အာဏာသိမ်းလို့ ဘယ်တော့မှ မတိုးတက်ခဲ့တဲ့ မြန်မာပြည်နဲ့ မလုပ်သင့်တာကို လုပ်ခဲ့ကြသူများ

မနှစ်က ဒီလိုအချိန်….တိုင်းပြည် ကံကြမ္မာအပြောင်းအလဲ ဖြစ်နိုင်တယ် ဆိုတာ ကြိုသိနေခဲ့တော့ ဒီလိုတွေ ကြိူပြီး ရေးခဲ့ဖူးတယ်။ နှစ်ဖက်ညှိနှိုင်းပေးကြပါလို့ အသံကုန်ဟစ်ခဲ့တယ်၊ ကျန်တာကတော့ သမိုင်းပေါ့ဗျာ။

နိုင်ငံမှာ အာဏာ သုံးကြိမ်သိမ်းခဲ့တယ်။ ၅၈ တခါ ၆၂ တခါ ၈၈ တခါ။ လွတ်လပ်ရေးရကတည်းက ဒီနေ့အထိ နိုင်ငံတော်ရဲ့ လျောက်ခဲ့တဲ့ ပြည်ထောင်စုခရီးလမ်း အနှစ် ၇၃ နှစ် မှာ အာဏာသိမ်းအစိုးရတွေရဲ့အရိပ်ထဲက ဝင်လိုက်ထွက်လိုက်နဲ့ ၊ အသက် ရ၃ နှစ် လူတယောက်သက်တမ်းမှာ ပြည်သူရွေးချယ်ပိုင်ခွင့်ရခဲ့တာ သူ့သက်တမ်းရဲ့ ၂၂ နှစ်မပြည့်ဘူး။ ကျန်တဲ့ နှစ် ၅၀ က အမှောင်ခေတ်။

အမှောင်ခေတ်တွေပြန်ကြည့်တော့ ဘဝ က ကကြီးက ပြန်စကြရတယ်၊ ကိုယ်ပိုင်ဇာတ်လမ်း နဲ့ ငိုချင်းလေးချရရင် … ၆၂ အာဏာသိမ်းတော့ အဘိုး အဘွားရဲ့ပိုင်ဆိုင်မှုအကုန် အသိမ်းခံခဲ့ရတယ်၊ အလွန်ကြွယ်ဝတဲ့အမေ့ဘက်က အဘိုးအဘွားတွေရဲ့ ဆန်စက်၊ ဆီစက်၊ လယ်ယာ၊ ကျွဲနွား အကုန်အသိမ်းခံလိုက်ရလို့ လုပ်မစားရဲဘူး။ ရှိတဲ့တိုက်တာအိမ်ယာ အထုတ်ဖြည်ရောင်း၊ အလင်းခေတ်ကိုလာနိုးလာနိုး စောင့်နေရင်း…. အလင်းခေတ်မရောက်ခင် အကုန်ပြောင်သွားတာ… ကုန်းကောက်စရာတောင် မရှိဘူး၊

အခု ကျန်တဲ့ မျိုးဆက်သစ် မိသားစုဝင်တွေ ပြန်ကြည့်တော့ အကုန် ဆင်းဆင်းရဲရဲ ရေမဆေးကျောက်ရှာစားရတဲ့ဘဝ ရောက်ကုန်ကြရော။ ၆၂ ရိုက်ချက် … နှစ်ပေါင်း ၂၀၂၀ အထိ နှစ်ပေါင်း၅၈နှစ်မှာ ဘာမှမဆိုင်တဲ့ နောင်ပေါက် သန္ဓေသားတွေ အဆက်ဆက် ဘာအရင်းအနှီး ဘာပညာမှ မရခဲ့ကြလို့ နလံမထူပုံ ပြောပါတယ်။

၈၈ တုန်းက ၂၂ နှစ်တာ ခံခဲ့ရတဲ့မျိုးဆက်တွေ..အခုမှ သူတို့တွေရဲ့ မျိုးဆက်သစ်ကို အမှောင်ထဲကနေ အလင်းဆိုတာဘာ လို့ လက်ဆွဲပြမလို့ ပြင်ဆင်နေကြတုန်း…

ဒီတော့ဗျာ… အလင်းခေတ် ငါးနှစ်နေတခါ လှုပ်လှုပ် ၁၀ နှစ်နေတခါ လှုပ်လှုပ် ဆိုရင်တော့ နောင်လာလတံ့သော မမွေးသေးတဲ့ ၂၀၂၀ နောက်မျိုးဆက်တွေလည်း လာလတံ့မရည်တွက်နိုင်တဲ့ နှစ်များစွာ တလှုပ်လှုပ်နဲ့ ဘဝ ကို ကောင်းကောင်း မတည်ဆောက်နိုင်ဘူး…သမိုင်း မကြုံခဲ့ဖူးကြတာလည်းမဟုတ်။ ဘယ်လောက် ဆိုးတဲ့နိုင်ငံလဲစဉ်းစားသာကြည့်ပါ။

လက်ရှိနိုင်ငံတော်ဟာ ဘယ်လောက်ဆိုးလည်းဆိုရင် နိုင်ငံမှာ အသိပညာရှင်လည်း မရှိတော့ပါဘူး၊ အတတ်ပညာရှင်လည်း မရှိကြပါဘူး၊ နိုင်ငံခြားမှီငြမ်းပြီး ပြောတတ်ဆိုတတ်ယုံ လူလေး တယောက်စ နှစ်ယောက်စ ရှိတဲ့နိုင်ငံပါ။ စွန့်ဦးတီထွင်တွေလည်းမမွေးသေးပါဘူး၊ သူများနိုင်ငံက ထွန်းလင်းတဲ့ အရောင်လေး လှမ်းယောင်ယောင်ကြည့်ပြီး ဟိုနိုင်ငံက ဟိုလိုလုပ်တယ်၊ ဒီနိုင်ငံက ဒီလိုလုပ်နေတယ်ဟ လို့ အရောင်တွေမှန်းပြီး ကျွန်တော်တို့လည်း သူတို့လို ဒီလိုလုပ်ကြည့်မလားလို့ ယောင်တောင်တောင် တိုင်ပင်နေကြတုန်းရယ်။

ကပ်ဘေးဆိုက်နေလို့ သူများနိုင်ငံမှာ ခဲရာခဲဆစ် လုပ်ကိုင်ရှာဖွေစားသောက်နေရတဲ့လူတွေတောင် ကိုယ့်ဝတ်ကျင်းအစုတ် ပြန်ခိုနေရတဲ့အချိန်… နိုင်ငံသားတွေက မနက်ဖြန် ဆန်ဘယ်သူ့ဆီက ချေးရမလဲ ခေါင်းတောက်နေတဲ့အချိန်…

သူများက အာကာသ တပ်ဖွဲ့ထောင်ပြီး ကမ္ဘာ့အပြင်အာကာသကနေ တကမ္ဘာလုံးကို ချိန်ထားတဲ့ခေတ်ထဲ ကိုယ့်နိုင်ငံက လက်နက်ကိုင်က ကောက်ရိုးခြေထောက် မြက်ခြေထောက်နဲ့ လေ့ကျင့်ဆဲ…

ပေကျင်းကနေ ရှန်ဟိုင်း ကီလိုမီတာ ၁၂၀၀ ကို လေးနာရီနဲ့ ရထားစီးကြတဲ့ခေတ်ထဲ ကျွန်တော်တို့ က ဆယ်ဆနောက်ကျပြီး လေးနာရီ ကီလို ၁၂၀ ပဲရောက်တဲ့နိုင်ငံ…..

ကျွန်တော်တို့နိုင်ငံဟာ ဘယ်တိုးတက်မှုဇယားပေါ်မှာမှ လက်တဖက်တန်းလန်းမဆွဲနိုင်သေးပါဘူး၊ ဘေးနိုင်ငံတွေယှဥ်ဖို့မပြောနဲ့ သူတို့ပေးတဲ့သုခ ဒုက္ခ လှိုင်းစီးနေရဆဲ…

နိုင်ငံဟာ ဘယ် IT တော်လှန်ရေးမှလည်းမဆင်နွဲနိုင်သေးပါဘူး၊ သူများနိုင်ငံတွေကခိုင်းတဲ့ … ငါတို့ဒီအင်္ကျီဝတ်ချင်တယ်၊ မင်းတို့ချုပ်ပေး၊ ငါတို့ဒါလိုချင်တယ် မင်းတို့တူးပေး… ငါတို့ ဒီအလုပ်သမားလိုချင်တယ်၊ မင်းတို့သင်ပေး… ဟုတ်ကဲ့ပါခင်ဗျာ အဆင့်ပါဗျာ။

ဘယ်လောက်ကြေကွဲစရာကောင်းတဲ့နိုင်ငံပါလဲ.. ဒီနိုင်ငံဟာ ရုန်းထွက်ဖို့ စပြီ ဆိုရင် ကမ္ဘာက လက်ခံတဲ့ ဒီမိုကရေစီဆိုတဲ့ တရားဝင်မှုအောက်မှာ ကိုယ်စားပြုမှုတွေစုပြီး ကျွန်တော်တို့ စုစည်းမိပါပြီ၊ စတင်တည်ဆောက်နေပါတယ်လို့ ကမ္ဘာကို ညီညွတ်ပြနိုင်မှ…

အခု သန်း၅၀ ကျော်ဟာ ရောဂန္တရ ကပ်ဘေးနဲ့ ရင်ဆိုင်နေရတုန်း သတ္ထန္တရကပ် လက်နက်နဲ့ နှိပ်စက်တဲ့ကပ်ဘေးထပ်ရင်ဆိုင်ရရင် ဒုဗ္ဘိက္ခန္တရ ငတ်မွတ်မှုကပ် ကြိမ်းသေကြုံမှာပါပဲ။

မကြံကောင်းမစည်ရာတွေ မစဉ်းစားကြပါနဲ့ဗျာ၊ အဖက်ဖက်နိမ့်ကျနေတဲ့ လူမျိုးတွေအပေါ် အတွေးဖြင့်ကြံစည်ခြင်းသည်ပင် ဝမ်းနည်းစရာကောင်းလှပါတယ်။ အဖြေရှိပါတယ်။ မင်းတို့ပြုသည့် ကံအကျိုး ပြည်သူပြည်သားအပေါ် ဆုတ်ကပ် မမိုးပါစေနဲ့။

တရာ့တပါးသော ရေမြေ့ရှင်တို့… ပူပင်သောကကင်းကြပါစေ၊ နိုင်ငံအတွက် အကြံကောင်းအစည်ကောင်းများတွေးတောရင်း စက်တော်ခေါ်နိုင်ကြပါစေ။

Kyaw Swa Min

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page