ဒေါင်းတောက်တယ်ဆိုတဲ့ စကားနဲ့ လူပျိုကြီးတော့ ဇွတ်၊ အပျိုကြီးတော့ ရွှတ်ဆိုတဲ့ စကားအဓိပ္ပာယ်များ
ဒေါင်းတောက်ဆိုတဲ့စကားအဓိပ္ပါယ် (ဆရာကြီး ဦးအောင်သင်း ဖြေဆိုသည်။)
မေး။ ။ ဆရာ ဒေါင်းတောက်အောင် ရှာရတယ်ဆိုတာ လူတွေပြောတာကို မကြာခဏကြားဖူးတယ်။ ဒေါင်းတောက်အောင် ဆိုတာဘာလဲမေးကြည့်တော့လဲ ဘယ်သူမှ ရေရေရာရာ မပြောနိုင်ကြဘူး။ ဒေါင်းတောက် အောင်ဆိုတာကို ဘာကြောင့် ပြောကြတာလဲ။ ဘာအဓိပ္ပာယ်လဲဆရာ…
ဖြေ ။ ။ အေးမင်းတို့လိုပဲ ငါလဲ အူလည်လည် ဖြစ်ခဲ့ဖူးတယ်။ သို့သော်လဲ ငါကကံအားလျော်စွာ ရင်းမြစ်အဖြေကို သိလာရတယ် ငါကစာပေဟောပြောပွဲတွေသွားရင်းတောခေါင်ခေါင် ကျေးရွာလေးတစ်ခုကို ရောက်သွားခဲ့ပါတယ်။
ငါမှတ်မိသလောက်တော့ဖြင့် တောင်တွင်းကြီး နဲ့ နေပြည်တော် ပျဉ်းမနားကြား မီးရထားဘူတာလေးရှိတဲ့ မင်းပြင်ဆိုတဲ့ ရွာကလေး ထင်မိတာပဲ။ တောအုပ် မြိုင်အုပ်အလွန်ကြီးတဲ့ နေရာတွေပေါ့။ အဲဒီမှာက ညနေပိုင်းဆိုရင် နေစောင်းတာနဲ့မှောင်ရီပျိုးလာတာပဲ။
အဲ့လို မှောင်ရီပျိုးစအချိန် ညစာအတွက်ထမင်းပွဲပြင်နေကြတုန်းမှာ တောထဲက ဒုတ်ဒုတ်နဲ့ သစ်ခုတ်သံ ကြားရတာကိုး ဒါနဲ့ပဲ ငါကနားစွင့်နေလိုက်ရင်း ”ဒီအချိန်မှာတောင် သစ်ခုတ်တဲ့လူရှိသေးသလား”လို့ မေးလိုက်တော့ အိမ်ရှင်ကပြုံးပြီး ”သစ်ခုတ်တာမဟုတ်ဘူး ဒေါင်းတောက်နေတာပါ”တဲ့။
ငါလဲ အံ့အားသင့်ပြီး ”ဒေါင်းက သစ်ပင်ကိုနှုတ်သီးနဲ့ ပေါက်နေတာလား”လို့ မေးတော့ ”မဟုတ်ဘူး ဆရာ။ အဲဒီအတိုင်း ဒေါက်ဒေါက်နဲ့ မြည်နိုင်ပါတယ်။ ဒီလိုပါပဲ နေဝင်ချိန်အိပ်တန်းတက်တော့မှာမို့ သားသမီးတွေကို လိုက်ရှာအသံပေးပြီး စုခေါ်တာပေါ့ဆရာရယ်”တဲ့။
ငါ့စိတ်ထဲမှာ လုံးဝ မထင်မှတ်တာမို့ အံ့အားတောင်သင့်သွားမိတယ်။ အသံက ဒေါက်ဒေါက်နဲ့ မာလွန်းလို့ ဒေါင်းတွန်တာနဲ့ ဆက်စပ်လို့ကို မရနိုင်လောက်အောင်ပါပဲ။
ဒေါင်းမိခင်၊ ဖခင်က သားသမီးတွေကိုအိပ်တန်းတက်ချိန်မှာ ရှာကြ၊ ဖွေကြတာကိုးကွယ့် အဲဒါကိုဥပမာပေးပြီး ပြောတာမို့ ဒေါင်းတောက်သလို ရှာတယ်လို့ ပြောခဲ့ကြတာ။ စဉ်းစားကြည့်တော့ ဒေါင်းတောက်သလိုလို့ သုံးခဲ့ကြတာဖြစ်မှာပေါ့။
ခုတော့ ဒေါင်းတောက်အောင်လို့ ပြောနေ ကြတယ်။ ငါလဲ ဒီလိုပဲ ပြောမိခဲ့တာပါပဲ။ တကယ်ဆိုတော့ရင်းမြစ်ကို မသိကြလို့ ဒီလို ပြောနေကြတာပါ။ ကဲ-ဒေါင်းတောက်တာကို နားလည်ရော့ပေါ့။ ဒေါင်းတွန်တာကိုကော သိရဲ့လား။ ဘယ်လိုတွန်သလဲ…
”အိုးဝေလို့ တွန်တာပေါ့ ဆရာ” ”မင်းကြားဖူးသလား” ”မကြားဖူးဘူးဆရာ”
”အေး-ဟုတ်လိမ့်မယ် ဘယ်ကြားဖူးမလဲ တောကြီးမြိုင်ကြီးထဲ မှာ ဆိုရင်တော့ တောလုံးဟိန်းသွားအောင် မြည်တာပေါ့. ဒါပေမယ့် အသက်ကြီးလာတော့ အိုးဝေလို့ မမြည်နိုင်တော့ဘူး။ အိုးဝေထိအောင် မရောက်တော့ဘဲ အွတ်လို့ပဲမြည်နိုင်သတဲ့။ ဒါကြောင့် ဒေါင်းကြီး တော့အွတ်၊ ကြောင်ကြီးတော့ ညွတ်လို့ပြောကြတယ်…
”ကြောင်ကြီးတော့ ညွတ်ဆိုတာက” ”ကြောင်ဆိုတာ ညောင်လို့ မြည်တတ်ကြတာ မဟုတ်လား။ ဒါပေမယ့် အသက်ကြီးလာတော့ ညောင်လို့ မြည်ပေမယ့် ညောင့်ညွတ်လို့ပဲ အသံထွက်နိုင်တော့တယ်။ ဒါကြောင့် ဒေါင်းကြီးတော့အွတ်၊ ကြောင်ကြီးတော့ညွတ် လူပျိုကြီးတော့ ဇွတ်တဲ့။မင်းတို့လို ကောင်မျိုး တွေပေါ့ကွာ”
”ဟာ- ဆရာကလဲ ထားပါ တော့။ အပျိုကြီးတော့ကော” ”အပျိုကြီးတော့ ရွှတ်တဲ့” ”ဟာ-ဆရာကတော့ ပြောပြီ။ ရွှတ်ဆိုတာ ဘာလဲဆရာရဲ့”
”ရွှတ်တီး ရွှတ်တောက် ပေါက်တတ်ကရ ရယ်စရာတွေ လုပ်တတ်တာကို ပြောတာကွယ့်။ ဒီကောင် လေးနော် မျက်စိနောက်လာပြီ။ ငါတော့နင့်ကို ဖက်နမ်းမိတော့မှာပဲ ဆိုတာမျိုး လူကြား သူကြားထဲမှာ ပြောချင်ပြောပစ်တာ။ ကောင်လေး ပေါက်စတွေကအပျိုတွေ ဝိုင်းရယ်တော့ ရှက်ကြတာပေါ့”
”ဆရာကတော့ ပေါက်တတ် ကရတွေ စုံနေအောင်ပြောတာပဲ” ”အေးလေကွာ၊ ငါက ထွင်တာမဟုတ်ပါဘူး။ လူကြီးတွေ ပြောတာကို မှတ်ထားရတာပါ။ မင်းလဲ မှတ်သွားပေါ့ကွာ”
”မှတ်မိပါတယ်ဆရာ ဒေါင်းကြီးတော့အွတ်၊ ကြောင်ကြီးတော့ ညွတ်၊ လူပျိုကြီးတော့ ဇွတ်၊ အပျို ကြီးတော့ ရွှတ်”
”ဟကောင်ရ ဒေါင်းတောက်တော့ကော” ”မှတ်မိပါတယ် ဆရာရဲ့”
ဆရာအောင်သင်း