မြန်မာလူငယ်တွေ နိုင်ငံခြားကို ထွက်ကိုထွက်သင့်တဲ့ အကြောင်းအရင်းများ

ဒေါ်အောင်ဆန်းစုကြည် အတိုင်ပင်ခံဖြစ်ပြီးနောက်ပိုင်း နိုင်ငံခြားထွက်တဲ့သူတွေ နည်းသွားပြီး၊ နိုင်ငံခြာရောက်မြန်မာအတော်များများလည်း မြန်မာနိုင်ငံကို ပြန်ခဲ့ကြတယ်။ စင်္ကာပူကတော့ အများဆုံးဘဲ၊ ပြီးရင် ဂျပန်က ဒုတိယ၊ အမေရိကန်နိုင်ငံသားခံယူထားသော မြန်မာတွေ အပါအဝင် အတော်များများ မြန်မာနိုင်ငံမှာ ပြန်နေကြတယ်။

အသိမိတ်ဆွေ သူငယ်ချင်းထဲမှာတင် ပြန်တဲ့သူတွေ အရမ်းများတယ်။ မရှိဘူးဆိုရင်တောင် ရင်းရင်းနှီးနှီး ခင်မင်နေတဲ့သူချည်းဘဲ အယောက် ၃၀လောက် ရှိတယ်။ ပြန်ပြီး ကုမ္ပဏီထောင်တဲ့သူက ထောင်၊ ဆိုင်ဖွင့်တဲ့သူတွေ ရှိသလို၊ နိုင်ငံခြားကုမ္ပဏီတွေမှာ ဝင်လုပ်တဲ့သူတွေလည်း အများကြီးဘဲ။ အချိန်တိုတိုအတွင်းမှာကို အရမ်းလည်း အဆင်ပြေကြတယ်၊ အောင်မြင်ကြတယ်။

သူတို့ကိုကြည့်ပြီး မြန်မာနိုင်ငံကို အပြီးပြန်တော့မယ် မှန်းထားတဲ့သူတွေ ဆိုတာလည်း တကယ်ကို အရမ်းများတယ်။ အခုတော့ အဲဒီလူတွေ အကုန်လမ်းပျောက်၊ နိုင်ငံတွင်းကလူတွေတောင် နိုင်ငံခြားကို အရမ်းပြန်ထွက်လာကြတယ်။ ကျမက နိုင်ငံခြားထွက်တာဟာ ဖြစ်နိုင်လျှင် ကလေးတိုင်း ထွက်ကြည့်သင့်တယ်လို့ မြင်သူပါ။ အဓိက အကျိုးကျေးဇူးက

(၁) အမြင်ကျယ်စေတယ်။ ဥပမာ သူများနိုင်ငံတွေမှာ ဘာနည်းပညာတွေ သုံးပြီး၊ ဘယ်လိုတွေတိုးတက်နေပြီးလဲ မြင်ရတယ်။ (၂) Independent ဖြစ်သွားတယ်။ လုံးလုံးကြီးကို ကိုယ့်အားကိုယ်ကိုး တတ်လာတယ်။ ကိုယ့်ကို ယုံကြည်မူ တိုးလာတယ်။ self-sufficient ဖြစ်လာတယ်။ တခြားသူတဦးအပေါ် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အမှီအခို ကင်းကင်းနှင့် နေတတ်လာတယ်။ ဒါပေမယ့် နိုင်ငံခြားမှာ ရေရှည်နေသင့်မသင့်ကျ ကိုယ်ရဲ့ လိုအပ်ချက်၊ ရည်မှန်းချက်တွေနှင့် ပိုပြီး သက်ဆိုင်လိမ့်မယ်။

အပေါ်မှာ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် အတိုင်ပင်ခံ ဖြစ်ချိန်မှာ မြန်မာနိုင်ငံကို အပြီးပြန်သွားကြတဲ့ သူတွေဆိုရင်ရော ဘာကြောင့် ပြန်ကြသလဲ။ စင်ကာပူမှာနေခဲ့သူအများစုကတော့ ရှင်းတယ်။ သူတို့က စင်္ကာပူမှာ အမြဲတမ်းနေထိုင်ခွင့် ပီအာလည်း မရှိဘူး၊ စင်ကာပူအစိုးရကလည်း ပီအာကို လုံးဝနီးပါးကို မထုတ်ပေးတော့ဘူး ဖြစ်တဲ့အတွက် တခြားနိုင်ငံကူးမလား၊ ပြန်မလား တွေးကြရတယ်။ အဲဒီမှာ အပြီး ပြန်ဖို့ကို ရွေးကြတဲ့သူတွေ များတယ်။

ဒါပေမယ့် ပြန်ကြသည့်သူများတွင် အမြဲတမ်းနေထိုင်ခွင့် ရှိသူ ပီအာတွေလည်း အများကြီး ပါပါတယ်။ နိုင်ငံခြားမှာ မပျော်လို့ ပြန်ကြတာ။ ဂျပန်မှာနေပြီး ပြန်တဲ့သူအများစုကတော့ အလုပ်ကြောင့် ဖြစ်သည်။ အလုပ် အရမ်းပင်ပန်းတယ်။ ကြားရသလောက် စင်္ကာပူက လူတွေထက် အများကြီး ဖိအား ပိုများပါတယ်။

အမေရိကန်နိုင်ငံသား ခံယူပြီး၊ မြန်မာနိုင်ငံမှာ အလုပ်ပြန်လုပ်တဲ့ လူငယ်တွေလည်း ရှိကြသည်။ ဥပမာ အသိတယောက်ဆို မိဘရဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ဆက်လုပ်ဖို့ရန် ပြန်သွားတာမျိုး။ ခီလင်မယားတို့လို သူတို့ရဲ့ ဖရော်ဖက်ရှင်နယ်နဲ့ အမေရိကမှာ လုပ်ရမလွယ်တာကြောင့်။ တချို့လည်း အငြိမ်းစားယူပြီး ပင်စင်လစာလေးနဲ့ မြန်မာနိုင်ငံမှာ ပြန်နေကြတယ်။

အခုတော့ အဲသလို တပ်ခေါက်ပြန်ခဲ့တဲ့သူတွေရော၊ အပြီး ပြန်တော့မည်ဆိုတဲ့သူတွေရော၊ နိုင်ငံခြားထွက်ဖို့ရန် တခါမှမတွေးဖူးတဲ့သူတွေရော အားလုံးဟာ နိုင်ငံခြားထွက်ဖို့ကိုဘဲ ဦးတည်နေကြတယ်။ နိုင်ငံခြားပြန်ထွက်ဖို့လုပ်နေတဲ့ သူငယ်ချင်းတယောက်ကတော့ ပြောတယ် “ငါ့အတွက် အများကြီး မလိုအပ်ပါဘူး။ အများကြီးလည်း မမျှော်လင့်ဘူး။ အခြေခံ လုံခြုံရေးလေးရယ်၊ ကျန်းမာရေးနှင့် လူ့အခွင့်အရေးလေး နည်းနည်းပါပါးပေါ့။ အဓိက မျှော်လင့်ချက်က တခုတည်း.. ပြည်သူ့အစိုးရ။ အဲဒါသာရှိရင် ကျန်တာတွေ ငါတို့လုပ်ယူလို့ရတယ်၊ လုပ်ယူနိုင်တယ်။

အခုတော့ ဥပဒေဟာ လူ့တယောက်ရဲ့ ပါးစပ်က ထွက်တဲ့စကား ဖြစ်လာတော့ ဘာဆက်လုပ်လို့ ရတော့မှာလဲ။ အခုအာဏာသိမ်းအစိုးရအပေါ် ယုံကြည်မူလည်း မရှိဘူး၊ ယုံကြည်စရာလည်း တချက်မှ မကောင်းဘူး။ မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေလည်း ဘာတခုမှ မရှိတော့ဘူး ဟာ..” (ဆု မော်လမြိုင်)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page