ရုရှားနိုင်ငံလုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi 35 ရဲ့ အဓိက အားနည်းချက်
Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်ရဲ့ကိုယ်ထည်နဲ့ ပန်ကာဒလက်ကြီးတွေဟာ သံချပ်ကာ အပြည့်အစုံ တပ်ဆင်ထားတာကြောင့် ၁၂.၇ မီလီမီတာ ပွိုင့်ဖိုက် စက်သေနတ်ကြီး ကျည်ဆံကို ခံနိုင်ရည် ရှိတယ်။
အမ် ၁၆ မောင်းပြန်ရိုင်ဖယ်ရဲ့ ၅.၅၆ မမ ကျည်ဆံတွေနဲ့ အေကေ ၄၇ ချေမှုန်းရေးရိုင်ဖယ်ရဲ့ ၇.၆၂ မမ ကျည်ဆံတွေ လောက်ကတော့ ပန်းနဲ့ ပေါက်သလိုသာ ရှိပါလိမ့်မယ်။
လေယာဉ်မှူးပိုင်းလော့အခန်းကို တိုက်တေနီယမ်သတ္တု သံချပ်ကာ Tub နဲ့ တည်ဆောက်ထားတာကြောင့် ပွိုင့်ဖိုက် စက်သေနတ်ကြီးသာမက ၃၇ မီလီမီတာ အမြောက်ဆန်ကို ပင်လျှင် ခံနိုင်ရည်ရှိတယ်။ ကျည်ကာမှန်ကလည်း ပွိုင့်ဖိုက်ကျည်ကို မမှုပါဘူးတဲ့။
ရဟတ်ယာဉ်ရဲ့ အင်ဂျင်နှစ်လုံးကိုလဲ သံချပ်ကာတွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် ပွိုင့်ဖိုက် ကျည်ဆံကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ဘယ်လောက်ပဲ လုံခြုံရေး အကာအကွယ် စနစ်တွေ အလွန်ကောင်းသည်ဖြစ်စေအားနည်းချက် တစ်ခုကတော့ ရှိစမြဲပါဘဲ။ ဒါကတော့ ရုရှားရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ မှာသာ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ အကောင်းဆုံး ဆိုတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေမှာလည်းပဲ အားသာချက်တွေ ဘယ်လောက်ပဲ ရှိနေစေကာမူ အားနည်းချက်တစ်ခုကတော့ ရှိစမြဲပါဘဲ။
ရဟတ်ယာဉ်တစ်စင်းမှာ ရဟတ်ယာဉ်ကြီးရဲ့ အပေါ်ဆုံးက လေယက် ပန်ကာကြီးကို လည်ပတ်စေတဲ့ အစိတ်အပိုင်းကို ပင်မရိုတာလို့ ခေါ်ပါတယ်။ အဲဒီ ရိုတာကြီးဟာ ရဟတ်ယာဉ်တစ်စင်းလုံးရဲ့ နှလုံးသားလို့ ခေါ်ဆိုနိုင်လောက်အောင် အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ ရဟတ်ယာဉ် ပျံသန်းနေချိန်မှာ အကြောင်းတစ်ခုခုကြောင့် ရိုတာ ပျက်စီး ချွတ်ယွင်းသွားခဲ့ပါက ရဟတ်ယာဉ်ဟာ ဆက်လက်ပျံသန်းဖို့ ထိန်းသိမ်းမရတော့ပဲ မြေပြင်ကို ပျက်ကျသွားဖို့ ရာခိုင်နှုန်းဟာ အလွန်များတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
ဒီလိုဆိုလို့ ရဟတ်ယာဉ်ရဲ့ အင်ဂျင်တွေက အရေးမကြီးဘူး လို့ မဆိုလိုပါဘူး။ ရဟတ်ယာဉ် အင်ဂျင်တွေကလည်း အရေးကြီးတာပါဘဲ။ သို့သော် အင်ဂျင်တွေက တစ်လုံး ချွတ်ယွင်းတဲ့အခါ အခြားတစ်လုံးနဲ့ ဆက်လက်ပျံသန်းလို့ ရနိုင်ပါသေးတယ်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က ကချင်ပြည်နယ် လဂျားယန်ဒေသမှာ တိုက်ပွဲဝင်ခဲ့တဲ့ Flying tank လို့ တင်စားကြတဲ့ ရုရှားမိတ် Mi-35P တိုက်ခိုက်ရေး ရဟတ် ယာဉ်တစ်စင်းဟာ KIA တွေ ပစ်ခတ် လိုက်တဲ့ ၁၂.၇ မီလီမီတာ (ပွိုင့်ဖိုက်) စက်သေနတ်ကြီး ကျည်ဆံ ထိမှန်တဲ့အတွက် အင်ဂျင်တစ်လုံး ပျက်စီးသွားခဲ့ပါတယ်။
Mi-35P ရဲ့ ပိုင်းလော့ဗိုလ်မှူးဟာ ကျန်အင်ဂျင်တစ်လုံးနဲ့ မြစ်ကြီးနားကို ဦးတည်ပြီး ထိန်းသိမ်းမောင်းနှင်ခဲ့ပေမယ့် ကံဆိုးချင်တော့ ကျန်တဲ့အင်ဂျင်ဟာလည်း မကြာသေးမီကမှ ပြင်ဆင်ထားတဲ့ အင်ဂျင်ဖြစ်နေပါတယ်။
စစ်ဆင်ရေး လိုအပ်ချက်အရ အရေးပေါ်ပျံသန်းခဲ့ရပေမယ့် ဒေါင်ဒေါင် မြည် ကောင်းမွန်နေတဲ့ အင်ဂျင်မဟုတ်တဲ့အတွက် မြစ်ကြီးနား နဲ့ မိုင်၃၀အကွာ တာလောကြီးအနီးမှာ ချွတ်ယွင်းလာတာကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ရဟတ်ယာဉ်အင်ဂျင်ဟာ တစ်လုံးပျက်စီးသော်လည်း ကျန်တစ်လုံးသာ ပကတိ ကောင်းမွန်နေပါက ထိန်းသိမ်းမောင်းနှင်လို့ ရနိုင်သေးတာ ထင်ရှားပါတယ်။
အကယ်၍သာ ရန်သူ့ ပွိုင့်ဖိုက်ကျည်ဆံဟာ ရိုတာ အစိတ်အပိုင်းကို ထိမှန်ခဲ့ပါက ယခုလို ဆက်လက် ထိန်းသိမ်း ပျံသန်းလို့ မရနိုင်ပါဘူး။ ရိုတာအစိတ်အပိုင်း တစ်ခုခု ပျက်စီးပါက ရဟတ်ယာဉ် ပန်ကာဒလက်တွေ လည်ပတ်မှုကို ချွတ်ယွင်း စေနိုင်ပြီး ချက်ချင်း ပျက်စီးသွားမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ Flying tank ဆိုတဲ့ ရဟတ်ယာဉ်ကြီးရဲ့ အဓိက အားနည်းချက်က ရဟတ်ယာဉ် အင်ဂျင်နဲ့ ရိုတာအစိတ်အပိုင်းတွေကို ကျည်ကာ ဖြစ်အောင် လုပ်မပေးနိုင်တဲ့ အချက်ပါဘဲ။ ဒါကိုသိတဲ့ ရန်သူ့ ပွိုင့်ဖိုက် သေနတ်သမားတွေက အားနည်းချက်ကို ရွေးချယ် တိုက်ခိုက်လို့ ရနိုင်သွားတာ ဖြစ်ပါတယ်။
ဘယ်လောက်ပင်တော်တဲ့ ကောင်းတဲ့ တိုက်ခိုက်ရေးသမား ပင် ဖြစ်စေကာမူ Achilles heel လို့ တင်စားကြတဲ့ အားနည်းချက် (ပျော့ကွက်) ကို တိုက်ခိုက်ခံရပါက ကျဆုံး ရှုံးနှိမ့်ကြရတာဟာ စစ်ပွဲတို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာ တစ်ခု ဖြစ်ကြောင်း ပါဗျာ။