ဆန်ဈေးနှုန်း စံချိန်တင် မြင့်တက် (ရှေ့လျှောက် ဈေးပြန်ကျစရာ လမ်းမမြင်ဟု ကုန်သည်များ သုံးသပ်)
မြန်မာနိုင်ငံ၌ နှစ်စဉ် စက်တင်ဘာလမှသာ ဆန်ဈေးအမြင့်ဆုံးဖြစ်လေ့ရှိသော်လည်း လက်ရှိအချိန်၌ ယခင်နှစ်အမြင့်ဆုံးကို ရောက်ရှိနေသည်ဟု ဆန်စပါးကုန်စည်ဒိုင်တစ်ခု၌ ဆန်ရောင်းဝယ်သူများက ပြောပါတယ်။
“အခုဖြစ်နေတဲ့ဈေးက အရင်နှစ်တွေကဆို (၉) လပိုင်းမှဖြစ်တဲ့ဈေး။ (၉) လပိုင်းကမြန်မာနိုင်ငံမှာ ဆန်ဈေးအမြင့်ဆုံးအချိန်ပဲ။ အခုအဲဒီဈေးက ဒီနှစ် (၇) လပိုင်းထဲက အဲဒီဈေးတန်းကိုရောက်နေပြီ”ဟု ဆန်လက်လီ၊ လက်ကားရောင်း ဝယ်သူတစ်ဦးက ပြောပါတယ်။
သင်္ကြန်ကာလအပြီး တစ်ရိပ်ရိပ်မြင့်တက်လာသည့် ပြည်တွင်းဆန်ဈေးနှုန်းမှာ ဇူလိုင်လအတွင်း အမြင့်ဆုံး ကျပ် (၇၀၀၀၀) အထိဈေးပေါက်နေပြီး ဆန်အရှားဆုံးအချိန်ဖြစ်သည့် စက်တင်ဘာလအထိ ဆက်လက်မြင့်တက်နေဦးမယ်လို့ သိရပါတယ်။
“အသစ်ပေါ်မယ့်အချိန်က အဝေးကြီးလိုသေးတယ်။ အရင်ဆန်ရှားတဲ့အချိန်မှ ဖြစ်တဲ့ဈေးက အခုထဲကရောက်နေပြီဆိုတော့ ရှေ့လျှောက် အကျဘက်ကိုမမြင်ဘူး။ အရင်နှစ်တွေက ဇူလိုင်ထဲမှာဖြစ်တဲ့ဈေးတွေနဲ့ ယှဉ်လိုက်ရင် ဒီနှစ်ဈေးတန်းက ပထမဆုံးအကြိမ်လို့တောင်ပြောလို့ရတယ်”ဟု ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။
ရန်ကုန်၏ လက်ရှိဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၈၀၀၀ မှ ၇၀၀၀၀ အထိရှိပြီး၊ ဧရာဝတီပေါ်ဆန်းတစ်အိမ်လျှင် အမျိုးအစားပေါ်မူတည်၍ ကျပ် ၅၁၀၀၀ မှ ၅၇၀၀၀၊ ပေါ်ကျွဲတစ်အိတ်လျှင် ကျပ် ၄၂၀၀၀ မှ ၄၃၀၀၀ ခန့်ရှိကာ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၃၅၀၀၀ မှ ၃၉၀၀၀ အထိဈေးပေါက်နေပါတယ်။
ပြည်တွင်းစျေးကွက်တွင် တန်းမြင့်ဆန် ဟု သတ်မှတ်နိုင်သည့် အကောင်းဆုံးရွှေဘို ပေါ်ဆန်း အမျိုးအစားမှာ လက်ရှိတွင် တစ်အိတ်လျှင် ကျပ် ၇၆၈၀၀၊ ရိုးရိုးရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၇၂၀၀၀၊ ပုသိမ်ပေါ်ဆန်မွှေးမှာ တစ်အိတ်လျှင် ကျပ် ၆၂၄၀၀ တို့ဖြစ်ပါတယ်။ အလတ်တန်းစားဟု ခေါ်ဆိုနိုင်တဲ့ တောင်ပျံမွှေးဆန်မှာ တစ်အိတ်လျှင် ကျပ် ခြောက်သောင်းကျော်၊ ရွှေဘိုမဂျမ်းတောဆန်၊ ကြားပျံမွှေး အစရှိသည့် ဆန်များမှာ တစ် အိတ်လျှင် ကျပ်ခြောက်သောင်းခန့်ရှိကြောင်း သိရပါတယ်။
ဆန်ကြမ်းအမျိုးအစားဖြစ်သည့် ဇီယာ ရှယ်မှာ တစ်အိတ်လျှင် ကျပ်သုံးသောင်းခွဲကျော်၊ ဆင်းသွယ်မှာ ကျပ် ၄၃၀၀၀ ကျော်၊ ရက်ကိုးဆယ်ဆန်မှာ တစ်အိတ်လျှင် ကျပ် ၄၃၂၀၀ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိရန်ကုန်သို့ ဆန်ဝင်ရောက်မှုနှုန်းမှာ ပုံမှန်အတိုင်းသာရှိနေသေးကြောင်းလည်း ဆန်ကုန်သည်များထံက သိရပါတယ်။