အခုချိန်မှာ ခက်ခဲနေတဲ့ မြန်မာပြည်သူတွေအတွက် မိုင်းဖုန်းဆရာတော်က မေတ္တာစာ ပို့လိုက်ပါပြီ

သာသနာတော်နှစ် ၂၅၆၅ ခု ပြာသိုလကွယ် (၃၁-၁-၂၀၂၂) တပည့်ဒကာအပေါင်းတို့အား မိုင်းကျက်ဂူမှ ပေးပို့သော မိုင်းဖုန်းဆရာတော်၏ မေတ္တာစာ။

ဆရာတော်လည်း ကိုယ်စိတ်နှစ်ဖြာကျန်းမာစွာဖြင့် တရားဘာဝနာ မေတ္တာဘာဝနာများကို ပွားများလာခဲ့ကာ တိုးတက်မှုတွေ ရှိလာပြီး ဒုက္ခမှ လွှတ်မြောက်စေနိုင်တဲ့ သစ္စာတရားကို ပိုမိုနားလည်လာပါတယ်။ မဇ္ဈိမပဋိပဒါအတိုင်း သတိပဋ္ဌာန်လေးပါးဖြစ်တဲ့ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မာနုပဿနာကို လျောင်းထိုင်ရပ်သွား ဣရိယာပုတ်လေးပါးဖြင့် ကျင့်ကြံအားထုတ်လျက် သတိတရားကို လက်ကိုင်စွဲထားပါတယ်။ စိတ်ထဲမှာ လောဘ ဒေါသ မောဟ တဏှာ မာန ဒိဋ္ဌိ ဥပါဒါန်တွေ မဖြစ်ရလေအောင် သတိတရားဖြင့် ရုပ်နာမ်သင်္ခါရတရားတွေကို နေ့ညမပျက် ရှုမှတ်ပွားများပါတယ်။ ခဏိကနိဗ္ဗာန်အတွက် ခဏိကမရဏကို ရှုမှတ်ပါတယ်။

စာမျက်နှာ ၂ – ရုပ်နာမ်သင်္ခါရတရားတွေဟာ ဘယ်ဟာမှ မမြဲဘူး။ အားလုံးဟာ အနိစ္စမမြဲခြင်း၊ ဒုက္ခဆင်းရဲခြင်း၊ အနတ္တ အစိုးမရခြင်းတွေပါ။ အနှစ်သာရကင်းတဲ့ ဒီရုပ်နာမ်ရလာခြင်းဟာ (မွေးဖွားလာခြင်းဟာ) နေရင်း ထိုင်ရင်း စားရင်းသောက်ရင်း သေမင်းကို စောင့်နေရတဲ့ ခန္ဓာကြီးပါ။ ဒါကြောင့် အလဟသ မအိုစေနဲ့၊ မနာစေနဲ့၊ မသေစေနဲ့။ အချိန်တွေ အလဟသမဖြစ်စေဘဲ ပါရမီမြှေက်တဲ့ ကောင်းမှုကုသိုလ်တွေ များများလုပ် မြန်မြန်လုပ် နေ့စဉ်ပြုလုပ်ကြပါ။ နောင်အတွက် နောင်တ မဖြစ်ပါစေနဲ့။ ကုသိုလ်အရာမှာ ရဲရင့်ကြပါ။

သတိပဋ္ဌာန်တရား ၄ ပါးနဲ့ ရုပ်နာမ်ရဲ့ ဖြစ်ပျက်မှုကို မြင်အောင်ရှုပါ။ ခန္ဓာ၊ အာယတန၊ ဓါတ်၊ ပဋိစ္စသမ္မုပ္ပါဒ်တွေကို သိရှိနားလည်အောင် အားထုတ်ပြီး သိပါယ်ဆိုက်ပွား သစ္စာလေးပါးကို သိရှိကာ ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာမှန် မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိအောင် ကြိုးစားအားထုတ်ကြပါကုန် သူတော်ကောင်း အပေါင်းတို့။

စာမျက်နှာ ၃ – စီးနေတဲ့ရေအလား အချိန်တွေ ကုန်ဆုံးသွားတာ နှမျှောစရာကောင်းလှပါတယ်။ သေရမည့် ရက်တွေလည်း နီးနီးလာပါပြီ။ ဘယ်နေ့ ဘယ်လ ဘယ်နှစ်မှာ သေမလဲဆိုတာ မသိနိုင်ဘူး။ ဒီလောကကြီးထဲမှာ နောက်ထပ် ဘယ်လောက်နေရမလဲဆိုတာ မသိနိုင်ဘူး။ တစ်နေ့ထက်တစ်နေ့ အိုမင်းရင့်ရော်လာပါပြီ။ အနာရောဂါတွေလဲ များများလာတယ်။ မရဏသေမင်းလဲ ရှေ့အနီးအနားမှာ စောင့်နေပါပြီ။

ဒါကြောင့် မမေ့လျှော့ကြပါနဲ့။ ကောင်းမှုကုသိုလ်တွေ များများဆည်းပူးပြုလုပ်ကြပါ။ ဒါန သီလ ဘာဝနာ သီလ သမာဓိ ပညာတွေကို ဖြည့်ဆည်းကာ မအို မနာ မသေတဲ့ အသင်္ခတ နိဗ္ဗာန်၊ အပူပင်သောကအပေါင်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်နိုင်ကြပါစေကုန် သူတော်ကောင်း ပညာရှိအပေါင်းတို့။ ဒီလောကကြီးဟာ ကြောက်စရာကောင်းပြီး စက်ဆုပ်စရာကောင်းပါတယ်။ ဒုက္ခတွေ ရှေ့နောက်ဝဲယာ ပတ်ပတ်လည်နေတယ်။

စာမျက်နှာ ၄ – တကယ်တမ်း ဆင်ခြင်စဉ်းစားကြည့်ရင် ဒီလောကကြီးထဲမှာ ထပ်ပြီးပဋိသန္ဓေ မနေချင်စရာပါ။ ဒုက္ခပင်လယ်ဝေတဲ့ လောကပါ။ သေသူမရှိတဲ့ နိုင်ငံ၊ သင်္ချုင်းမရှိတဲ့ဒေသဆိုတာ မရှိဘူး။ ငါတို့ မွေးခဲ့တဲ့ နေရာ ငါတို့ သေခဲ့တဲ့ ဒေသတွေပါပဲ။ မမွေးဖွား၊ မအို၊ မနာ၊ မသေတဲ့နေရာကတော့ အမတ နိဗ္ဗာန်ပဲရှိတယ်။ သံသရာဒုက္ခဆိုတာ လွန်စွာ ကြောက်စရာကောင်းပါတယ်။ သံဝေဂပွားကာ သစ္စာတရား ဝိပဿနာတရား ကျင့်ကြံကာ သတိဉာဏ်ပညာဖြင့် ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးအောင် အားထုတ်ကြပါ။

ဖြစ်ပျက်ဆုံးက နိဗ္ဗာန်ရ၊ ဒုက္ခဆုံးက နိဗ္ဗာန်ရ၊ နိဗ္ဗာန်ရမှ ချမ်းသာရပါမယ်။ မအိုခင်မှာ ကြိုးစားအားထုတ်ပါ။ မနာခင်မှ ကြိုးစား အားထုတ်ပါ။ မသေခင်မှာ ကြိုးစားအားထုတ်ပါ။ သေချိန်ရောက်ရင်တော့ ဘာမှ မအားထုတ်နိုင်တော့ပါဘူး။ မိမိကိုယ်ကိုချစ်ရင် မြွေဟောက်နဲ့ တူတဲ့ ဒေါသကို မမွေးပါနဲ့။ လောဘ ဒေါသ မောဟ တဏှာ ဥပါဒါန်တွေကင်းကွာရင် ချမ်းသာတဲ့ နိဗ္ဗာန်ကို ရပါမယ်။

စာမျက်နှာ ၅ – မိုင်းကျက်ဂူမှာ ဆရာတော် အဓိဋ္ဌာန်လာဝင်နေခဲ့တာ နောက်ထပ် ငါးလ ခြောက်လဆိုရင်တော့ အဓိဋ္ဌာန် ပြည့်ပါတော့မယ်။ ဘာမှလဲ မသိလိုက်သလိုပါပဲ။ ၃ နှစ်ကို ၃ ရက်လို့ပဲ အောက်မေ့တယ်။ ဘာမှလဲ ဟုတ်တိပတ်တိ မလုပ်လိုက်ရဘူး။

တရားဘာဝနာကာ သတ္တဝါတွေကို မေတ္တာဘာဝနာ ပွားများပေးတယ်။ တရားစာတွေ နဲနဲပါးပါး ရေးသား လှူဒါန်းရတယ်။ ဘုရားပုံ စေတီပုံတွေ ရေးသားပြီး ပစ္စည်းလေးပါး အလှူရှင် စေတနာရှင်တွေကို ကျေးဇူးဆပ်ပေးတယ်။ အလှူရှင်များအားလုံးကို များစွာ လေးနက်စွာ ကျေးဇူးဥပကာရတင်ရှိပါတယ်။

ဒကာဒကာမအပေါင်းကို ဆရာတော်က လွန်စွာ အားနာမိပါတယ်။ ခက်ခဲတဲ့ ကာလမှာ ရှိစုမဲ့စုလေးတွေ မစားရက် မသောက်ရက်ပဲ ဆရာတော်အတွက် ၃ နှစ် ၃ မိုး လာရောက်လှူဒါန်းပေးတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဒီပြုလုပ်ရတဲ့ မဟာ့မဟာ ကောင်းမှုကုသိုလ်တွေကြောင့် ဒုက္ခအပေါင်း ကင်းဝေးရာမှန် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်ပါစေသတည်း။

စာမျက်နှာ ၆ – ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကုန်သတည်း။ အောင်မြင်တိုးတက်ပါကြပါစေ။ လောကရေးရာအတွက် ဥစ္စာရတနာ တိုးပွားပြည့်စုံပါစေ။ လောကုတ္တရာရေးရာအတွက် ဒုက္ခ ရုပ်နာမ် ခန္ဓာ ခပ်သိမ်း ကင်းငြိမ်းတဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရကြပါစေ။ သူတော်ကောင်း အပေါင်းတို့။ သာဓု သာဓု သာဓု

ဆရာတော်လည်း နုပျိုမှုတွေ ကွယ်ပျောက်ကာ ဇရာပိုင်းကို ရောက်လာပါပြီ။ ဆံတော်တွေလည်း ဖြူလာကုန်ပြီ။ အသားအရေတွေလဲ ခမ်းခြောက်လာပြီ။ သွားတွေလည်း တဖြည်းဖြည်း ကြွေလာပါပြီ။ အားအင်တွေလည်း တဖြည်းဖြည်း ကုန်ဆုံးလာပြီ။ နောက်ထပ် တစ်နှစ်ကျော်ရင် သက်တော် ၆၀ ပြည့်ပါတော့မယ်။ နောင်ထပ် ဘယ်နှစ်နှစ် ထပ်နေသွားရမလဲဆိုတာ မသိနိုင်ဘူး။ ကုသိုလ်ကံတရား ပေးသလောက်သာ နေသွားရမှာပါ။ မေတ္တာစာ အဆုံးသတ်ပါရစေ။

(မိုင်းဖုန်းဆရာတော်၏ မေတ္တာစာကို တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း) မှ တာဝန်ယူ တာဝန်ခံကာ ဆီလျှော်အောင် ဘာသာပြန်ပေးပါတယ်။)

ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ ရောဂါအပေါင်း ဝေးခွာရှောင်း ခေတ်ကောင်းအမြန်ကြုံပါစေ။

ဆရာတော်စဝ်စုခမ်း

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page