နှစ် ၁၅၀ ကျော် သက်တမ်းရှိတဲ့ ကုက္ကိုပင်ကြီးကို ဗုဒ္ဓရုပ်ပွားတော်များအဖြစ် ပြောင်းလဲခြင်း
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြိုနယ်၊ ပေါက်တောကျေးရွာ၊ သုမနမဏ္ဍနကုန်းတော် ရွှေလရောင် စေတီတော် မြတ်ရဲ့ ပရဝုဏ်အတွင်း ကုက္ကိုပင် ပင်စည် ပတ်လည်မှာ ဗုဒ္ဓရုပ်ပွားတော်မြတ်တွေ ထုလုပ်နေမှုခြင်းက ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တယ်လို့ ဆရာတော် ဆရာတော်ဦးသုမနက မိန့်ကြားပါတယ်။
ဗုဒ္ဓရုပ်ပွားတော် ထုလုပ်နေတဲ့ ကုက္ကိုပင် သက်တမ်း နှစ် (၁၅၀)လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး ပင်စည် ပတ်လည် (၃၇)ပေ အမြင့် ၁၈ ပေရှိတယ်လို့ သိရပါတယ်။
ထုလုပ်နေတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေမှာ မုဒြာပုံစံ အမျိူးမျိုးနဲ့ ဉာဏ်တော်(၇)ပေရှိ တဲ့ ရပ်တော်မူပုံတော်(၇)ဆူနဲ့ ထိုင်တော်မှုပုံတော်တစ်ဆူတို့ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီရုပ်ပွားတော်တွေကို ဂန္ဓကုဋီတိုက်အတွင်း ထားရှိပူဇော်မှာဖြစ်ပြီး ဂန္ဓကုဋီတိုက်မှာလည်း ဉာဏ်တော် (၁၈)တောင်အမြင့်ရှိ စူဠာမုဏိစေတီတော်ကို တည်ထားတယ်လို့ သိရပါတယ်။ စူဠာမဏိစေတီတော်ကို လာမည့်တပေါင်းလပြည့်နေ့မှာ ထီးတော်တင်လှူ ပူဇော်မယ်လို့လည်း သိရပါတယ်။
နှစ်ပေါင်း ၁၅၀ သက်တမ်းရှိပြီး ပင်စည်ပတ်လည် ၃၇ ပေရှိတဲ့ ကုက္ကိုပင်ကြီးမှာ ဗုဒ္ဓရုပ်ပွားတော်တွေသာ ထွင်းထုပြီးရင် မြန်မာပြည်မှာ အပင်တပင်တည်းကနေ အကြီးဆုံး ထုလုပ်တဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ အဖြစ် မှတ်တမ်းဝင်နိုင်မှာ ဖြစ်ပါတယ်။