အာဏာရှင် အဆက်ဆက် ကြောက်လန့်ခဲ့ရတဲ့ ဆရာကြီးမင်းသိင်္ခနဲ့ ထူးခြားတဲ့ ယတြာတခု

ဗေဒင် ဆိုတာ ကလည်း မယုံလို့ တော့ မရဘူး ။ ဘုရား ဖြစ်မယ် ဆိုတာတောင် လက်ညိုး တချောင်း ထောင် ဟော ထားတာ အခိုင်အမာ သက်သေ ရှိတယ် ။ ဒီထက် သေခြာတဲ့ သက်သေ မရှိဘူး ပေါ့ ။ ဗုဒ္ဓ ကိုယ်တော် တိုင် လည်း ဝေဒ ပညာ ရှိတယ် ဆိုတာ လက်ခံ တော် မူတယ် ၊ ဒါပေမယ့် အစွဲ အလန်း မထားဖို့ ဟောတယ် တဲ့ ။

ဝေဒ ဟာ မှန်ပေမယ့် ဟောသူ ပညာရှင် အပေါ် မှာ မူတည် နေတယ် ။ ဒါကြောင့်လည်း ဘုရင် ဖြစ်မယ် ၊ စကြာဝတေးမင်း ဖြစ်မယ် ၊ ဘုရား ဖြစ်မယ် လို့ ဟောချက် တွေ ကွဲ ကုန် တာပေါ့ ။ ဝေဒ ဟာ သံသရာ လွတ်ကြောင်း ထဲ မပါလို့ ဗုဒ္ဓ ဘုရားရှင် က ပယ် တော် မူတာ က သပ်သပ် ၊ အားကိုးလောက်ဖွယ် ပညာရပ် ဆို တာတော့ ငြင်းမရဘူး ။

ဘာကြောင့်လဲ ဆိုတော့ ဘုရား ဟောနဲ့ လည်း ကိုက်တာ ကိုး ။ ဗုဒ္ဓဘာသာ မှာ ကံ ကံ ရဲ့အကျိုး ကို ယုံကြတော့ အူဝဲ ဆိုပြီး လူ ဖြစ်ကတည်း က အတိတ်ကံ က ပြဌာန်းပြီးသား ၊ ဘာ ဖြစ်ပြီးရင် ဘာ ဆက်ဖြစ်မယ် ဆိုတာ ရှိပြီး သား ။ အနောက်တိုင်း သားတွေ ကလည်း ဘဝ ဆိုတာ ရေးပြီးသား စာအုပ် တအုပ် ကို တရွက် ခြင်း လှန်ကြည့် ရတာ ပါလို့ တင်စားကြတယ် ။ အဲ့ဒီမှာ အရှေ့ အနောက် သွား တူ နေတာ ကို ရှားရှားပါးပါး တွေ့ရ တယ် ။

ဗေဒင် ပညာ ဆိုတာ အနှစ် ရာထောင် ချီက ကမ္ဘာကြီး မှာ ဖြစ်ခဲ့ တာ ကို မှတ်တမ်းပြုစု ထားပြီး တူရာ စု ဟောချက် ထုတ်တာ ပါတဲ့ ။ အတိတ် တဘောင် တို့ ၊ အယူ မဂ်လာ တို့ ဆိုတာ ရှေး အစဉ်အဆက် မှတ်သား နာယူလာကြတာ များတယ် ။ စနေ မိုးဟာ စွေတတ်တယ် ဆိုတာ မျိုးပေါ့ ၊ အကြိမ်ကြိမ် အဖန်ဖန် ဖြစ်ခဲ့ဘူး တော့ မှတ်သား ပြောကြ တာ ။

ဒါကြောင့် လူသား တိုင်းဟာ ဗေဒင် ပညာကို အနည်း နဲ့ အများတော့ ယုံကြ ၊ သိကြ တဲ့ သဘောပဲ ။ ညာဖက် မျက်ခုံး လှုပ် ရင် ထိတ် ကနဲ တော့ ဖြစ်ကြတာ ပါပဲ ။ အသိအမြင် တွေ ဘယ်လောက် များများ အသွေး အသား ထဲ စိမ့် ဝင် ခဲ့ဘူးတဲ့ အသိ တခု ကို လွယ် လွယ် နဲ့ ဖျောက်လို့ တော့ မရဘူး ပေါ့ ။

ကျနော်တို့ ဆီမှာ ဗေဒင် ဆရာ တဆူ ကတော့ ဆရာကြီး မင်းသိခ် ပါပဲ ။ ဘုရား ဖြစ်မယ် လို့ လက်ညိုး တချောင်း ထောင် ဟောခဲ့တဲ့ ဟောချက် ကို နမိတ် ယူ ပြီး ဧကံသဗျာကရာဏ ဂိုဏ်း ကို တည် ထောင် ခဲ့ပါတယ် ။ ဆရာကြီးဟာ ပေါ့သေးသေးတော့ မဟုတ်ဘူး ၊ ဥုံ တလုံး နဲ့ နရသိန် က လွတ်အောင် စိတ်စွမ်းအား မြင့် တဲ့ ပုဂ္ဂိုလ် ကြီးပါ ။

အဲ့ဒီခေတ်က အုပ်စိုးသူ အဆက်ဆက် ဟာ ဆရာကြီး ကို တော်တော် လန့် ကြတယ်တဲ့ ၊ တားကြ ဆီးကြ ပိတ် ကြ ဆို့ကြ လုပ်ခဲ့ကြတယ် ။ ဒါလည်း ထူးခြားတယ် ။ ဆရာကြီး ကို ငွေ နဲ့ ပေါက် ဝယ်လို့ မရဘူး ၊ ဆရာကြီးက ဣစ္ဆာသရ မှော်အောင် တယ်လို့ ဆိုရင် ရမယ် ၊ လက်ဖျား ငွေသီး တာ ကိုး ။

ပြီးတော့ ဆရာကြီးက အားနည်းသူ ဖက်က ရပ်လေ့ ရှိတယ် ။ မဟုတ်မခံသမား ၊ ခံရတဲ့ သူတွေ ဖက်က လိုက်ပြီး အနိုင်ကျင့်သူ ဒုက္ခ များအောင် ယတြာပေး တတ်တယ် ၊ အဲ့လို ယတြာပေး လို့ ငရဲကျ မယ်ဆိုရင် လည်း ထိပ်ဆုံး က ငါ့နာမည် ကို ပေးလိုက် ကွာလို့ ပြောတတ်တယ် ။

ယတြာတွေ လည်း လွတ်ကောင်း ၊ တခါတော့ ဆရာကြီး ဆီကို သူဌေး တစ်ယောက် က ဗေဒင် လာမေး တယ် ။ ဆရာကြီး က မင်းမကြာခင် မွဲတော့ မယ် ဆိုတော့ သူဌေး လည်း တအား လန့် သွားတာပေါ့ ၊ ချက်ကောင်း ထိ သွားတာကိုး ။ ချက်ချင်း ကို ယတြာ တောင်းတော့ တာပေါ့ ။ အဝတ်ဟောင်းတွေ ဝတ် ၊ လက်ထဲ ငွေ တစ်ရာ ပဲ ကိုင်ပြီး ပဲခူး ရောက် အောင်သွား ၊ ငွေ ကုန်မှ ပြန်လာခဲ့ လို့ ယတြာ ပေးလိုက်တယ် ။

အဲ့ဒီ သူဌေး ထွက်သွားတော့ မှ ဆရာကြီးက ရယ်ပြီး ဒီ ယတြာ ငါ တမင် ပေးလိုက်တာကွ ၊ ဒီကောင် က ဆင်းရဲတဲ့ အရသာ ကို မသိဘူး ၊ ဒါကြောင့် ဆင်းရဲတယ် ဆိုတာ ဘယ်လို အရသာ မျိုးလည်း လို့ မြည်းခိုင်း လိုက်တာတဲ့ ။ အဲ့ဒါ သူတောင်းစား ယတြာ ခေါ် တယ် ကွတဲ့ ။ ဆရာကြီး က အဲ့လို ခပ်ရွတ်ရွတ် သမား ။ အတည်လား ၊ အခန့်လား ၊ ရွဲ့တာ လား ဆိုတာ ခွဲမရဘူး ။ အဲ့ဒီ သူဌေးကတော့ နောက်ပိုင်း ကျိကျိတက် ချမ်းသာ သွားတယ် တဲ့ ။

ဒီ အချိန်မှာ ဆရာကြီး ရှိနေသေးရင် ဘာတွေ ဟောမယ် ၊ ဘာတွေ ရေး မယ် ၊ ဘယ်လို ယတြာတွေ ပေး မယ် ဆိုတာ စိတ်ဝင် စားမိတယ် ။ ဝေဒ ဗေဒ ဆိုတာ က လည်း လူ တဦးချင်း ဆီကနေ နိုင်ငံ တနိုင်ငံ က အစ ကမ္ဘာအလယ် ၊ စကြာဝဠာ အထိ ထိရောက် ကျယ်ပြန့် တဲ့ ပညာ ဖြစ်နေတာ ကိုး ။ ဘာရယ် မဟုတ်ပါဘူး ၊ မနက်က လေ မတိုက် ဘာမတိုက် နဲ့ ဆိုင်က ပိတ်ထားတဲ့ တံခါးကြီး ဝုန်းကနဲ ပွင့်သွားလို့ အတိတ် နမိတ် ကောက် ရေးလိုက်တာ ။ (Zarni Zeya)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page