အောင်ဆန်းကွင်း ကားဂိတ်များကို စကစ အပြီးပိတ်၊ ကုန်ပစ္စည်းပို့ဆောင်သူများ အခက်ကြုံတွေ့
အောင်ဆန်းကွင်း ကားဂိတ်များ ဩဂုတ် ၄ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့ သိရပါတယ်။ အမြန်လမ်း အိတ်စ်ပရက်စ် ကားများနဲ့ သယ်ဆောင်နေတဲ့ လူမဲ့ကုန်စည်တွေကိုလည်း ကန့်သတ်လိုက်ပြီး တာဝန်ခံသူပါမှသာ ကုန်စည်တင်လို့ ရမယ်လို့ ကြားသိရပါတယ်။
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း အနီးရှိ ကုန်ပစ္စည်း လက်ခံပို့ဆောင်နေသည့် အဝေးပြေးကားဂိတ်တွေကို စကစက အပြီး ပိတ်သိမ်းလိုက်ပြီလို့ ကားဂိတ်တာဝန်ရှိသူတွေထံကနေ သိရပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လတုန်းကလည်း အောင်ဆန်းကွင်း ကားဂိတ်တွေကို ၅ ရက်ကြာ ပိတ်ထားခဲ့ပါသေးတယ်။ စကစအနေနဲ့ အဝေးပြေးကားဂိတ်များကနေတဆင့် ပေးပို့တဲ့ ကုန်ပစ္စည်းတွေကို ဖွင့်ဖောက် စစ်ဆေးမှုတွေ ဆက်တိုက် ပြုလုပ်နေတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ အောင်ဆန်းကွင်းကို ပိတ်လိုက်မယ်ဆိုပါက ကုန်ပစ္စည်းပို့ဆောင်သူတွေအနေနဲ့ အခက်အခဲတွေနဲ့ အများကြီး ကြုံရမယ်လို့ အွန်လိုင်းရှော့ပင်း လုပ်သူတဦးက ပြောပါတယ်။ အောင်မင်္ဂလာဂိတ်ကို သွားရမယ်ဆိုရင် စရိတ်ပိုကြီးကြောင်း၊ အောင်ဆန်းကွင်းလို ကားဂိတ်စုံတဲ့နေရာမှာ တနေရာတည်း ပစ္စည်းတွေ ပို့ရတာ အဆင်ပြေကြောင်း၊ တခြားနေရာတွေ လိုက်ပို့နေရတာ အဆင်မပြေကြောင်း ပြောပါတယ်။
အောင်ဆန်းကွင်းကို အဆင့်မြှင့်တင်မယ်မှာ ဖြစ်တာကြောင့် ကားဂိတ်တွေကို အပြီး ပိတ်လိုက်ခြင်း ဖြစ်တယ်လို့ စကစက အကြောင်းပြပေမယ့်လည်း တကယ်တမ်းမှာတော့ စကစ ဆန့်ကျင်သူတွေကို ဖိနှိပ်လိုတာကြောင့် အဝေးပြေးကားနဲ့ ကုန်ပစ္စည်းပို့တာတွေကို ထိန်းချုပ်လိုက်တာလို့ ကားဂိတ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ အမြန်လမ်းပေါ်မှာ ပြေးဆွဲနေတဲ့ အိတ်စ်ပရက်စ်ယာဉ်တွေပေါ်မှာလည်း လူမဲ့ ကုန်စည်များကို တင်ဆောင်ခွင့် မပြုတော့ဘူးလို့လည်း သိရပါတယ်။