မြန်မာနိုင်ငံအတွက် မရှိမဖြစ် အရေးပါပြီး ထူးခြားလှတဲ့ မြစ်ကြီး (၇) စင်းအကြောင်း

(၁) ဧရာဝတီ မြစ်

ဧရာဝတီ မြစ်ဝှမ်းသည် (၄၁၃, ၆၇၄) စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး မြန်မာနိုင်ငံ စုစုပေါင်း အကျယ်အဝန်း၏ (၆၁) ရာခိုင်နှုန်းကို လွှမ်းခြုံထားပါသည်။ တိုင်းပြည်၏ အရေးအကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းဖြစ်သည့်ဧရာဝတီမြစ်သည် မြစ်ကြောင်းအလျားမိုင်ပေါင်း ၁၃၅၀ နီးပါး ရှည်လျားပါသည်။

မြန်မာ့ သမိုင်းတစ်လျှောက်တွင် ဧရာဝတီမြစ်သည် အရေးပါသည့် အခန်းမှ ပါဝင်ခဲ့သည်။ ပုဂံခေတ်မှစကာ နောက်ဆုံး ကုန်းဘောင်ခေတ်တိုင် ခေတ်အဆက်ဆက်တွင် အရေးပါသည့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး တို့တွင် အသုံးချခဲ့ကြသည်။

မွန်-မြန်မာစစ်ပွဲများဟု ထင်ရှားသည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ကာလများအတွင်းတွင် ဧရာဝတီမြစ်သည် အဓိက စစ်ချီတက်ရာလမ်းကြောင်းကြီးဖြစ်ခဲ့သည်။ ဧရာဝတီမြစ်ကမ်းပေါ်ရှိ ပြည်မြို့သည်လည်း နှစ်ဖက်စစ်ရင်ဆိုင်ရာ ရှေ့တန်းစစ်မျက်နှာဖြစ်ခဲ့သည်။ ဘုရင့်နောင်လက်ထက်တွင်လည်း အထက်မြန်မာနိုင်ငံတလွှား ဆန်တိုက်ခိုက်ရာတွင် စစ်ချီလမ်းကြောင်းအဖြစ် ဧရာဝတီမြစ်ကို အဓိကအားဖြင့် အသုံးပြုခဲ့ပြန်သည်။

ထို့အတူ ညောင်ရမ်းခေတ်ဦးမင်းများဖြစ်ကြသည့် အနောက်ဖက်လွန်မင်း နှင့် သာလွန်မင်းတို့လည်း ဧရာဝတီမြစ်ကို စုန်ဆန်သွားလာခဲ့ကြသည်။ ကုန်းဘောင်ခေတ်တစ်လျှောက်လုံးတွင်လည်း ရန်သူအင်္ဂလိပ်တို့ကို ခုခံရာတွင် မြစ်ရိုးတစ်လျောက် ခံတပ်များ တည်ဆောက်ခဲ့ကြရာ မင်းလှခံတပ်နှင့် အင်းဝခံတပ်တို့မှာ နာမည်ကျော်သည်။

ထူးခြားထင်ရှားသည့် အချက်မှာ ဧရာဝတီမြစ်ကြီး တစ်လျှောက်တွင် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ အင်း၀ စသည့်မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုတို့ ပေါ်ထွန်းခဲ့ပြီး မြန်မာ့ ယဉ်ကျေးမှုများ ထွန်းကားလာခဲ့သည်ကို တွေ့ရသည့်အတွက် မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှု ဆိုသည်မှာ ဧရာဝတီသမိုင်း၊ ဧရာဝတီယဉ်ကျေးမှုဟုပြောလို့ရပါသည်။

(၂) ချင်းတွင်း မြစ်

ချင်းတွင်းမြစ်သည် ဧရာဝတီမြစ်၏ အကြီးဆုံးသော မြစ်လက်တက်ဖြစ်သည်။ သလ္လာဝတီမြစ် ဟုလည်း မြန်မာ စာပေတွင် ရေးသားသည်။ ချင်းတွင်းမြစ်သည် ကချင်ပြည်နယ်ရှိ ကျယ်ဝန်းသည့် ဟူးကောင်းချိုင့်ဝှမ်း လွင်ပြင်တွင် မြစ်ဖျားခံပြီး တနိုင်း၊ တဗြဲ၊ တဝမ်၊ တရွန်မြစ်များ စုဆုံ၍ ချင်းတွင်းမြစ် ဖြစ်ပေါ် လာပါသည်။

ချင်းတွင်းမြစ်ကို အိန္ဒိယရှိ မဏိပူရပြည်နယ်တွင် နိုင်းထိမြစ် ဟုခေါ်ကြသည်။ မြောက်မှတောင်သို့ စီးဆင်းသည့် ချင်းတွင်းမြစ်သည် မိုင်ပေါင်း ၇၅၀ ထိရှည်လျားကာ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့အနီးတွင် စီးဝင်သည်။

မြန်မာနိုင်ငံ၏ နာမည်ကျော် ကျောက်စိမ်းတွင်းများသည်လည်း ဥရုချောင်းဖျားတွင် တည်ရှိနေကြပါသည်။ထူးခြားထင်ရှားသည့် အချက်မှာချင်းတွင်းမြစ်သည် လူအထိအတွေ့နည်းသေးသော ထမံသီ ဘေးမဲ့တောနှင့် ဟူးကောင်းချိုင့်ဝှမ်း ကျားဘေးမဲ့တောများကို ဖြတ်သန်းစီး ဆင်းနေပြီး ဤကျားဘေးမဲ့ တောသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျားဘေးမဲ့တောလည်း ဖြစ်ပါသည်။

ထို့အပြင် အခြား သားရိုင်းတိရိစ္ဆာန်များ ဖြစ်ကြသည့် ရှားပါးပျောက်ကွယ်တော့မည်ဖြစ်သော မျိုးစိတ်များ၊ ကျားများ၊ ဆင်များ၊ မြန်မာ နိုင်ငံတွင်သာ ရှိသည့် အခွံမာလိပ်မျိုးများ အတွက် ခိုလှုံနေထိုင်ရာ ဒေသတခုလည်း ဖြစ်ပါသည်။

သမိုင်းမှတ်တမ်းများအရ မြန်မာမင်းများသည် ချင်းတွင်းမြစ်ကို အသုံပြုမှုနည်းပါးခဲ့သည်။ သို့သော် ညောင်ရမ်းခေတ်၏ နောက်ဆုံးကာလများတွင် မဏိပူရမှ ကသည်းများ မြန်မာနိုင်ငံကို ကျူးကျော် ဝင်ရောက်လာရာတွင် ချင်းတွင်းမြစ်ကို အသုံးချခဲ့ကြကြောင်း အထောက်အထားများအရ သိရှိရပါသည်။ ကသည်းတို့သည် ဘာသာရေးယုံကြည်ချက်ဖြင့် ဧရာဝတီမြစ် ထိကျူးကျော်လာခြင်းဖြစ်သည်။ ထိုသို့ကျူးကျော်ရာတွင် အင်းဝတစ်ဖက်ကမ်း စစ်ကိုင်း အထိပင်ရောက်ရှိခဲ့သည်ဟု ဆိုသည်။

ဒုတိယကမ္ဘာစစ်အတွင်းတွင်လည်း ဂျပန်တပ်များ အိန္ဒိယသို့ ချီတက်ရာတွင်လည်းကောင်း၊ မဟာမိတ်တပ်များ ဂျပန်တို့ကို နောက်မှလိုက်လံတိုက်ခိုက်၍ မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်ရောက်ရာတွင်လည်းကောင်း ချင်းတွင်းမြစ်ကို အသုံပြုခဲ့ကြသည်။ မဟာမိတ်တပ်များပြန်လည် ထိုးစစ်ဆင်ရန်အတွက် ချင်းတွင်းမြစ်ရေကြီးချိန်ဖြစ်သည် မိုးကာလကို မဟာမိတ်တပ်မှုးဖြစ်သည့် ဗိုလ်ချုပ်စတီးဝဲလ်က ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။

(၃) သံလွင်မြစ်

သံလွင်မြစ်သည် မြန်မာနိုင်ငံ၏အရှည်ဆုံးမြစ် ဖြစ်ရုံမက ကမ္ဘာပေါ်၌ ရှုခင်းအသာယာဆုံးနှင့် ရေစီးအကြမ်းဆုံးမြစ်တစ်မြစ်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ထပ် မီတာ ၄,၀၀၀ ကျော်မြင့်သည့် ဟိမဝန္တာတောင်ပေါ်ရှိ တိဘက်ဒေသ ကုန်းမြင့်များမှ စတင်မြစ်ဖျားခံစီးဆင်းသည်။

ဤမြစ်သည် တရုတ်နိုင်ငံရှိ ယူနန်ပြည်နယ်၏ တောင်တန်းထူထပ်သည့်ဒေသ များကိုလည်းကောင်း၊ မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့ကိုလည်းကောင်း၊ ထိုင်းနိုင်ငံ၏ တစ်စိတ်တစ်ဒေသ (မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ၏ နယ်နိမိတ်အဖြစ် ကီလိုမီတာပေါင်း ၁၂၀ ကျော် ဆက်လက်စီးဆင်း) ကိုလည်းကောင်း ဖြတ်သန်း၍ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့ အနီး မုတ္တမပင်လယ်ကွေ့၌ ဘင်္ဂလားပင်လယ်အော်(အက်ဒမန်ပင်လယ်)အတွင်းသို့ စီးဝင်သည်။

စုစုပေါင်း အရှည်သည် ၁၇၄၉ မိုင် (၂,၈၁၅ ကီလိုမီတာ)ရှိသော်လည်း မြန်မာနိုင်ငံအတွင်း၌မူ မိုင် ၆၅ဝ သာရှိသည်။ နိုင်ငံတကာကို ဖြတ်သန်းစီးဆင်းခဲ့သည့် မြစ်တစင်းဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင် မဲခေါင်မြစ်ပြီးလျှင် ဒုတိယအရှည်လျားဆုံး ဖြစ်သည်။ ထို့အပြင် အရှေ့တောင်အာရှဒေသတွင် ဆည်တာတမံပိတ်ဆို့ခြင်းခံရခြင်း မရှိသေးဘဲ လွတ်လပ်စွာစီးဆင်းနေသည့် အရှည်ဆုံး မြစ်တစ်စင်းလည်း ဖြစ်သည်။

သံလွင်မြစ်ဝှမ်းဒေသသည် တောရိုင်းတိရိစ္ဆာန်များနှင့် ငါးမျိုးများသာ ကြွယ်ဝစုံလင်ခြင်း မဟုတ်ဘဲ၊ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ် ဖြတ်သန်းရာ ဒေသသည် ကမ္ဘာ၏ ကျွန်းသစ်အကြွယ်ဝဆုံး ဒေသအဖြစ်လည်း ဂေဟဗေဒပညာရှင်များက သတ်မှတ်ပြောဆိုကြပါသည်။

ဤဒေသရှိ ကျွန်းတောများမှာ မြစ်စီးဆင်းရာ ဒေသတလျှောက်တွင် ထူထဲစွာ ပေါက်ရောက်ကြပြီး အရှေ့တောင်အာရှ အခြားဒေသများရှိ ကျွန်းတောများနှင့်ပင် ခြားနားမှု ရှိပါသည်။ အခြားဒေသများတွင် ကျွန်းတောများ ပေါက်ရောက်ပုံမှာ ကျိုးကြဲနိုင်လှသည်ဟု ဆိုပါသည်။ မြစ်၏ အထက်ပိုင်းနှင့် အောက်ပိုင်းရှိ ဤကျွန်းတောများသည် တည်ဆောက်ရန် လျာထားသည့် တာဆန်းဆည်ကြောင့် ပျက်စီးဖွယ်ရှိနေပြီး၊ ရှမ်းပြည်နယ်အတွင်း နောက်ဆုံးကျန်ရှိတော့သည့် သစ်တောနေရာများလည်း ဖြစ်ပါသည်။

သံလွင်မြစ်သည် ကမ္ဘာပေါ်တွင် လူမျိုးကွဲများ အများ ဆုံး စုစည်းမှီတင်းနေထိုင်နေသည့် မြစ်တစင်းလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်နိမိတ်ရှိ သံလွင်မြစ်ဝှမ်းသည် သမိုင်းအရ အရေးပါသည့် ဒေသလည်း ဖြစ်သည်။ ကျောက်ဖြစ်ရုပ်ကြွင်း သမိုင်းပညာရှင်များက ဤဒေသတွင် သမိုင်းမတင်မီ ရုပ်ကြွင်းများ တွေ့ရှိရပြီး၊ အရှေ့တောင်အာရှဒေသတွင် လူစတင်ဖွံ့ဖြိုးသည့် မူလအထောက်အထားလည်း ဖြစ်သည်ဟု ဆိုကြသည်။ လူသိများသည့် ဤသို့ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထား အများဆုံးတွေ့ရှိရသည့်နေရာကို ဝိဉာဉ်ဂူ (Spirit Cave) ဟု ခေါ်ကြပြီး ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင် ဒေသ တောင်တန်းများပေါ်တွင် တည်ရှိသည်။

(၄) စစ်တောင်းမြစ်

စစ်တောင်းမြစ်သည် ရှမ်းကုန်းမြေမြင့်အစွန်းမှ မြစ်ဖျားခံစီးဆင်းလာပြီး တောင်ဖက်သို့ ၂၆၁ မိုင် (၄၂၀ ကီလိုမီတာ) အရှည် စီးဆင်းလာပြီး ဘင်္ဂလားပင်လယ်အတွင်းသို့ မုတ္တမပင်လယ်ကွေ့၌ စီးဆင်း ပေါင်းစပ်သွားပါသည်။

ထူးခြားထင်ရှားသည့်အချက်မှာစစ်တောင်းမြစ်တွင် ၂၅ မိုင် (၄၀ ကီလိုမီတာ) ခရီးကို တနှစ်ပတ်လုံး ရေလမ်းခရီးသွားလာနိုင်ပြီး မိုင်ပေါင်း ၅၅ (၉၀ ကီလိုမီတာ) ခရီးကို တနှစ်တွင် ၃-လကြာမျှ ရေလမ်းခရီး သွားလာနိုင်ပါသည်။ ရေစီးသန်၍ နုန်းမြေပို့ချမှုနည်းပါးသောကြောင့် စစ်တောင်းမြစ်သည် စိုက်ပျိုးရေးကို ကောင်းစွာအထောက်အကူမပေးနိုင်ပေ။ သို့သော် ပဲခူးရိုးမမှ ထွက်ရှိသော သစ်လုံးများကို မျှောချတင်ပို့ရာတွင် အသုံးချကြသည်

သွားလာဆက်သွယ်ရေး လွယ်ကူစေရန် စစ်တောင်းမြစ်နှင့် ပဲခူးမြစ်ကို ဆက်သွယ်ဖောက်လုပ်ထားသည့် တူးမြောင်းရှိသည်။ ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အရှေ့ဖက်ကရင်ပြည်နယ်၊ မွန်ပြည်နယ်များနှင့် ဆက်သွယ်သွားလာရေးအတွက် တည်ဆောက်ထားသည့် စစ်တောင်းတံတားလည်းရှိသည်။

(၅) မဲခေါင် မြစ်

မဲခေါင်မြစ်သည် အရှည် ၄,၈၀၀ ကီလိုမီတာ ရှိပြီး မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံ အကြားတွင် မဲခေါင်မြစ်သည် နယ်နိမိတ်အဖြစ် ကီလိုမီတာ ၂၃၄ အရှည် ဖြတ်သန်း စီးဆင်းပါသည်။ မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာနိုင်ငံ၏ တောင်တန်းများပေါ်၌ ဌာနေတိုင်းရင်းသား ၂၂,၀၀၀ ခန့် မှီတင်းနေထိုင် လျှက် ရှိ ပြီး အခါ၊ ရှမ်း၊ လားဟူ၊ လွယ်လ (ဆမ်တောင်)၊ တရုတ်နှင့် အင်း တိုင်းရင်းသားများ နေထိုင်လျှက် ရှိသည်။ မြန်မာ-ထိုင်း- လာအို ၃-နိုင်ငံ ပေါင်းဆုံရာ “ရွှေတြိဂံ ဒေသ”ကို ဖြတ်သန်းပါသည်။

ထူးခြားထင်ရှားသည့် အချက်မှာ ရှေးရိုးရာပုံပြင်များအရ ရှေးဦးလားဟူ လူမျိုးများသည် ဤမြစ်ဖျားခံရာ ဒေသမှ ဆင်းသက်လာကြသည်ဟု ဆိုကြပြီး၊ ရိုးရာ သီချင်းများ၊ ပုံပြင်များက ဤမြစ်ကို ကိုးကား၍ ဖော်ပြပြောဆိုလေ့ ရှိ ကြပါသည်။

(၆) ဂစ္ဆပနဒီ(သို့) ကလားတန်မြစ်

ကုလားတန်မြစ်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ သေလာဂီရိမောရပ္ပတ္တတောင်၏အရှေ့ဘက်တွင်တည်ရှိပါသည်။ ဤမြစ်သည် ပေ(၈၀၀၀)ခန့်မြင့်သော ချင်းပြည်နယ် လူရှည်တောင်တန်းနှင့် အိန္ဒိယနိုင်ငံ ချင်လတိတလန် တောင်ကုန်းများမှ မြစ်ဖျားခံ စီးဆင်းလာပါသည်။ ဒေသခံပြည်သူများက အရပ်အခေါ် ကလားတန်မြစ် ဟုခေါ်သည်။ စာပေများတွင် ဂစ္ဆပနဒီ(ခေါ်)ကလားတန်မြစ်ဟု တွေ့ရသည်။ ယခင်က ဒေသခံပြည်သူများသည်လမ်းပန်းဆက်သွယ်ရေးအဖြစ် ကုလားတန်မြစ်ကို ရေလမ်းခရီးအဖြစ် အားပြုကြရသည်။

ကလားတန်မြစ်သည် ရခိုင်ပြည်နယ်၏ အရှည်ဆုံးနှင့် အသုံးအဝင်ဆုံးမြစ်ကြောင်း တစ်သွယ်ဖြစ်ပါသည်။ ထူးခြားထင်ရှားသည့်အချက်မှာ ချင်းပြည်နယ် မြောက်ပိုင်းမှ ထရောဘာ(တီအိုရီဘာ)အမည်ဖြင့် စီးဆင်းလာသည့်မြစ်ဖြစ်ပြီး အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံတို့၏ နယ်ခြားမြစ်လည်းဖြစ်ပါသည်။

ကလားတန်မြစ်သည် ရခိုင်ပြည်နယ်၏ အရှည်ဆုံးနှင့် အသုံးအဝင်ဆုံးမြစ်ကြောင်း တစ်သွယ် ဖြစ်ပါသည်။

(၇)ရွှေလီ မြစ်

ရွှေလီမြစ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှပင် စတင်မြစ်ဖျားခံ စီးဆင်းလာပြီး ရှမ်းပြည်နယ် မြောက်ပိုင်းကို ဖြတ်သန်းလာကာ တကောင်းမြို့မြောက်ဖက် ကီလိုမီတာ၆၀ခန့် အကွာ ကသာမြို့ တောင်ဖက်ရှိ အင်းရွာအနီးတွင် ဧရာဝတီမြစ်နှင့် ပေါင်းဆုံသည်။ ရွှေလီမြစ်ကို ရှမ်းပြည်နယ်တွင်နမ့်မောင်း၊ တရုတ်နိုင်ငံတွင် ၏ ရွေ့လိကျန်း (Rui Li Jiang)ဟုခေါ်ကြသည်။ မြစ်၏ အစပိုင်းနေရာအချို့သည် တရုတ်-မြန်မာနယ်နိမိတ်မျဉ်းအဖြစ် စီးဆင်းသည်။

ထူးခြားထင်ရှားသည့်အချက်မှာ ရွှေလီမြစ်သည် တိုင်အနွယ်များဟုလည်းခေါ်သည့် မြန်မာနိုင်ငံတွင်းရှိ ရှမ်းလူမျိုးများနှင့် ကြီးမားသော ဆက်နွယ်မှုရှိပါသည်။ ရှားပါးစာရင်းဝင် ရေနေငှက်မျိုးစိတ်များကို ရွှေလီမြစ်အတွင်း တွေ့ရှိရသည့်အပြင် ဧရာဝတီ လင်းပိုင်များကိုလည်း ရံဖန်ရံခါတွေ့ရလေ့ရှိပါသည်။

ရွှေလီမြစ်သည် တိုင်အနွယ်များဟုလည်းခေါ်သည့် မြန်မာနိုင်ငံတွင်းရှိ ရှမ်းလူမျိုးများ နှင့် ကြီးမားသော ဆက်နွယ်မှုရှိသည်။ မောဝ်ရှမ်းတို့သည် ပုဂံခေတ်ဦးတည်းကပင် ရွှေလီမြစ်မှတစ်ဆင့် မြန်မာနိုင်ငံ အလယ်ပိုင်းရပ်ဝန်းဒေသများကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြပြီး ပုဂံမှ အနော်ရထာမင်း၏ ဟန့်တားမှုကြောင့် မူလနေရာများသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြသည်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက်တွင်ဖြစ်ပွားခဲ့သည့် တရုတ်-မြန်မာစစ်ပွဲများတွင်လည်း ရွှေလီမြစ်သည် မြန်မာတို့၏ နယ်ချဲ့တွန်းလှန်ရေးသမိုင်းတွင် ပါဝင်ခဲ့ပြန်သည်။

မှတ်ချက်။ ။ မှတ်စုစာအုပ် နှင့် မြန်မာ့စွယ်စုံကျမ်းမှ ထင်ရှားသည့် အချက်အလက်များကို ကောက်နုတ်ထားပါသည်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page