရေ ၂၀ကျော်ရှိပေမယ့် ကျွဲကြီး Big Billion ကတော့ အားလုံးထဲမှာ သူရဲကောင်းပဲလို့ ဆိုပါတယ်။ ယခုလိုပဲ အနောက်နိုင်ငံတွေမှာလည်း တန်ဖိုးကြီး မြင်းတွေရဲ့ သုတ်ပိုးတွေကို ဈေးကြီး ပေးဝယ်ပြီး မျိုးစပ်မှုများ ပြုလုပ်နေကြပါတယ်။