စကစရဲ့ ဆေးမြီးတို ဒေါ်လာအမိန့်တွေကြောင့် ဒေါ်လာ ဈေးကွက်ပျက်ပြီ (ဈေးကွက်တခုလုံးရပ်တန့်သွား)
ပြည်တွင်း၌ဒေါ်လာဈေးဆက်တိုက်တက်နေရာ ဇူလိုင်၁၈ နေ့ခင်းပိုင်းတွင် တစ်ဒေါ်လာလျှင် ၂၃၅၀ ကျပ် အထိမြင့်တက်လာပြီးဈေးကွက်တွင်ဒေါ်လာဝယ်ယူ၍ မရတော့ကြောင်း ငွေလဲကောင်တာပိုင်ရှင်များကပြောပါတယ်။
ဇူလိုင် ၁၇ ရက်နေ့က တဒေါ်လာလျှင် ၂၂၆၀ကျပ် ဝန်းကျင်ပေါက်ဈေးရှိခဲ့သော်လည်း ဇူလိုင် ၁၈ ရက်တွင် ဈေးကွက်အတွင်း ဒေါ်လာရောင်းချသူမရှိဘဲ ဝယ်ယူသူများသာရှိနေပြီး ဈေးဆက်တက်နေကြောင်း ငွေလဲကောင်တာပိုင်ရှင်များကပြောပါတယ်။ စစ်ကောင်စီက ၁ ဒေါ်လာလျှင် ၁၈၅၀ ဖြင့်ဒေါ်လာများကိုဘဏ်နှင့်ငွေလဲကောင်တာများတွင်ရောင်းချရန် ညွန်ကြားထားသော်လည်း အဆိုပါနှုန်းနှင့်ပြင်ပဈေးကွက်ပေါက်ဈေးမှာ များစွာကွာဟနေသဖြင့် စစ်ကောင်စီသတ်မှတ်သောနှုန်းဖြင့်အရောင်းအဝယ်မလုပ်ကြပေ။
လက်ရှိတွင် မှောင်ခိုဈေးကွက်အတွင်း ဒေါ်လာလိုက်လံဝယ်ယူနေပြီး ရောင်းသူစိတ်ကြိုက်ဈေးရနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီက ဒေါ်လာစီးဆင်းမှုကို ထိန်းချုပ်သော ကြေငြာချက် ၃ စောင်ထွက်လာပြီးနောက် ပြည်တွင်းဒေါ်လာဈေးမှ တရှိန်ထိုးမြင့်တက်လာတာ ဖြစ်ပါတယ်။ ဇူလိုင်လဆန်းတွင်တစ်ဒေါ်လာကို ၂၁၀၀ကျပ် ဝန်းကျင်သာရှိသော်လည်း ယနေ့တွင် တစ်ဒေါ်လာကို ၂၃၅၀ကျပ်မြင့်တက်လာပြီး နှစ်ပါတ်အတွင်း တစ်ဒေါ်လာလျှင် ၂၅၀ ကျပ်တက်လာခြင်းဖြစ်ပါတယ်။
မလေးရှားပြင်ပငွေလဲစျေးမှာ တစ်ရင်းဂစ်လျှင် (၅၀၄) ကျပ်အထိ ယနေ့မြင့်တက်သွားသဖြင့် မြန်မာလုပ်သားတချို့ငွေလဲကာ မိသားစုထံပြန်ပို့ပေးနေကြကြောင်း အဆိုပါလုပ်သားများထံက သိရပါတယ်။ မလေးရှားနိုင်ငံ၌ ယခင်က ပြင်ပငွေလဲနူန်းမှာ တစ်ရင်းဂစ်လျှင် ပျှမ်းမျှ (၄၇၀) ကျပ်ဝန်းကျင်သာရှိခဲ့ပြီး ယနေ့ကျပ်(၅၀၀) အထက်သို့ ရောက်ရှိသွားခြင်းဖြစ်ပါတယ်။
“မြန်မာလုပ်သားတွေကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတယ်။ မလေးငွေရှိသူတွေက လဲပြီး ထုတ်ယူနေကြတယ်။ အိမ်ပြန်လွှဲသူကလွှဲတယ်”ဟု မလေးရှားရောက်မြန်မာအလုပ်သမားအရေးလူပ်ရှားသူတစ်ဦးက ပြောပါတယ်။
မြန်မာ၌ ဒေါ်လာများကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ထိန်းချုပ်ကန့်သတ်သည့် စာများဆက်တိုက်ထွက်လာပြီးနောက် ဒေါ်လာလဲနှုန်းမှာ ၂၃၀၀ ကျပ်အထိမြင့်တက်ခဲ့ပြီး အမြင့်ဈေးဖြင့်ပင် အလွယ်တကူဝယ်ယူ၍မရတဲ့ အနေအထားဖြစ်နေပါတယ်။
“သာမန်အားဖြင့်ဝမ်းသာစရာပေမဲ့ တစ်ဖက်ကကြည့်ရင် ကျပ်ငွေတန်ဖိုးကျသွားတာ။ ရိုက်ခက်မှုတွေ ဘယ်လိုဆက်လာဦးမယ်မသိဘူး”ဟု မလေးရှားနိုင်ငံ၌ ကားအစိတ်ပိုင်းထုတ်လုပ်သည့်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် ကိုဇေက ပြောပါတယ်။
လက်ရှိအချိန်မှာ ဈေးကွက်အတွင်း ဒေါ်လာ လိုက်လံဝယ်ယူသူများသာ ရှိတော့ပြီး ရောင်းချသူ မရှိသလောက် ရှားသွားပြီ ဖြစ်ပါတယ်။ “ပြည်ပမှာ ကျောင်းသွားတက်ဖို့ လေယာဉ်လက်မှတ်ဝယ်တာ လက်မှတ်ခကို မြန်မာငွေနဲ့ရှင်းပေးမယ် ဆိုတာလည်းမရဘူး။ ဒေါ်လာဝယ်ပြီး လက်မှတ်ခရှင်းဖို့ပဲ ပြောတယ်။ ဒေါ်လာက ဘယ်မှာဝယ်ရမှန်းမသိ။ စျေးတွေကလည်း တစ်ဒေါ်လာ ၂၄၀၀ ပြောတယ်။ ပိုက်ဆံပေးဝယ်ပြီး အတုတွေဖြစ်မှာလည်း ကြောက်နေရတယ်။ money changer တွေ ဘဏ်တွေမှာလည်းဝယ်လို့မရဘူး” ဟု ပြည်ပတွင် ကျောင်းသွားတက်မည့်ကျောင်းသူတစ်ဦးက ပြောပါတယ်။
ယခုကဲ့သို့ ဗဟိုဘဏ်၏နိုင်ငံခြားငွေအပေါ် စီမံခန့်ခွဲမှုများနှင့်ပတ်သက်ပြီး မြန်မာ့စီးပွားရေးမှာ အကျပ်အတည်း၊ အခက်အခဲနှင့် ရင်ဆိုင်လာရနိုင်သည်ဟု နိုင်ငံတကာစီးပွားရေးပညာရှင်များက ဝေဖန်ထောက်ပြထားကြပါတယ်။