ရွှေတိဂုံရင်ပြင်ပေါ်က ကျိုးကျသွားတဲ့ ထန်းပင်နေရာမှာ စကစက ယတြာနဲ့ အသစ်တပင်စိုက်ပျိုး

ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်က ကျိုးကျသွားတဲ့ ထန်းပင် နေရာမှာ ထန်းပင် အသစ် တစ်ပင် အစားထိုးစိုက်ပျိုးလိုက်ပြီလို့ မြို့တော်စည်ပင်က ထုတ်ပြန်လိုက်ပါတယ်။

ရွှေတိဂုံစေတီတော်၏ ရင်ပြင်တော် မြောက်ဘက်စောင်းတန်းထိပ်၊ခြေတော်ရာတန်ဆောင်းရှေ့မှ ကျိုးကျသွားတဲ့ ထန်းပင်နေရာမှာ ထန်းပင်အသစ်အစားထိုးစိုက်ပျိုးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှလုပ်သားများက ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန်က

အနောက်တောင်ထောင့် (စနေထောင့်) အောက်ပစ္စယံပတ်လမ်း၊ မိုးညှင်းစံကျောင်းတိုက်ရှေ့ရှိ ထန်းပင်အသစ်တစ်ပင်အား ရွှေတိဂုံ စေတီတော် ဝတ္တကအသင်းနှင့်ပူးပေါင်းတူးယူခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်တွင်ပြီးစီး၍ ယင်းထန်းပင်အား မိုးညှင်းစံကျောင်းတိုက်ရှေ့မှ ရင်ပြင်တော်ပေါ်သို့ မြောက်ဘက်စောင်းတန်း အရံလှေကားမှ ဝိုင်းဝန်းတင်ဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်။

အဆိုပါ ထန်းပင်အား ရင်ပြင်တော်ပေါ်သို့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ် အချိန် ရောက်ရှိခဲ့ပြီး အဆိုပါ ထန်းပင်အသစ်အား ကျိုးကျသွားခဲ့တဲ့ ထန်းပင်နေရာ၌ လတ်တလောတွင် ယာယီထောင်မတ်ခဲ့ပြီး ယနေ့ မွန်းတည့် ၁၂ နာရီအချိန်စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။

မူလထန်းပင်ဟာ နှစ်ပေါင်း ရာနဲ့ချီ တည်ရှိခဲ့တဲ့ ထန်းပင်ဖြစ်ပြီး ရွှေတိဂုံစေတီတော်ကို ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတိုင်းလိုလိုမှာ ပါရှိခဲ့တာကြောင့် အမှတ်အသားတခုအနေနဲ့ ဖြစ်နေပါတယ်။

၂၀၂၂ ခုနှစ် မေလ နောက်ဆုံးအပတ်မှာ အဆိုပါ ထန်းပင်ကြီးဟာ လေမတိုက် မိုးမရွာဘဲ ရုတ်တရက် ကျိုးကျမှု ဖြစ်ပွားခဲ့တာကြောင့် အတိတ်နိမိတ် ဖြစ်နိုင်တယ်လို့ လူတွေကြားမှာ ပြောကြားနေကြပါတယ်။ မြင့်မားတဲ့ အပင် ရုတ်တရက် ကျိုးကျတာဟာ အာဏာသိမ်းယူထားတဲ့ အဖွဲ့အစည်းအနေနဲ့ အပင် ထက်ပိုင်းကျိုးသလို ပြုတ်ကျ ကျိုးကျ နိုင်တဲ့ နိမိတ်ဖြစ်နိုင်တယ်လို့လည်း ဗေဒင်ပညာရှင်တဦးက မှတ်ချက် ပြုပါတယ်။

အဲဒါကြောင့် ကျိုးကျနေတဲ့ ထန်းပင်ကြီးကို အမြန်ခုတ်ပစ်ပြီး အသစ်တပင်ကို နေ့သင့်နံသင့်တဲ့ အချိန်မှာ အလျင်အမြန် စိုက်ပျိုးခဲ့တာကြောင့် စကစရဲ့ နောက်ကွယ်က ယတြာတခု ဖြစ်နိုင်တယ်လို့လည်း ယူဆနေကြပါတယ်။ ထန်းပင် ကျိုးကျတဲ့ အတိတ်နိမိတ်က တကယ်မှန်လာတော့မှာလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page