မြန်မာ့ဆင်များကို ပေါက်ဖော်ကုန်သည်များက အကောင်လိုက်ဝယ်မည်ဟုဆို (ဘာအကွက်ခင်းဦးမှာလဲ)

တရုတ်နိုင်ငံမှ ကုန်သည်တချို့က အသက်အရွယ်အိုမင်းနေသော မြန်မာ့ဆင်များကို အကောင်လိုက် ဝယ်ယူရန် ပြည်တွင်းရှိ ပုဂ္ဂလိကဆင်ပိုင်ရှင်များထံ ကမ်းလှမ်းမှုများရှိနေကြောင်း သတင်းရရှိပါတယ်။ တရုတ်ကုန်သည်များက ပုဂ္ဂလိကပိုင် မြန်မာဆင်များကို အသက်အရွယ်အပေါ်မူတည်၍ တကောင်လျှင် ကျပ်သိန်း ၅၀ မှ ၁၅၀ အထိ ဈေးပေးပြီး ဝယ်ယူလိုကြောင်း ကမ်းလှမ်းလာခြင်းဖြစ်ကြောင်း ပဲခူးတိုင်းနှင့် ကချင်ပြည်နယ်မှ အမည်မဖော်လိုသော ပုဂ္ဂလိကဆင်ပိုင်ရှင်များက ပြောပါတယ်။

“ဆင်တွေကို ကျပ်သိန်း ၅ဝ ကနေ ၁၅ဝ ဝန်းကျင်အထိ ဈေးပေးပြီး ကမ်းလှမ်းတယ်။ ဆင်တွေကို အကောင်လိုက် အရှင်အတိုင်း တရုတ်ကို တင်ပို့ရမယ်။ တင်ပို့စရိတ်ကို ကျနော်တို့နဲ့ သူတို့ ညှိကြပေါ့။ အသက်ကြီးတဲ့ ဆင်တွေကို ပိုလိုချင်တယ်ပြောတယ်။ ဆင်ပေါက်တွေကတော့ သိပ်ဈေးမပေးဘူး” ဟု ပဲခူးတိုင်းအတွင်းမှ အမည်မဖော်လိုသည့် ပုဂ္ဂလိက ဆင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“အခုကတော့ မြန်မာ့နိုင်ငံရေး အနေအထားအရ သူတို့ ဆင်ဈေးကွက်မှာ ပစ္စည်းရှားပါးလာလို့ ဆင်အရှင်တွေဖြစ်တဲ့ ပုဂ္ဂလိက ဆင်ပိုင်ရှင်တွေဘက် လှည့်လာတယ်ထင်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေအရ ဘယ်ဆင်ဖြစ်ဖြစ် အရောင်းအဝယ် ပြုလုပ်လို့မရဘူး။ သားရိုင်းတိရိစ္ဆာန်များ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေအရ ဘယ်သူမှ ဆင်တွေကို အရောင်းအဝယ် ပြုလုပ်လို့မရဘူး။ ပြည်တွင်းကနေ တဦးနဲ့တဦး အပြန်အလှန် လက်လွှဲရောင်းလို့ရတယ်။ နိုင်ငံခြားကို ရောင်းလို့မရဘူး။ ဆင်တွေအားလုံးက မှတ်ပုံတင်ပြီးသားပဲ’’ဟု ပြည်တွင်းအခြေစိုက် တောဆင်ရိုင်းထိမ်းသိမ်းကာကွယ်ရေး ပြုလုပ်နေသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံတွင် ၁၉၉ဝ ခုနှစ်နောက်ပိုင်းတွင် နဝတစစ်အစိုးရက နိုင်ငံခြားငွေလိုအပ်ချက်အရ မြန်မာ့သစ်များကို ပြည်ပတင်ပို့၍ နိုင်ငံခြားငွေရှာဖွေမှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ထိုသို့ သစ်ထုတ်လုပ်ရာတွင် မြန်မာ့သစ်လုပ်ငန်း MTE မှ ပုဂ္ဂလိကဆင်များကို ကန်ထရိုက်စနစ်ဖြင့် ငှားရမ်း၍ သစ်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုခဲ့ကြောင်း သိရပါတယ်။

MTE မှ သစ်ထုတ်လုပ်ငန်းများ ရပ်တန့်လိုက်ပြီးနောက် ပုဂ္ဂလိကပိုင် သစ်ဆွဲဆင်များကို အသုံးပြုမှု လျော့ချခဲ့ရာ ပုဂ္ဂလိကဆင်ပိုင်ရှင်များမှာ အလုပ်မရှိတော့သော သစ်ဆွဲဆင်များကို တစ်လလျှင် အစာဖိုး ၃ သိန်းမှ ၅ သိန်းအထိ အကုန်အကျခံ၍ ကျွေးမွေးစောင့်ရှောက်ထားရကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page