ဦးနေဝင်းရဲ့ နေဝင်ချိန် နောင်တနဲ့ ကုန်းဘောင်ဆက် ဂျင်းအကြောင်း
သင်္ခါရတရားတွေကို မသိခဲ့လို့ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့မိတယ်လို့ ဗိုလ်ချုပ်ကြီးဟောင်းနေ၀င်းက ပြောဆိုတဲ့အကြောင်း ကိုကိုမောင်ကြီး (ဦးချစ်လှိုင်)ရဲ့ ကျွန်တော်သိသော တစ်ရံရောအခါများ စာအုပ်မှာ ရေးထားပါတယ်။
၁၉၉၅ ဇူလိုင်လမှာ ဦးနေ၀င်းက သူ့ဆီသွားတဲ့ ဦးချစ်လှိုင်၊ မဆလခေတ် ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးတင်အောင်ဟိန်းတို့ကို ပြောလိုက်တာပါ တဲ့။
“ကိုယ်လူတွေနဲ့ ကြုံတုန်း ပြောလိုက်ရဦးမယ် …. ကိုယ့်အနေနဲ့ ဒီသံသရာ တရားတွေ သင်္ခါရတရားတွေ အနိစ္စ …. အနတ္တတရားတွေကို ဒီနေ့ သိမြင်သလိုများ ဟိုတုန်းက သိခဲ့မယ် ဆိုရင် ၁၉၆၂ ခုနှစ်၊ မတ်လက ကိစ္စကို ကိုယ်မလုပ်ခဲ့ပါဘူး …. ဟုတ်တယ် …. အဲဒီတုန်းကသာ ဒီတရားတွေကို သိနေခဲ့ရင် ၁၉၆၂ က လုပ်ခဲ့တဲ့ အလုပ်မျိုးကို ကိုယ်မလုပ်ခဲ့ဘူး” (စာ-၇၆၂)
ဦးချစ်လှိုင်က ဒါကို ကြားရတော့ “ဟယ်” ခနဲ ဖြစ်သွားပါတော့တယ် လို့ ဆိုပါတယ်။ ဦးနေ၀င်းကို တွေ့ရတာ ရွှင်ရွှင်လန်းလန်း ကျန်းကျန်းမာမာရှိတယ်၊ “အာနာပါနကမ္မဋ္ဌာန်းကို လေ့ကျင့်ပြီးနောက် ဝိပဿနာ၏ အလုပ်ဖြစ်သော လက္ခဏာရေးသုံးပါးကို ရှုမှတ်ပွားများ လေ့ကျင့်မှု ပြုနေသည်” လို့ ဆိုပါတယ်။
ဦးနေ၀င်း နဲ့ ဦးချစ်လှိုင် ၁၉၈၇ နို၀င်ဘာလမှာ တွေ့တုန်းက ပြောကြတာတွေကလည်း စိတ်၀င်စားစရာ ကောင်းပါတယ်။ “ဟေ့ကောင် ဖိုးချစ်လှိုင် destiny (ဒက်စတီနီ) ဆိုတာကို မင်းယုံရဲ့လား” “ဟုတ်ကဲ့ …. ကျွန်တော် ယုံပါတယ် …. ဒက်စတီနီ ဆိုတာ ကံပန်းတိုင်ပေါ့ခင်ဗျာ”
“အေး …. ကံပဲ ပြောပြော ဘာပဲပြောပြော destiny ရှိတာတော့ အမှန်ပဲကွ၊ တခြားပြောချင်တာ မဟုတ်ပါဘူး။ ငါ့အကြောင်းပါ။ ငါ့ဦးလေး သခင်ညီ၊ ဦးလေး ဆိုပေမယ့်လို့ အသက်ချင်းကွာတာ မဟုတ်လို့ ငါ့အစ်ကိုပဲ ဆိုပါစို့။
အေး …. သူ နေမကောင်းတာနဲ့ သူ့အစား ဂျပန်ပြည်ကို သွားမယ့် သင်္ဘောပေါ်ကို တခြားအဖော်တွေနဲ့အတူ ငါလိုက်သွားရတယ်။ အဲဒီအချိန်က စပြီး ငါ့ဘ၀ဟာ တစ်ခါတည်းပြောင်းသွားတာပဲ။ Turning-point ပေါ့ကွာ။ ငါသာ အဲဒီလို လိုက်မသွားဖြစ်ခဲ့ရင် ငါဟာ ဗိုလ်နေ၀င်း ဖြစ်လာမှာ မဟုတ်ဘူးကွ။ အဲဒါကို Destiny ပဲလို့။ ဒါပြောချင်တာပဲ”
“ဦးညိုမြရေးတဲ့ ကုန်းဘောင်ရှာပုံတော် စာအုပ်ထဲမှာ ဗိုလ်ချုပ်နဲ့ပတ်သက်လို့ ဗိုလ်ချုပ်ဟာ ဘိုးတော်ဘုရားမင်းရဲ့ အဆက်အနွယ်က ဆင်းသက်လာတဲ့သဘောမျိုး ရေးထားပါတယ်”
“မင်းက ကုန်းဘောင်မင်းမျိုးတွေကို အထင်ကြီးနေတယ်ထင်တယ် …. ကုန်းဘောင်မင်းဆက်တွေ ညံ့ဖျင်းလို့ တို့နိုင်ငံ ကျွန်ဖြစ်ခဲ့ရတာပဲကွ။ ဒါကို မင်းတို့ငြင်းနိုင်မလား။ …. တစ်ခုတော့ ရှိတယ်။ ငါက ရွှေဘို မုဆိုးချုံ ဗိုလ်တွန်က ဆင်းသက်လာတာတော့ မှန်တယ်” (စာ-၈၄၃)
မုဆိုးချုံ ဗိုလ်တွန်ရဲ့ သမီးကို ပဒုံမင်း(အမရပူရမြို့တည်နန်းတည်မင်း) က မိဖုရားအရာ တင်မြှောက်ခဲ့တယ်၊ ဒါပေမယ့် ဦးနေ၀င်းဟာ သူ ပဒုံမင်းက ဆင်းသက်တာကို တိုက်ရိုက်ပြောချင်ပုံမရဘူး လို့ ဦးချစ်လှိုင်က သုံးသပ်ထားပါတယ်။
အပေါ်က စာတွေကတော့ ဦးချစ်လှိုင်က ဦးနေဝင်းကို ဖားပြီး ရေးခဲ့တာတွေပါ။ ဦးနေဝင်း မြန်မာစစ်ကြောင်း မည်ကဲ့သို့ သက်သေပြနေပါစေ တရုတ်မျိုးနွယ် ဖြစ်တာကိုတော့ ငြင်းဆိုလို့ မရခဲ့ပါဘူး။ ကုန်းဘောင်ဆက်ဆိုပြီး ပြောတာကလည်း အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန်က မိုဟာမက်နဲ့ သူနဲ့ အမျိုးတော်တယ် ဆိုတာကို ပြောသလိုမျိုးပဲ ဖြစ်ပါတယ်။
ခေတ်တိုင်းမှာ အာဏာရှင်တိုင်းက သူတို့ကိုယ် သူတို့ မြင့်မြတ်တဲ့ မျိုးရိုးက ဆင်းသက်လာတယ်လို့ပဲ ညွှန်းဆိုလေ့ ရှိကြပါတယ်။ အာဏာရှင်တွေ ဘေးနားမှာလည်း ကပ်ဖားနေတဲ့ အမြှောင်အကပ်တွေကလည်း အာဏာရှင်တွေ အလိုကျ လိုက်ရေးပေးရတာတွေ ရှိပါကြောင်း ဗဟုသုတအနေနဲ့ ရေးသာလိုက်ရပါတယ်။