ပုစွန်တွေရဲ့ ကိုယ်ထဲမှာ သန်ကောင် တကယ် ရှိသလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေ

ယခုရက်ပိုင်း လူမှုကွန်ရက်က စားကြမယ်၊ ချက်ကြမယ် ဂရုမှာ အဖွဲ့ဝင်တဦးက ပုစွန်ထဲမှာ ပါလာတဲ့ အဖြူရောင်အရာများကို သန်ကောင်လားဆိုတဲ့ မေးခွန်းတခု မေးခဲ့ပါတယ်။ တတ်သိနားလည်သူများက အဖြေပေးခဲ့လို့ ရှင်းရှင်းလင်းလင်း သိခဲ့ရပါတယ်။

သတ္တဝါတိုင်းမှာ ကပ်ပါးကောင်ဆိုတာ ရှိပါတယ်။ လူတွေမှာသာမက ငါးတွေ၊ ပုစွန်တွေမှာ ကပ်ပါးကောင်ဆိုတာ ရှိပါတယ်။ ရေထဲမှာနေတဲ့ ငါးမှာလည်း ရေသန်းဆိုတဲ့ ကပ်ပါးကောင်တွေ ရှိပါတယ်။ ပုစွန်တွေမှာလည်း ကပ်ပါးကောင်ဆိုတာ ရှိပေမယ့် ယခု ပုံထဲမှာပါတဲ့ အဖြူရောင် အရာတွေဟာ ကပ်ပါးကောင် မဟုတ်ပါဘူး။

အဆိုပါ အဖြူရောင် အရာတွေဟာ ပုစွန်ထီးတွေမှာ ပါဝင်တဲ့ မျိုးပွားအင်္ဂါများ ဖြစ်ပါတယ်။ သေးငယ်တဲ့ ပုစွန်တွေမှာ မသိသာပေမယ့် အရွယ်အစားကြီးမားတဲ့ ပုစွန်တွေမှာ တွေ့ရတတ်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပုစွန်အကောင် ခပ်ကြီးကြီးတွေကို အခွံခွာတဲ့ အခါ အဆိုပါ အဖြူရောင် အရာတွေကို တွေ့ရင် ကြောက်လန့်ဖို့ မလိုပါဘူး။

ပုစွန်မှာ တကယ်ရှိတဲ့ ကပ်ပါးကောင်ကတော့ ရွှံ့မြေမှာ နေတဲ့ ပုစွန်တွေမှာ အများဆုံးတွေ့ရတဲ့ ကပ်ပါးကောင်တွေပဲ ဖြစ်ပါတယ်။ အဆိုပါ ကပ်ပါးကောင်တွေဟာ အိုင်ဆိုပေါ့ အမျိုးအစား ကပ်ပါးကောင်တေွ ဖြစ်ပါတယ်။ ကပ်ပါးကောင်တွေဟာ ပုစွန်ရဲ့ ခေါင်းထဲမှာ အထီးအမ တစုံအနေနဲ့ ကပ်တွယ်နေတာ ဖြစ်ပါတယ်။ အမ ဖြစ်သူဟာ အထီးထက် သိသာစွာ အရွယ်အစား ကြီးမားပါတယ်။

အဆိုပါ ကပ်ပါးကောင် ကပ်တွယ်နေတဲ့ ပုစွန်ဟာ မျိုးပွားနိုင်မှု စွမ်းအားတွေ လျော့နည်းပြီး နောက်ဆုံးမှာ သေဆုံးသွားမှာ ဖြစ်ပါတယ်။ ထိုကပ်ပါးကောင်တွေရဲ့ ပျံ့နှံ့မှုဟာ တဖြည်းဖြည်း များပြားလာလျက်ရှိပြီး လက်ရှိအချိန်မှာ ကမ္ဘာဒေသ အတော်များများရဲ့ ရွှံပုစွန်တွေဆီမှာ ကူးစက်နေပြီ ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ ရွှံပုစွန်တွေ အတော်များများမှာလည်း တွေ့ရှိနေရပြီ ဖြစ်ပါတယ်။ ပုစွန်ခေါင်းခွာလိုက်လို့ အဆိုပါ ကပ်ပါးကောင်တွေကို တွေ့ရှိပါက ခေါင်းတခုလုံးကို ဖြုတ်ပြီး စနစ်တကျ လွှင့်ပစ်ဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ပါက ဖျက်ဆီးလိုက်သင့်ပါတယ်။

အခုလောက်ဆိုရင်တော့ ပုစွန်မှာ သန်ကောင် ရှိ၊ မရှိ ဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ ရှင်းသွားလောက်ပြီ ဖြစ်ပါတယ်။ သတ္တဝါလောကဟာ ဆန်းကျယ်တဲ့ အလျောက် ကျွန်တော်တို့ မသိမြင် မကြားဘူးတဲ့ အဖြစ်အပျက်တွေဟာလည်း ဆက်လက် ဖြစ်ပျက်နေဦးမှာပါပဲ။ ပညာရှင်တွေ စူးစမ်းထားတဲ့ ရလဒ်တွေကို သက်ဆိုင်ရာနဲ့ မီဒီယာတွေက အလျဉ်းသင့်သလို ဖြေရှင်းပေးမှသာ ပြည်သူတွေရဲ့ စိုးရိမ်စိတ်ကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ အားလုံး ဗဟုသုတ တိုးကြွယ်ဝကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page