ရန်ကုန်မြို့လယ် ကမ္ဘောဇဘဏ် ဒါးပြအတိုက်ခံရ၊ ပြည်သူတွေ ဝိုင်းဖမ်း (ဒါးပြကတော့ ရဲမှ ရဲပဲ)
ယနေ့ နေ့လည်ပိုင်းအချိန်က ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်းအတွင်းရှိ ကမ္ဘောဇဘဏ် ဒါးပြတိုက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူများရဲ့ ကနဦးပြောဆိုချက်တွေအရ သိရပါတယ်။
အဆိုပါဖြစ်စဉ်မှာ ယနေ့ ဇန်နဝါရီလ ၁၇ရက်နေ့ နေ့လည် ၁၂နာရီဝန်းကျင်အချိန်က ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
“နေ့လည် ၁၂ နာရီဝန်းကျင်လောက်က ဆိပ်ကမ်းသာလမ်းထောင့်က ကမ္ဘောဇဘဏ် ဒါးပြတိုက်ခံရတာ။ ဒါးပြတိုက်တဲ့သူက ထွက်ပြေးတော့ အနီးဝန်းကျင်က ပြည်သူတွေက ဝိုင်းဖမ်းပေးခဲ့ကြတယ်”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုပါတယ်။
ဒါးပြတိုက်မှုကျူးလွန်သူသည် ဘဏ်အတွင်း ေ-နတ်အတုနဲ့ ဒါးမြှောင်ပြကာ ကောင်တာပေါ်မှ ငွေကျပ် သိန်း ၁၉၀ ယူဆောင်ထွက်ခွာစဉ် အနီးဝန်းကျင်ရှိ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ဘဏ်ဒါးပြတိုက်မှု အများအပြား ဖြစ်ပေါ်ခဲ့ပြီး ယခုဖြစ်စဉ်ကတော့ ကျူးလွန်သူကို လက်ရဖမ်းမိတဲ့ ပထမဆုံး ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ အနီးဝန်းကျင်က မျက်မြင်သက်သေ တချို့ကတော့ ယခုလို လူစည်ကားတဲ့ ရန်ကုန်မြို့လယ်မှာ ဒီလို လုပ်ရဲတာဟာ အတင့်ရဲလွန်းကြောင်း၊ ဒါးပြတွေကတော့ ရဲမှ ရဲပဲ” လို့ မှတ်ချက်ချသွားကြောင်း သိရပါတယ်။