မြင့်မိုရ်တောင် ကုန်ဈေးနှုန်းနဲ့ ပျောက်သောလမ်းမှာ စမ်းတဝါး မြန်မာ့စီးပွားရေး အနာဂတ်
အာဏာမသိမ်းခင်က စာလေးတခု တင်ဖူးတယ်။ အာဏာသိမ်းနိုင်ငံတွေဟာ စီးပွားရေး၊လူမှုရေးက စလို့ အဖက်ဖက်က ဆုတ်ယုတ်ကျဆင်းသွားတာကို ပညာရှင်တွေလဲ လေ့လာခဲ့ကြတာရှိတယ်။ ကိန်း ဂဏန်းတွေကလဲ အခိုင်အမာသက်သေပြနေတယ် ဒီတော့ အာဏာသိမ်းဖို့ကိစ္စကို စိတ်တောင်မကူးဖို့ ရေးခဲ့ဖူးတယ်။
မေယာဆန်ဆိုတဲ့ ပညာရှင်တယောက်က ၁၉၅၀ ကနေ ၂၀၁၆ အထိ နိုင်ငံပေါင်း ၉၄ နိုင်ငံက အာ ဏာသိမ်းမှု ၂၃၂ ခုကို လေ့လာခဲ့ရာမှာ အာဏာ သိမ်းလိုက်ပြီးနောက် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အဘက်ဘက်က ကျဆင်းသွားတာကို တွေ့ခဲ့ရတယ်။ အာဏာသိမ်းပြီး ဆယ်နှစ်လောက် ကြာရင် တိုင်းပြည်ရဲ့ လူတဦးချင်း ဂျီဒီပီက တနှစ်ကို ၁ % ကနေ ၁.၃ % အထိ ကျဆင်းသွားတာကို တွေ့ ရတယ်။
မြန်မာနိုင်ငံမှာလည်း ၁၉၆၂ မှာ အာဏာသိမ်းပြီးတော့ အာဏာမသိမ်းခင် စီးပွားရေးတွန်းအားတွေ ကြောင့် ၁၉၆၅ အထိ ဂျီဒီပီတက်ခဲ့ပေမယ့် ၆၅ ခု နှစ်နောက်ပိုင်းမှာ ဂျီဒီပီတိုးနှုန်းက အတော့်ကို ကျသွားတယ်။ ဆရာမြတ်သိန်းရဲ့ အဆိုအရ ၁၉၆၂ ကနေ ၈၈ အထိ လူဦးရေတိုးနှုန်းက၂.၁% ရှိခဲ့ပေမယ့် ဂျီဒီပီတိုးနှုန်းက ၁.၇% ပဲ ရှိခဲ့တယ်။
၁၉၈၈ နောက်ပိုင်းအလိမ်အညာကိန်းဂဏန်းတွေအရ နှစ်စဉ်ဂျီဒီပီတိုးနှုန်းက ၁၂ %၊ ၁၃ % လို့ ကြွားလုံးတွေ ထုတ်ကြပေမယ့် ၃% က ဖြစ်ဖြစ်မည်ပါ။ စီးပွားရေးတင် မဟုတ်ပါဘူး။ ၁၉၆၂ ကနေ ၂၀၁၀ကြား မှာ နိုင်ငံဟာ အဖက်ဖက်က ဆုတ်ယုတ် ကျဆင်း သွားတာကို အားလုံးမျက်မြင်ကိုယ်တွေ့တွေ့ခဲ့ကြ မှာပါ။
အခုတခေါက်အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲ ရ လဒ်ကတော့ အရင်တခေါက်တွေထက်တောင်ဆိုး ပါဦးမယ်။ တိုင်းပြည်ဟာ ပြန်တည်လို့မရအောင် ကို ပျက်သွားနိုင်ပါတယ်။
အခုပဲကြည့်ပါ။ ကမ္ဘာ့ဘဏ်ရဲ့ခန့်မှန်းချက်အရ ၂၀၂၁ခုနှစ်မှာမြန် မာနိုင်ငံရဲ့ဂျီဒီပီဟာ ၁၈.၄% တောင် ကျဆင်းမယ်လို့ ဆိုပါတယ်။ ကိုဗစ်ကြောင့်ဒေသတွင်းနိုင်ငံတွေ မှာ စီးပွားရေး တန့်ရပ်နေပေမယ့် လာအိုတောင် ဂျီဒီပီတိုးနှုန်း ၂.၃ % ရှိပါမယ်။ မြန်မာပြည်ကတော့ ဂျီဒီပီကျပါမယ်။ ကျတာမှ ၁%၂% မဟုတ်ပါဘူး။ ၁၈.၄% ကျပါမယ်။ စီးပွားရေးဘယ်လောက် ကျုံ့ သွားမလဲဆိုတာ စဉ်းစားသာ ကြည့်ပါ။
အလားတူပဲ ဒီနှစ်မှာ ငွေကြေးဖောင်းပွမှုက ၆.၂% ရှိမယ်လို့ခန့်မှန်းပါတယ်။ Fitch Solutionလေ့လာ ချက်အရတော့ ဇူလိုင်ကနေ ဩဂုတ်လအတွင်းမှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ဆန်ဈေးဟာ၁၀၀% (အမျိုးအစားပေါ် မူတည်ပြီး)တက်ပါတယ်။ ပြောရရင် အခြေခံစားသောက်ကုန်တွေဟာ ၁၀၀% ဝန်း ကျင်လောက်ကို ဈေးတွေတက်ပါတယ်။
ကုန်သွယ်ရေးပိုင်းကိုကြည့်ရင်လည်း ၂၀၁၉-၂၀ (ဇူလိုင်လအထိ)နဲ့ ကာလတူနှိုင်းယှဉ်ရင် ၂၀၂၁ မှာ ပြည်ပပို့ကုန်က ဒေါ်လာ ၂.၃ ဘီလျံကျော် ကျ ဆင်းပြီး သွင်းကုန်က ၄ ဘီလျံကျော်ကျပါတယ်။ ဒါကြောင့် ကုန်သွယ်မှုပမာဏ စုစုပေါင်း ၆.၃ ဘီ လီယံကျော်ကျဆင်းပါတယ်။
တရုတ်ကိုအားကိုးထားပေမယ့် တရုတ်ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေကလဲ အတော့်ကိုကျပါတယ်။၂၀၁၅ နောက်ပိုင်းအနိမ့်ဆုံးကိုရောက်ခဲ့ပါတယ်။အလား တူပါပဲနယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှာ ၁၁ခု ကကုန်သွယ်မှုကျဆင်းနေပြီး တရုတ်နဲ့ကုန်သွယ် တဲ့ မူဆယ်စခန်းမှာဆိုရင် ၁.၃ဘီလီယံကျော် ကျ ဆင်းခဲ့တယ်လို့သိရပါတယ်။
အလားတူပါပဲ။ ပြည်ပရင်းနှီးမြှုပ်နှံမှုကလည်း ၂၀၂၀-၂၁ (ဩဂုတ်လအထိ)ကို အရင်နှစ်ကနဲ့ နှိုင်းယှဉ်ရင် ၁.၂ဘီလီယံကျဆင်းသွားတယ်လို့ ISP ကလေ့လာထားတဲ့ ကိန်းဂဏန်းအရသိရပါ တယ်။
စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းက ထွက် ခွာတဲ့ ကုမ္ပဏီ ၂၁ ခုရှိပြီး ကုမ္ပဏီမှတ်ပုံတင် အ ရေအတွက်ကလည်း ဒီနှစ်မှာ ၄၄% ကျတယ်လို့ ဆိုပါတယ်။
ILO ရဲ့စာရင်းအရကတော့ ၂၀၂၁ခုနှစ်ရဲ့ဒုတိယ နှစ်ဝက်မှာ လူဦးရေ ၁.၂ သန်းဟာ အလုပ်လက် မဲ့ဖြစ်တယ်လို့ဆိုပါတယ်။
ရန်ကုန်တခုထဲမှာတင် ဆောက်လုပ်ရေးလုပ်ငန်း တွေ ရပ်ဆိုင်းမှုကြောင့် လူ ၃ သိန်းအလုပ်လက် မဲ့ဖြစ်ကြပြီး အထည်ချုပ်စက်ရုံတွေ ပိတ်တဲ့အ တွက် တနိုင်ငံလုံးက အထည်ချုပ်လုပ်သား ၈ သိန်းကျော်မှာ လေးပုံ တပုံ (၂သိန်းကျော်) ဟာ အလုပ်လက်မဲ့ဖြစ်ပါမယ်။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရတော့ ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ လူဦးရေစုစုပေါင်းရဲ့ တ ဝက်(၂၅ သန်း)ဟာဆင်းရဲမွဲတေမှုမျဉ်းအောက် ကို ရောက်မယ့် အနေအထားရှိတယ်လို့ သိရပါ တယ်။ လူ ၂၅ သန်းလောက်ဟာ ဆင်းရဲမွဲတေ မှုနဲ့ ကြုံရပြီး တနေ့တနေ့စားဖို့သောက်ဖို့တောင် ခက်ခဲသွားရင် မလိုလားအပ်တဲ့ ပြသနာမျိုးစုံ ဖြစ်လာမှာပါ။
ကိန်းဂဏန်းတွေဟာ ညာလို့မရပါဘူး။ တနိုင်ငံ လုံးဟာ အဖက်ဖက်က ချွတ်ခြုံကျသွားမယ့်အ လားအလာရှိပါတယ်။ စီးပွားပျက်တယ်ဆိုတာ မျိုးက အစပိုင်းမှာ သိပ်မသိသာလှပေမယ့် အ ချိန်နဲ့အမျှ ပိုပိုကျပ်လာတာမျိုးမှာ။ အချိန်ကြာ လာတာနဲ့အမျှ ပိုပိုပြီးဆိုးလာမယ့်အနေအထား ရှိပါတယ်။
စကစဘက်ကလည်း လျှပ်စစ်ကား ထုတ်မယ်၊ လျှပ်စစ်ရထား ဆွဲမယ်ဆိုပြီး မစားရ ဝခမန်း ပြောခဲ့ပေမယ့် အခု မီးတောင် မှန်အောင်မပေး နိုင်တော့ပါဘူး။ ဖုန်းတွေလည်း အခွန်တွေ တိုး ကောက်ပါတယ်။ ဒါအစပဲ ရှိပါသေးတယ်။ စီး ပွားရေးကျ၊ တိုင်းပြည်ကို လည်ပတ်ဖို့ ခက်ရင် လူထုကိုပဲ လည်ပင်းညှစ်မှာပါပဲ။
ဒါတောင် တနှစ်မပြည့်သေးပါဘူး။ ဒီအခြေအ နေနဲ့ ဒီနှုန်းတိုင်းသာ ဆက်သွားရင် တိုင်းပြည် က အမှောင်ခေတ်ထဲကို လုံးဝ ပြန်ရောက်သွား ပြီးကုန်းကောက်စရာမရှိတဲ့အခြေအနေမျိုးဖြစ် သွားပါလိမ့်မယ်။
Folly leaves the worst for the day when it comes ဆိုတဲ့ စကားကိုပဲ အမှတ်ရမိပါတယ်။
Ko Ye