ပြည်ပကို ရောင်းစားခံလိုက်ရတဲ့ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ မြန်မာ့ပယင်းကျောက်ဖြစ်ရုပ်ကြွင်းများ
(၁) တောက်တဲ့ရုပ်ကြွင်း
နှစ်ပေါင်း ၉၉ သန်း သက်တမ်းရှိတဲ့ ပယင်းကျောက်ထဲက တောက်တဲ့ မျိုးနွယ်တကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာနိုင်ငံမှာ ရှာတွေ့ခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်အခြေစိုက် သိပ္ပံပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။
ဒါဟာ အဲဒီအမျိုးအစားထဲမှာ သက်တမ်းအရင့်ဆုံး ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ပြီး တွားသွားသတ္တဝါတွေနဲ့ ပတ်သက်ပြီး ပျောက်ဆုံးနေတဲ့ ကွင်းဆက်ကိုလည်း တွေ့ခဲ့ပြီလို့ သုတေသီတွေက ပြောဆိုပါတယ်။ နှစ်ပေါင်း ၇၅ သန်း သက်တမ်းရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ဒီမတိုင်ခင်တုန်းက နောက်ဆုံး ရှာတွေ့ထားတာလို့ ဖလော်ရီဒါ သဘာဝ သမိုင်းပြတိုက် သိပ္ပံပညာရှင်တွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်းတုန်းက ဒီကျောက်ဖြစ်ရုပ်ကြွင်းကို တခြားရှေးဟောင်းတွားသွားသတ္တဝါ ရုပ်ကြွင်းတွေနဲ့အတူ မိုင်းလုပ်ငန်းခွင်တခုအတွင်းကနေ ရှာတွေ့ခဲ့တာပါ။ ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေဟာ အခုချိန်ကျမှာသာ အသေအချာ ဆုံးဖြတ်ချက် ချနိုင်ပါတယ်။ အခုတွေ့ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဟာ မွေးကင်းစ အရွယ်ဖြစ်ပြီး ပယင်းကျောင်အတွင်းမှာ ပိတ်မိနေခဲ့တယ်လို့လည်း သုတေသီတွေက ပြောပါတယ်။ ဒီကျောက်ဖြစ်ရုပ်ကြွင်းမှာ မျက်လုံးတစုံ အပါအဝင် အရောင်စုံ ပါဝင်ပြီး ပုံမှန်ထက် ထူးကဲကာ ဖြစ်တည်နေတယ်လို့ သိပ္ပံပညာရှင် Edward Stanley က ပြောပါတယ်။ ပယင်းကျောက်ကို မခွဲဘဲ အဆင့်မြင့် Xray နည်းပညာတွေ သုံးပြီး လေ့လာစူးစမ်းခဲ့တာ ဖြစ်ပါတယ်။
(၂) မြွေပေါက်စရုပ်ကြွင်းပါတဲ့ ပယင်းကျောက်
မြန်မာပြည် က ပယင်းကျောက်တခုထဲမှာ မွေးကင်းစ မြွေ လေးတကောင် လွန်ခဲ့တဲ့နှစ် သန်း ၁၀၀ နီးပါး ကတည်းက ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် တည်ရှိနေတဲ့ အဖြစ်ကို ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။
မြန်မာ့ ပယင်းတွေ ထဲမှာ အဲလို နှစ်ပေါင်း သန်းချီတဲ့ ကာလ က ရုပ်ကြွင်း တွေ အရင် ကလည်း တွေ့ဖူးခဲ့တာ ဖြစ်ပါတယ်။ ဒီတခါ ပညာရှင်တွေက ပယင်းထဲမှာ မွေးလာကစ မြွေပေါက်စလေး တကောင်ရဲ့ရုပ်ကြွင်း အထဲမှာ ပါလာတွေ ကို တွေ့ရတာ ဖြစ်ပါတယ်။
ဒီမြွေပေါက်စလေးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၉ သန်း တုန်း ကတည်း က ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် တည်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီမြွေလေး က မြန်မာပြည်မြောက်ပိုင်းမှာ နေခဲ့ပြီး ဒိုင်နိုဆောတွေ ရှိနေခဲ့တဲ့ ကာလ က မြွေလေး တကောင် ဖြစ်ပါတယ်။ ပညာရှင် တွေအခေါ်အရတော့ Cretaceous period ခရက် တက်စီးယပ်စ ကာ လ မှာ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
သစ်ပင် ကနေ စီးကျလာတဲ့ သစ်စေး ရည်တွေ ထဲမှာ နစ်မြုပ်သွားတဲ့ ဒီမြွေပေါက်စလေး ဟာ အခု အချိန်မှာ ပြန်တွေ့ ရတော့ ပယင်း ကျောက်ထဲက ရုပ်ကြွင်းတခု အဖြစ်နဲ့ ရှိနေတာ ဖြစ်ပါတယ်
ကနေဒါနိုင်ငံ အယ်ဘာတာ တက္ကသိုလ် က ပါမောက္ခ မိုက်ကယ် ကယ်လ်ဝဲလ် က မြွေသားပေါက်လေး တကောင်ကို ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်တွေ့ရတာ သူတို့တွေ့ဖူးတဲ့ အထဲ ဒါပထမဆုံးလို့ ပြောပြီး မယုံနိုင်စရာ ရှားပါးလှတဲ့ ရုပ်ကြွင်းတခု ပါလို့ မှတ်ချက်ချ ပါတယ်။
မြန်မာပြည်မြောက်ပိုင်း သစ်တောတွေအတွင်းကနေ ရခဲ့တဲ့ ပယင်းကျောက်တွေ ထဲမှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း တရာ လောက် က ကျောက်ဖြစ်ရုပ်ကြွင်းတွေ ပါလာတာ ဒါဟာ ပထမဆုံး တွေ့ရှိရတာ မဟုတ်ပါဘူး။
အရင် ၂၀၁၆ တုန်း ကလည်း ဒိုင်နိုဆော အမြီး ကျောက်ဖြစ်ရုပ်ကြွင်း ပါဝင်တဲ့ ပယင်း ကို မြစ်ကြီးနား မြို့ထဲ မှာရှိတဲ့ ဈေးတဈေး ကနေ တရုတ် ရှေးဟောင်း သုတေ သန ပညာရှင်တယောက် က ဝယ်သွားဖူးပါတယ်။
ဘေဂျင်းမှာ ရှိတဲ့ ဘူမိသိပ္ပံ တက္ကသိုလ် က ဒေါက်တာ လင်ဒါရှင်း က အဲဒီ ရုပ်ကြွင်း ကို ရခဲ့တာ ဖြစ်ပြီး ပယင်းကျောက်ထဲမှာ ရှိတဲ့ ဒိုင်နိုဆော အမြီးမွေး အရွယ် က စာကလေး တကောင် ရဲ့ အရွယ် အစားလောက် ကြီးပါတယ်။
အဲဒီ တရုတ်ပညာရှင် ဟာ အဲဒီ ပယင်းကျောက်တူးဖော်သူ နောက် လိုက်ရှာရှင်း အဲဒီ ပယင်း ကို ဘယ်နေရာ က တူးခဲ့တယ် ဆိုတဲ့ နေရာ ကို ရှာဖွေနိုင်ခဲ့ ပါတယ်။
မြန်မာပြည် က ဟူးကောင်း ချိုင့်ဝှမ်းမှာ ပယင်းကျောက်တွေ ကို တူးဖော် ရနိုင်ပြီး အဲဒီ ဒိုင်နိုဆော အမြီး ရုပ်ကြွင်း ကို တွေ့ရှိတဲ့ ဧရိယာ အတွင်းမှာပဲ ရှေးဟောင်းငှက် ရဲ့အတောင်ပံ က ရုပ်ကြွင်းအဖြစ် ပါဝင်နေတဲ့ ပယင်းကျောက် တခုကို အရင်တုံး က တွေ့ရှိဖူးခဲ့တာ ဖြစ်ပါတယ်။
(၃) ဒိုင်နိုဆော အမြီးကို ကချင် ပယင်းကျောက်ထဲတွေ့ရှိ
မြစ်ကြီးနား ဈေးထဲ အဲဒီ့ ပယင်းကျောက်ကို တွေ့ခဲ့ရတာပါ။ အမွှေးအတောင်ပါတဲ့ ဒိုင်နိုဆော တစ်ကောင်ရဲ့ အမြီးကို ကျောက်ဖြစ် ရုပ်ကြွင်း အနေနဲ့ မြန်မာနိုင်ငံက ထွက်တဲ့ ပယင်းကျောက်ထဲ ပုံစံမပျက် ရှိနေတာ တွေ့ထားရပါတယ်။
ဒါမျိုးနောက်ထပ် အလားတူ တွေ့ရှိဖို့ မဖြစ်နိုင်သလောက် အင်မတန် ကြုံတောင့်ကြုံခဲ တွေ့ရှိ ခဲ့ရတာပါ။ ဒီတွေ့ရှိမှုကြောင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၆ဝ ကျော် အရင်ကတည်းက မျိုးတုန်း ပျောက်ကွယ်ခဲ့တဲ့ ဒိုင်နိုဆော တွေနဲ့ ပတ်သက်ပြီး ပိုပြီး အသေးစိတ် အချက်အလက် တွေ ပိုပြီး နားလည် နိုင်လာ စေပါတယ်။
ပယင်းကျာက်ထဲ တွေ့ရတဲ့ ဒိုင်နိုဆော အမြီးဟာ ထိပ်ပိုင်း မှာ သစ်အယ်သီး အညိုရောင် ဖြစ်ပြီး၊ အောက်ဘက်မှာတော့ အဖြူရောင် ဖြစ်ပါတယ်။
ပယင်းကျောက်ထဲ ဒိုင်နိုဆော အစိတ်အပိုင်း တစ်ခု တွေ့ရတာ ပထမဆုံး အကြိမ် ပဲ ဆိုပြီး လေ့လာမှု ပူးတွဲ လုပ်ခဲ့တဲ့ ကနေဒါ နိုင်ငံ တော်ဝင် ဆာစကက်ချ်တာဝင် ပြတိုက်က ရန်ယန် မက်ကယ်လာ က ပြောပါတယ်။
လေ့လာမှု ကို မူလ လုပ်သူကတော့ ဘေဂျင်း မြို့တော် ဘူမိသိပ္ပံ တက္ကသိုလ်က လီဒါ ရှင်း ဖြစ်ပါတယ်။ လီဒါရှင်း ကိုယ်တိုင် မြစ်ကြီးနား ဈေးထဲ အဲဒီ့ ပယင်းကျောက်ကို တွေ့ခဲ့တာ ဖြစ်ပါတယ်။
ပယင်းကျောက် သက်တမ်းဟာ နှစ် ၉၉ သန်းလောက် ရင့်နေပြီး၊ ကျောက်မျက် ရောင်းသူတွေက ပယင်းကျောက်ထဲ ပါနေတဲ့ အပင်တစ်ခုခုရဲ့ အစိတ်အပိုင်းလို့ ထင်နေ ခဲ့ကြပေမယ့်၊ သိပ္ပံနည်းကျ စစ်ဆေး ကြည့်တဲ့ အခါမှာတော့ အဲဒီ အစိတ်အပိုင်းဟာ ဒိုင်နိုဆော အမြီး ဖြစ်နေမှန်း သိလာ ရခဲ့ပါတယ်။
အဲဒီ အမြီးရဲ့ မူလ အကောင်ဟာ ဒိုင်နိုဆော အကောင် ပေါက်စ၊ အရွယ် အစား အားဖြင့် အခုခေတ် စာကလေး အရွယ်လောက် ရှိနိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။
လေ့လာမှုထဲ ပါဝင် တဲ့ နောက်ထပ် တစ်ယောက် ဖြစ်တဲ့ ဘရစ်တို တက္ကသိုလ်က ပါမောက္ခ မိုက် ဘဲန်တန်က – “ဒိုင်နိုဆော တစ်ကောင်ရဲ့ အရိုး၊ အသား၊ အရေပြား၊ အမွှေးအတောင် အားလုံး အသေးစိတ် တွေ့ရတာ အံ့မခန်းပဲ” လို့ ဆိုပါတယ်။
ဒိုင်နိုဆော ပေါက်စ လေးဟာ အသက် ရှင်စဉ်မှာကို သူ့ရဲ့ အမြီး သစ်ပင်က ထွက်တဲ့ သစ်စေးမှာ ကပ်ညိပြီး၊ နောက်ပိုင်း မရုန်း နိုင်ပဲ သေဆုံး သွား တာ ဖြစ်နိုင်တယ်လို့ ယူဆ ထားကြပြီး၊ အမြီး နစ်ဝင်နေတဲ့ သစ်စေးက နှစ်များစွာ ကြာတဲ့ အခါ ပယင်းကျောက် အနေနဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်လာတာပါ။
ကချင်ပြည်နယ် ထွက် ပယင်းကျောက် တွေထဲ ပိုးမွှား အကောင် ကျောက်ဖြစ် ရုပ်ကြွင်း တွေ အတွေ့များ လာတဲ့ အတွက် ၊ အခု နောက်ပိုင်း အနှစ် ၂ဝ အတွင်း နိုင်ငံတကာ သိပ္ပံပညာရှင် တွေက ကချင် ပယင်းကျောက် တွေကို အာရုံစိုက် အလေးထား နေကြပါတယ်။
(၄) မြန်မာနိုင်ငံမှ နှစ်သန်းပေါင်း ၁၀၀ ခန့်ရှိတဲ့ ပယင်းကျောက်ထဲက ငှက်ကျောက်ဖြစ်ရုပ်ကြွင်း
နှစ်သန်းပေါင်း တစ်ရာခန့်သက်တမ်းရှိတဲ့ ပယင်းကျောက်ထဲက ငှက်ကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်းရှိ မိုင်းတွင်းတစ်တွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ တရုတ်ပြတိုက်တစ်ခုသို့ ရောက်ရှိခဲ့ပါတယ်။
အခုဆိုရင် သိပ္ပံပညာရှင်များဟာ သဘာဝတရားအတိုင်း ဖြစ်ပေါ်နေတဲ့ ငှက်ကျောက်ဖြစ်ရုပ်ကြွင်းကို ယနေ့ခေတ်ငှက်များနဲ့ ဘာကွာခြားမှုရှိနေလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။ ဒီလေ့လာမှုကို National Geographic မှ ငွေကြေးထောက်ပံ့မှု ပြုလုပ်ခဲ့ပြီး လတ်တလောပိုင်းမှာပဲ Gondwana Research ဂျာနယ်မှာ လေ့လာချက်ကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
ပညာရှင်များရဲ့ လေ့လာချက်အရ ကျောက်ဖြစ်ရုပ်ကြွင်းထဲက ငှက်ပေါက်လေးဟာ ဒိုင်နိုဆောများနဲ့ ခေတ်ပြိုင်တည်ရှိခဲ့တဲ့ enantiornithine ငှက်မျိုးဖြစ်ပြီး ပယင်းကျောက်ထဲမှာ ငှက်ရဲ့ ခေါင်း၊ တောင်ပံ၊ အမွှေးများနဲ့ ခြေထောက်များကို ပါရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါသေးတယ်။ ယနေ့ခေတ်ငှက်များနဲ့ မတူညီတာကတော့ ဒီငှက်မှာ သွားများပါဝင်ပြီး အတောင်ပံတွေဟာ ချွန်ထက်နေတဲ့အပြင် နှုတ်သီးပါဝင်ခြင်း မရှိပါဘူး။ ဒီငှက်မျိုးဟာ လွန်ခဲ့တဲ့ နှစ် ၆၆သန်းခန့်က ဒိုင်နိုဆောများနဲ့အတူ မျိုးသုဉ်းသွားခဲ့တာဖြစ်ပါတယ်။
“မြန်မာ့ပယင်းကျောက်ဟာ ကြီးမားခြင်း၊ ကြည်လင်ခြင်း၊ အကြမ်းခံခြင်းတို့ကြောင့် ယခုတွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဟာ ထူးခြားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၇၉ သန်းခန့် က ကျောက်ဖြစ်ရုပ်ကြွင်း အပင်များ၊ ကျောက်ဖြစ်ရုပ်ကြွင်း အင်းဆက်များ စတဲ့အရာတွေ ပေါများတဲ့အတွက် ကျောရိုးရှိသတ္တဝါများကို လေ့လာလိုသူများအတွက် တန်ဖိုးကြီးတဲ့ နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။” လို့ လေ့လာသူခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။
ငှက်ရဲ့ တောင်ပံ အမွှေးအတောင်များအရ ဒီငှက်ပေါက်လေးဟာ ရက်ပိုင်းသာရှိသေးပြီး သစ်ရည်တွေကြားထဲမှာ ညှပ်သွားပြီး ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်လာတာ လို့ပညာရှင်များက ဆိုပါတယ်။
ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များဟာ တရုတ်၊ မွန်ဂိုလီးယား၊ စပိန်၊ အာဂျင်တီးနား၊ ဘရာလ်ဇီးလ် စတဲ့နိုင်ငံတွေမှာလည်း ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရှိခဲ့ပေမဲ့ ယခု ကျောက်ဖြစ်ရုပ်ကြွင်းလောက် အရည်အသွေးကောင်းမွန်ခြင်း မရှိဘူးလို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များကတော့ အရည်အသွေးကောင်းတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပါ ပယင်းကျောက်များကို မြန်မာနိုင်ငံမှာ ထပ်မံတွေ့ရှိဖို့ မျှော်လင့်နေကြပါတယ်။ (BY OPB)
ဝမ်းသာစရာက အားလုံးမြန်မာပြည်မှာမရှိတော့ပါဘူး ရောင်းစားပလိုက်ကြပါပြီ။ ကိုယ်တွေဓနအင်အားယိုယွင်းပြီး ဗဟုသုနည်းပါးလို့ ဒီလိုမဟာဆုံးရှုံးမှုကြီးတွေဖြစ်ရတာပါ။ အနာဂတ်မှာ မြန်မာပြည်ကြီးငြိမ်းချမ်းသာယာဝပြောပြီးဓနအင်အားဉာဏအင်အားတောင့်တောင်းပါစေလို့ပဲ ဩကာသပထာနာခြွေရတော့မှာပဲ။