ရဟန်း ရိုက်လိုက်ရသော ဓာတ်ပုံ တပုံ (သာသနာက ဒီလိုတွေတောင် ရုပ်ပျက်နေကြပြီလား)

ဆွမ်းဆန်ထဲကြွက်ချေးပါစမြဲ တဲ့၊ ထိုကြွက်ချေးတွေများလာရင် ဆွမ်းဆန်ကောင်းတွေလည်း ကြွက်ချေး နံ့ နံနေတော့မပေါ့။ ပျက်တော့မပေါ့။ ဆွမ်းဆန် လို့သာ အမည်ရှိတာ မည်သူတဦးတယောက်မှ စားဖို့နေနေသာသာ ထိ ချင်မယ်တောင်မထင်ပါ။

ဒါ့ကြောင့် ကြွက်ချေး မရှိဖို့ ကြွက်မရှိအောင်၊ ကြွက်မလာနိုင်အောင် နည်းလမ်းကို ကြိုးစား စဉ်းစား ကာကွယ်ကြရတယ်။ ကြွက်ချေး ထပ် မပါအောင် ကျန်ဆွမ်းဆန်သစ်တွေ မပျက်အောင် အထားအသိုကအစ ဂရုစိုက် ဖုံးအုပ် ထိန်းသိမ်း စောင့်ရှောက်ကြရတယ်။

ထို့အတူ သာသနာတော်ကြီးထဲလဲ ကြွက်ချေး တွေများမလာဖို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲ၊ ဆွမ်းဆန်သစ် လို ဝိနည်းကျင့်ကြံ ပြီး ပရိယတ်၊ ပဋိပတ်ကို ကြိုးစားအားထုတ်နေကြသော သံဃာ များ ထပ် မပျက်ဆီး ရအောင် ဘယ်သူတွေမှာ တာဝန်ရှိတာပါလဲ၊

သင်္ကန်းဝတ်ကို မပြောနဲ့ ငရဲကြီးမယ် သင်္ကန်းဝတ်ကို မပြောနဲ့ သူ့ကံနဲ့သူ စသော အတွေးအခေါ်၊ အယူအဆ တွေ ပိုက်ထားသူတွေ များလာရင် သာသနာထဲ သင်္ကန်းဝတ် ဆိုရင် ဒီပုံထဲကလို တွေ များလာတော့မှာပေါ့။ ခုတောင် လူအုပ်ထဲ လူတွေနဲ့အတူ တိုးဝင် ပြီး ပုံ ရိုက်တာ ကို မြင်နေကြရပြီ မဟုတ်ပါလား။

ဘယ်မှာလဲ ရဟန်း တပါးရဲ့ ဣန္ဒြေသိက္ခာ၊ လူတွေ ဝေဖန်တာ မခံနိုင်ရင် လူတွေလိုမနေပါနဲ့ အရှင်ဘုရားတို့ မြတ်သော သာသနာထဲ ရပ်တည်နေပြီးမှ လူတွေက ထောက်ပြနေကြရတာ အင်မတန် ရှက်စရာကောင်းလှပါတယ် ဘုရား၊

တန်ဖိုးရှိလှတဲ့ ဘဝ လေးကို ဖြူဖြူစင်စင်နဲ့ ပြုပြင် နေထိုင်တော်မူကြပါဘုရား မယဉ်ကျေးရင် အထင်သေးခံရမယ်။ ဆရာတော်အရှင်ဇနကာဘိဝံသ က ဒကာ ဒကာမတွေရှေ့မှာ ဣန္ဒြေ မရ လျှပ်ပေါ်လော်လီ တဲ့ အမူအရာတွေနဲ့ အငန်းမရစားကြ သောက်ကြ တာကို အောက်တန်းစား အမူအကျင့် တွေ လို့ မိန့်ကြားခဲ့တယ် ။

ဒီလို ရဟန်းတွေကြောင့် သာသနာကို လူတွေ အထင်သေးသွာရမှာ သိပ်စိုးရိမ်ခဲ့ရှာတယ်။ ဒါတောင် လူတွေရှေ့ပရမ်းပတာ စားကြ သောက်ကြတာကို အောက်တန်းစား အမူအကျင့်လို့ မိန့်ခဲ့တာနော်။ ပုံထဲကလို အပြုအမူ ကိုဆို ဘယ်လို မိန့်လိုက်မလဲ မသိ။

ဣန္ဒြေ မစောင့်စည်းမှု၊ စည်းကမ်းပရမ်းပတာ ဖြစ်မူ့တွေဟာ သာသနာအတွက် ဘယ်လောက် နစ်နာ သလဲ။ စဉ်းစားကြပါ။ ခုလို လူတောထဲ မင်းသမီးမြင်တာနဲ့ တိုးဝှေ့ ဓါတ်ပုံရိုက်ရုံတင်မက၊ လက်မောင်းကိုပါ ထိကာ ကိုင်ကာ ပြုမူ တာသည် သိပ်တန်းကျသလို သာသနာကို လည်း ထိခိုက်နေတာ မသိတာ အဆိုးဆုံးပါပဲ။ ဒါမျိုးကမှ သာသနာ့ပုံရိပ်ကို ဆွဲချ နေတာတွေထဲက တခုပဲ။

လူတွေရဲ့ အထင်အမြင်သေးခံရ တဲ့အပြင် အမြင့်မြတ်ဆုံး ၊ အယဉ်ကျေးဆုံး၊ အကြီးကျယ်ဆုံးသော ပါရမီသခင် ဘုရားရှင် ရဲ့ သာသနာကို ထိုပုဂ္ဂိုလ် မျိုးတွေရဲ့ အမူအကျင့် က တဖြည်းဖြည်းနဲ့ ဝါးမျို မှေးမှိန် စေတာကို ကြောင့်ကြမဲ့၊ ကြည့်နေကြတော့မှာလား။

မနေသင့်ပါဘူး ကြွက်ချေးတွေ များမလာဖို့ သာသနာ့ ဝန်ထမ်း တိုင်းမှာ လူ ပုဂ္ဂိုလ်တိုင်းမှာ တာဝန်ကိုယ်စီရှိပါတယ်။ သာသနာ့အကျိုး၊ ထို ပုဂ္ဂိုလ်အတွက် ကောင်းကျိုး မျှော်ကိုးပြီး၊ ပြုပြင် ကာကွယ်ကြရမှာပါ။ ပြုပြင်ကာကွယ် စောင့်ရှောက်ကြပါရှင်။

အရှင်ဇနကာဘိဝံသ တစ်ဘဝသာသနာ ( စာ ၄၆၅- ၄၆၆ – ၄၆၇) မှ စာသားတချို့ အား မှီငြမ်း ကူးယူ ဖြည့်စွက် ရေးသားပါသည်။ မအေးပု။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page