မြေပိုင်ဆိုင်ခြင်း အထောက်အထား လုံးဝ မဟုတ်တဲ့ ပုံစံ (၁၀၅) နဲ့ ပုံစံကို နားလည်အောင် ဖတ်ရှုနည်း

ပုံစံ ၁၀၅ ရှိရင် မြေပိုင်တယ်၊ ဂရန်ရနေတယ်လို့ ထင်တတ်ကြပါတယ်။ ၁၀၅ ကိုပြ ဂရန်ဆိုပြီး ရောင်းဝယ် နေကြတာ ရှိပါတယ်။ လူတစ်ယောက်က မေးတယ် “လွန်ခဲ့တဲ့ (၁၅) နှစ်က မြေဂရမ်ရှိရက်နဲ့ ခုမြေဂရမ်အသစ်ဖောက်ပြီး အရောင်းအဝယ် လုပ်နေကြတယ်” ဆိုပြီး သူတင်ပြတာက ပုံစံ ၁၀၅ စာရွက်ဖြစ်နေပါတယ်၊ ဂရန်မဟုတ်ပါဘူး၊ နောက်ပြီး စာရွက်မှာ ရေးထားတာ ကြည့်လိုက်တော့ ရွာမြေအတွင်းမှာရှိတဲ့ မည်သူကိုမျှ ဂရန်အဖြစ် ထုတ်ပေးမထားတဲ့ မြေကွက်တစ်ကွက်ဖြစ်ပါတယ်။

ဒီပုံစံ ၁၀၅ ကိုကာယကံရှင်များက မိမိတို့နည်း မိမိတို့ဟန်ဖြင့် ပုံစံ ၁၀၅ ထုတ်ယူထားခြင်းသာ ဖြစ်ပါတယ်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ဂရန်မှတ်တမ်းမှာ စာရင်းမဝင်နိုင်သလို မြေစာရင်းဌာနရဲ့ မြေပိုင်ဆိုင်မှု မှတ်ပုံတင်စာရင်း 1.A (၁-က)မှာလည်း မှတ်တမ်းမဝင်နိုင်ပါဘူး။

ရွာမြေကို အခုမှ တစ်မြို့နယ် တစ်ရွာနှုန်း မြေတိုင်းတာ ဂရန်ပေးနေတဲ့ စီမံချက်နဲ့ လုပ်ပေးနေတာပါ။ ကျေးရွာတိုင်း မြေဂရန်ရဖို့ မလွယ်သေးပါဘူး၊ အသေးစိတ် မြေတိုင်းတာခြင်း လုပ်ငန်းတွေ အချိန်ယူ လုပ်ဆောင်ရ ပါတယ်။ ရွာမှာ အိမ်တစ်ကွက်ချင်း မည်သူပိုင်တယ်လို့ တိုင်းတာပုံထုတ် မှတ်တမ်းတင်တဲ့စနစ် မရှိသေးပါဘူး။ ကာယကံရှင်က မိမိအကွက်ကို မိမိအစီအစဉ်နဲ့ တိုင်းတာပုံထုတ်ထားတာ ဖြစ်နိုင်ပါတယ်။

မြေပိုင်ဆိုင်မှုအတွက် ပုံစံ ၁၀၅ ဆိုတာက အထောက်အကူ မပြုပါဘူး။ ပုံစံ ၁၀၅ ဆိုတာ ရေးကူးလိုသော အကြောင်းတစ်ရပ်အတွက် ရေးကူးပေးသော မြေပုံသာဖြစ်ပါတယ်။ မြေပိုင်ဂရန် (Grant) သို့မဟုတ် အငှါးချထားဂရန် (Lease) သို့မဟုတ် လိုင်စင် (License) မဟုတ်ပါဘူး။

လယ်ယာမြေ ဖြစ်ရင် လယ်ယာမြေလုပ်ကိုင်ရန် ပုံစံ (၇) ကို ရပ်ကျေးမှ မြို့နယ်၊ မြို့နယ်မှခရိုင် အဆင့်ဆင့် လယ်စီအဖွဲ့ရဲ့သဘောထား အတည်ပြုချက်နဲ့ ခရိုင်လယ်စီက အတည်ပြုပြီး အဖွဲ့ဝင် (၇) ဦးပါတဲ့ မြို့နယ်လယ်စီအဖွဲ့က ခွင့်ပြုပေးပါတယ်။ မြို့မြေဂရန်ကို ကော်လိပ်တော် (ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ထွေအုပ်)က ခွင့်ပြုပါတယ်။

မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်ကို ဧက ၃၀၀/၅၀ အောက်ဆိုရင် ပြည်နယ်တိုင်း ဝန်ကြီးချုပ် ဦးဆောင်သော မြေလွတ်မြေရိုင်းအဖွဲ့က ခွင့်ပြုပေးပြီး ထိုထက်ပိုရင် ဗဟိုမြေလွတ်မြေရိုင်းအဖွဲ့က ခွင့်ပြုပေးပါတယ်။ လယ်ယာမြေအခြားနည်းအသုံးပြုမှုကို လယ်မြေအတွက် ဗဟိုလယ်စီအဖွဲ့နဲ့ ဥယျဉ်မြေအတွက် ပြည်နယ်တိုင်း အစိုးရ + ပြည်နယ်တိုင်း လယ်စီအဖွဲ့က ခွင့်ပြုပါတယ်။ မြေအမျိုးအစားအလိုက် သက်ဆိုင်ရာ ဌာန၊ အဖွဲ့များကသာ လုပ်ပိုင်ခွင့် ပြုခြင်းဖြစ်ပါတယ်။

အခုသူပြတဲ့ ပုံစံ ၁၀၅/၁၀၆ ဆိုတာမှာ ပုံစံ ၁၀၅ ဆိုတာက မြေပုံ၊ ပုံစံ ၁၀၆ က မြေရာဇဝင်ပါ။ မြေစာရင်း ဌာနက ထုတ်ပေးတဲ့ မြေစာရင်း ပုံစံ ၁၀၅ ကို “လက်ရှိမြေပုံမှာ ယခုနှစ်အသုံးပြု နေသော ဦးပိုင်မြေပုံ” လို့ခေါ်ပါတယ်။ စာတိုခေါ်ရရင် “မြေပုံ”ပေါ့။ နောက် မြို့ကြီးတွေမှာ အိုးအိမ်ဦးစီးဌာနက ထုတ်ပေးတဲ့ မြေပုံကိုတော့ “S-22” လို့ခေါ်ပါတယ်။

နောက်တစ်ခုက ရန်ကုန် မြို့တော်စည်ပင်က ထုတ်ပေးတဲ့ မြေပုံမှာကတော့ ပုံစံနံပါတ် မပါရှိပါဘူး။ ပုံစံ ၁၀၅ မြေပုံစာရွက်မှာ ကြည့်လို့ရ တာတွေ အများကြီးရှိပါတယ်။ သိသင့်၊ ကြည့်သင့်၊ မှတ်သင့်ပါတယ်။ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကွင်းအမှတ်၊ ကွင်းအမည်၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ ပိုင်ရှင်အမည်၊ ပိုင်ဆိုင်မှု၊ မြေအမျိုးအစား၊ အကျယ်အဝန်းနဲ့ ရေးကူးပေးရတဲ့ အကြောင်းအရာ စသည်ဖြင့် တိကျမှန်ကန်စွာ ရေးသားထားကြ ပါတယ်။

သိထားသင့်တာက ပုံစံ ၁၀၅ ဆိုတာ “မြေစာရင်းဌာန” က ထုတ်ပေးတဲ့ “ပုံစံ တစ်ခုသာ” ဖြစ်ပါတယ်။ အဲဒီ ပုံစံက လယ်ယာမြေပဲ ဖြစ်ဖြစ်၊ ရွာမြေ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ ဂရန်မြေပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ မြေစာရင်း ဦးစီးဌာနအပိုင် နယ်နိမိတ်အတွင်းမှာရှိတဲ့ မြေတို့ရဲ့အကျယ်အဝန်းနဲ့ အမျိုးအစားကို ဖော်ပြပေးတဲ့ ပုံစံစာရွက်သာ ဖြစ်ပါတယ်။

နောက်တစ်နည်း ပြောရရင် ပုံစံ ၁၀၅ ဆိုတာ ပိုင်ဆိုင်မှု အာမခံချက် လုံးဝ(လုံးဝ) မဟုတ်ပါဘူး။ တည်နေရာကို ဖော်ပြရန်၊ မြေအမျိုးအစားကို ဖော်ပြရန်၊ အိမ်ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် တည်နေရာကို ညွှန်းဆိုရန်၊ မြို့မြေဖြစ်ရင် ဂရန်လျှောက်ထားရာမှာ တည်နေရာကို ညွှန်းဆိုရန် စသည်တို့အတွက် ဌာနကထုတ်ပေးတဲ့ “မြေပုံ ပုံစံတစ်ခုသာ” ဖြစ်ပါတယ်။

ဒီပုံစံ ၁၀၅ လက်ထဲ ရောက်တာနဲ့ ကိုယ်လုပ်ချင်တာ လုပ်လို့ရမယ်၊ မြေပိုင်မယ်လို့ မထင်လိုက်ပါနဲ့။ မြေပိုင်ဆိုင်မှု တရားဝင် အထောက်အထားနဲ့ ပုံစံ ၁၀၅ အရ ဝယ်ထားတဲ့ မြေက “လယ်ယာမြေ” ဆိုရင် လယ်လုပ်လို့ရမယ်ဆိုတာမျိုးပါ။

ပုံစံ ၁၀၅ မှာပါတဲ့ မြေမျိုးနှင့်အတန်းမှာ ရေးတဲ့ သင်္ကေတများရဲ့ ဆိုလိုချက်က (က) R = မိုးကောင်းလယ်မြေ (ခ) R1 = ပထမ အတန်းစား မိုးကောင်း လယ်မြေ (ဂ) R2 = ဒုတိယ အတန်းစား မိုးကောင်း လယ်မြေ (ဃ) R3 = တတိယ အတန်းစား မိုးကောင်း လယ်မြေ (အထွက်နှုန်းစပါး ၃၀ အောက်) (င) R4 = စတုတ္ထ အတန်းစား မိုးကောင်း လယ်မြေ (အထွက်နှုန်းစပါး ၂၀ အောက်) (စ) RG = အစိုးရ ဆည်ရေသောက် လယ်မြေ (ဆ) RP = ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ (ဇ) M = မူရင်း သို့မဟုတ် နွေရာသီစိုက် လယ်မြေ (ဈ) Y = ယာမြေ (ည) D = ဓနိမြေ (ဋ) G = ဥယျာဉ်ခြံမြေ (ဋ္ဌ) L = ဂရန်မြေ (ဍ) B = ဘိုးဘပိုင်မြေ စသည်ဖြင့် ခွဲခြားပြထားတာပါ။

ပုံစံ ၁၀၅ သည် ပိုင်ဆိုင်မှုအတွက် ထုတ်ပေးချင်း မဟုတ်ပါဘူး။ ၁၀၅ ကို ထုတ်ပေးခြင်းသည်- ၁။ ဂရံလျှောက်ထားရန်အတွက် တင်ပြရန်၊ ၂။ ဘဏ်ချေးငွေ တင်ရန်အတွက် ဂရံရှိနေသော်လည်း ဘဏ်ချေးငွေ တင်ပြရန်၊ ၃။ အိမ်ဆောက်လုပ်ခွင့် အမိန့်အတွက် စည်ပင်သာယာတင်ပြရန်၊ ၄။ Sp/Gp ကိုယ်စားလှယ်လွှဲစာတွင် တွဲရန်၊ ၅။ မြေတည်နေရာ ပြရန်၊ ၆။ လက်ဝယ်ထားရန်၊ ၇။ ပါမစ်မြေပေးမိန့်အရ ရေးကူးရန် စသည်ဖြင့် ရေးဆွဲပေးခြင်းသာ ဖြစ်ပါတယ်။

ဂရန်ချထားခြင်း လုပ်ငန်းအတွက် အောက်မြန်မာပြည် မြေနှင့် အခွန်တော်လက်စွဲဥပဒေ၊ အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေ၊ အောက်မြန်မာပြည်မြို့ နှင့်ကျေးရွာမြေများဥပဒေတို့မှာ ပြဌာန်းထားရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ထွေအုပ်၊ မြေစာရင်းဌာန (၂) ခုပေါင်းစပ်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ပေးခြင်းသာ ဖြစ်ပါတယ်။ ရန်ကုန်မှာ မြို့တော်စည်ပင်က ဂရန်ထုတ်ပေးပါကြောင်း တင်ပြလိုက်ရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page