စကစ လက်အောက်ခံ အင်းစိန်ဆေးဝါးစက်ရုံ မြွေဟောက်၊ မြွေပွေး အကောင် ၂၀၀၀ နီးပါး ဝယ်မည်ဟုဆို
မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန်အတွက် မြွေတကောင်လျှင် ၈၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူလိုကြောင်း စကစ လက်အောက်ခံ ဆေးဝါးစက်ရုံ (အင်းစိန်) က ယနေ့(ဇူလိုင် ၂၉) ထုတ် ကြေးမုံသတင်းစာမှာ ထည့်သွင်း ကြော်ငြာလိုက်ပါတယ်။
ဆေးဝါးစက်ရုံ (အင်းစိန်) တွင် မြွေဆိပ်ဖြေဆေးထုတ်လုပ်ရန်အတွက် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဖမ်းဆီးရမိသော မြွေပွေး ၁၂၀၀ ကောင်နှင့် မြွေဟောက် ၄၀၀ ကောင်ကို ဝယ်ယူလိုကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။
မြွေများမှာ တကောင်လျှင် ၅၀ ကျပ်သားနှင့် အထက်ရှိရမည်ဖြစ်ပြီး တန်ဖိုးမှာ ၈၀၀၀ ကျပ်နှုန်းဖြင့် စက်ရုံသို့အရောက်ပေးပို့ရမည်ဖြစ်ကြောင်း ကြော်ငြာထားပါတယ်။ ထို့အပြင် ရောင်းချလိုတဲ့ အရေအတွက်အလိုက် လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူသွားမယ်လို့ သိရပါတယ်။
အန်နယ်ဒီ အစိုးရလက်ထက်မှာ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုကို ပြည်တွင်း၌ စတင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်လို အပူပိုင်း နိုင်ငံအနေနဲ့ မြွေအန္တရာယ်ကို အများဆုံး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒေသခံတွေကတော့ စကစ ဆေးဝါး စက်ရုံက ပေးတဲ့ ဈေးနှုန်းဟာ အလွန်နည်းပါးနေကြောင်း၊ သွားရေး လာရေး ခက်ခဲတဲ့ အခုလိုအချိန်မှာ ဖမ်းလာတဲ့ မြွေတွေကို လိုင်းကားနဲ့လည်း သယ်လို့ မရကြောင်း၊ ပြီးတော့ အပြင်ဈေးနဲ့ အရမ်းကွာနေကြောင်း ပြောပါတယ်။