စကစကျောင်းတွေမှာ ကျောင်းဖယ်ရီကားခ ၂ ဆကျော်တက်၊ ကျောင်းသားများ မစီးကြတော့ဟုဆို
ပြည်တွင်း စက်သုံးဆီစျေးကြီးမြင့်မှုကြောင့် ဖြစ်လာတဲ့ ကျောင်းဖယ်ရီခကောက်ခံတဲ့ စျေးနှုန်းတွေဟာ ယခင်ထက် ၂ ဆကျော် မြင့်လာတာကြောင့် ကျောင်းသားမိဘတွေ အခက်ခဲဖြစ်ရတယ်လို့ ကျောင်းသားမိဘတွေထံကနေ သိရပါတယ်။
“ကျောင်းဖယ်ရီခက ကျောင်းစရိတ်ထက်တောင် လက်ရှိမှာမြင့်နေတဲ့ အနေအထားပါ။ အိမ်နဲ့ကျောင်း ၃ မှတ်တိုင်လောက်ကို တစ်လ ၈ သောင်းနှုန်းကျတယ်။ အရင်ကထက်စျေးက၂ ဆကျော် တက်လာပါတယ်။ အခုက အချို့မိဘတွေဆိုလည်း နီးစပ်ရာစိတ်ချရတဲ့ တက်စီနဲ့ ကလေးများများ စုပြီး ကြိုပို့လုပ်ပေးနေရတယ်။ ကျောင်းဖယ်ရီက စိတ်ချရတော့ ဖယ်ရီစုံစမ်းတာအရင်က အယောက်၂၀ လောက်စီးတဲ့ school bus တွေဆို စီးမယ့်သူ ၂ ယောက်လောက်ပဲ ရှိတယ်ကြားတယ်။ အခက်ခဲတော်တော်ဖြစ်ရပါတယ်။”လို့ ရန်ကုန်မြို့နေကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
ကျောင်းဖယ်ရီခ စျေးနှုန်းများဟာ ယခင် ကိုဗစ်ကာလနဲ့ ကိုဗစ်ကာလမတိုင်ခင်များက ငွေကျပ် ၅၀၀၀၀ သာပေးခဲ့ရပြီး ၂၀၂၂ ခုနှစ် မေလကျောင်းဖွင့်ချိန်အတွင်းမှာ ငွေကျပ် ၁၂၀၀၀၀ ကျော်အထိ စျေးမြင့်တက်လာတာ ဖြစ်ပါတယ်။ လက်ရှိမှာ စက်သုံးဆီစျေးကြီးမြင့်လာမှုနဲ့အတူ တရိပ်ရိပ် တက်လာနေပြီး စျေးနှုန်းအနိမ့်ဆုံးငွေ ကျပ် ၈၀၀၀၀ ကနေ ငွေကျပ် ၁၅၀၀၀၀ အထိ ပေးစီးနေရတယ်လို့ဆိုပါတယ်။
ကျောင်းဖယ်ရီကားတွေအနေနဲ့ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) မှာ ကျောင်းကြိုပို့ကားများ အဖြစ် မှတ်ပုံတင်ထားရပြီး ကျောင်းသားများအတွက် သတ်မှတ်ထားတဲ့ လုံခြုံရေးအချက်အလက်များ ပါရှိမှသာ မှတ်ပုံတင်လို့ ရတယ်လို့ သိရပါတယ်။ ပြင်ပကားတွေမှာတော့ ကျောင်းသားအင်္ဂါရပ်နဲ့ ညီညွှတ်တဲ့ စနစ်တွေ ပါ မပါ သေချာ မသိနိုင်ဘူးလို့ ဖယ်ရီကားပြေးဆွဲတဲ့ အုံနာများက ပြောပါတယ်။
စကစအနေနဲ့ ကျောင်းသား ၆ သန်းကျော် ကျောင်းအပ်ပြီး ကျောင်းတက်နေကြတယ်လို့ ဝါဒဖြန့် ကြေညာထားပေမယ့်လည်း လက်ရှိအချိန်မှာ ကျောင်းအပ်ပြီး ကျောင်းမတက်တဲ့သူတွေ ရှိတာကြောင့် ကျောင်းကားတွေ မထွက်နိုင်တဲ့ အခြေအနေ ဖြစ်ပေါ်နေပါတယ်။
မူလတန်းတွေကို တချို့ကျောင်းတွေမှာ တပတ် ၂ ရက်သာ တက်ခိုင်းပြီး အတန်းပေါင်း သင်ရတာကြောင့် ကလေးတွေအနေနဲ့ ကျောင်းတက်ရင် ထမင်းစားပြီး ပြန်ရသလို ဖြစ်နေပြီး ဘာစာမှ ဟုတ်တိပတ်တိ မရဘူးလို့လည်း ကျောင်းသားမိဘတွေဆီကနေ ကြားသိရပါတယ်။
စက်သုံးဆီ ဈေးနှုန်း အဆမတန် မြင့်တက်နေပြီး စီးမယ့်ကျောင်းသား မရှိတာကြောင့် ရန်ကုန်ရဲ့ ကျောင်းကားဈေးကွက်က ပျက်စီး သွားတဲ့ အနေအထား ရောက်နေပြီလို့ ကျောင်းကားအုံနာ တဦးက ပြောပြပါတယ်။ စကစရဲ့ လွဲမှားတဲ့ မူဝါဒတွေကြောင့် စက်သုံးဆီဈေးနှုန်း ပိုမိုမြင့်တက်လာပြီး တနိုင်ငံလုံး ကုန်ဈေးနှုန်းတွေ တရှိန်ထိုး မြင့်တက်နေပါတယ်။