စကစရဲ့ ဒေါ်လာအနုကြမ်းစီးမူဝါဒကြောင့် ဆန်တင်ပို့မှုအများအပြား ရပ်ဆိုင်း (ထုတ်ကုန် ဇီးရိုးဖြစ်ပါပြီ)
စကစက မြန်မာပြည်တွင်းသို့ စီးဝင်သည့် အမေရိကန်ဒေါ်လာများကို ၁ ဒေါ်လာလျှင် ၁၈၅၀ ကျပ်နှုန်းဖြင့် မတရား အနုကြမ်းစီး သိမ်းပိုက်နေမှုကြောင့် ပြည်ပသို့ ဆန်တင်ပို့သူများ ဒေါ်လာ ၁ သန်းလျှင် ကျပ်သိန်း ၅ ထောင်ကျော် ဆုံးရှုံးနေကြောင်း သတင်းရရှိပါတယ်။
စကစ လက်အောက်ရှိ ဗဟိုဘဏ်က အမေရိကန် ၁ ဒေါ်လာ ၁၈၅၀ နှုန်း သတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင် ၂၄၀၀ မှ ၂၅၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသဖြင့် ဈေးနှုန်းကွာဟချက်က ၁ ဒေါ်လာလျှင် ၅၅၀ ကျပ်အထိ ရှိနေတာ ဖြစ်ပါတယ်။
ပြည်ပသို့ ဆန်တင်ပို့မှုကြောင့် ရရှိလာတဲ့ နိုင်ငံခြားငွေ ကန်ဒေါ်လာများကို ဗဟိုဘဏ်က ၁၈၅၀ ကျပ်ဖြင့် သိမ်းယူနေတဲ့ အတွက် ပို့ကုန်လုပ်ငန်းရှင်များမှာ ငွေလဲနှုန်းအရ ဒေါ်လာ ၁ သန်းလျှင် ကျပ်သိန်း ၅၀၀၀ ကျော် နစ်နာဆုံးရှုံးနေသဖြင့် ပြည်ပသို့ ဆန်တင်ပို့မှုလုပ်ငန်းတချို့ ယာယီရပ်ဆိုင်းနေကြောင်း ဆန်ကုန်သည်များထံမှ သိရပါတယ်။
“အခုက ငွေလဲနှုန်းက အပြင်မှာ ၁ ဒေါ်လာကို ၂၄၀၀ ကျော်နေပြီ။ သူတို့ (စစ်ကောင်စီ) ရဲ့ ဗဟိုဘဏ်က ၁၈၅၀ ကျပ်နဲ့ သိမ်းယူတယ်။ ပြည်ပကို ဆန်ပို့လို့ဒေါ်လာ ၁ သန်းရလာရင် တကယ်ရမယ့်ငွေက ကျပ်သိန်း ၂ သောင်း ၄ ထောင်ကျော် ရမယ်။ ဒါပေမယ့် သူတို့ (စစ်ကောင်စီ) ဗဟိုဘဏ်က သိမ်းသွားပြီး လက်ထဲ ထည့်ပေးတဲ့ငွေက သိန်း ၁၈၅၀၀။
အဲတော့ ဒေါ်လာ ၁ သန်းဖိုးရောင်းရရင် သိန်း ၅ ထောင်လောက်က အလကား ဆုံးရှုံးနေတာ။ ကုန်ရောင်းကုန်ဝယ်တာက မကိုက်တာမဟုတ်ဘူး။ လုပ်လို့ အဆင်ပြေတယ်။ သူတို့ (စစ်ကောင်စီ) လုပ်နေတဲ့ကိစ္စတွေကြောင့် ကမောက်ကမတွေဖြစ်ပြီး အရှုံးပြနေတာ။ အဲတော့ ပြည်ပကို ဆန်ပို့တဲ့လုပ်ငန်းတချို့တွေ ယာယီရပ်ထားကြတယ်”ဟု ဧရာဝတီတိုင်းမှ ဆန်စပါးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စကစရဲ့ ဒေါ်လာသိမ်းပိုက်မှုအကျိုးဆက်ကြောင့် ပြည်ပသို့ ဆန်တင်ပို့သည့်လုပ်ငန်းတချို့ ယာယီ ရပ်နားထားသဖြင့် ဧရာဝတီတိုင်း၌ ပို့ကုန်လုပ်ငန်းများအတွက် စပါးဝယ်ယူသည့်လုပ်ငန်းများလည်း ရပ်တန့်နေကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံထွက် ထုတ်ကုန်များအနက် ဆန်စပါးကို အဓိက တင်ပို့နေရပြီး စကစရဲ့ ဒေါ်လာ အနုကြမ်းစီး မူဝါဒကြောင့် မြန်မာ့ထုတ်ကုန် အားလုံးနီးပါး ရပ်တန့်သွားမယ့် အခြေအနေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။