မိုးထိနေတဲ့ ဓာတ်ဆီဈေး၊ ပိုနက်လာတဲ့ ဆင်းရဲတွင်းနဲ့ အခြေခံလူတန်းစားတွေ ခါးစည်းခံနေရတဲ့ ဒုက္ခ

စစ်တပ်အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာမှုနဲ့အတူ ခရီးသည်ရရှိမှု နည်းပါးလာတာကြောင့် လုပ်ငန်း ရပ်နားမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ တက်စီမောင်းသူတွေက ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဈေးနှုန်း ၂ ဆနီးပါး မြင့်တက်ရာကနေ အခုအခါမှာတော့ တစ်လီတာကို ကျပ် ၂၀၀ လောက်ထိ ထပ်မံမြင့်တက်လာတာပါ။

လက်ရှိမှာတော့ တက်စီမောင်းသူတွေဟာ စက်သုံးဆီးဈေးနှုန်း ဆက်တိုက် မြင့်တက်လာတဲ့အတွက်ကြောင့် မိသားစု ဝမ်းရေး ဈေးဖိုးထက် ဆီဖိုးကို အရင်ရှာနေပြီး ဒီအခြေအနေအတိုင်း ပိုဆိုးလာရင် လုပ်ငန်းရပ်ရဖို့ ရှိနေတယ်လို့ သုံးဘီးယာဉ်မောင်းသူ တစ်ဦးက ပြောပါတယ်။

ဆီဖိုးတင် တနေ့ (၆၀၀၀) နီးပါး ကျနေတာကြောင့် ပိုက်ဆံ (၁) သောင်းပဲ ရတဲ့သူတွေ ဘယ်လိုမှ အဆင်မပြေကြောင်း၊ လုပ်စရာ မရှိတဲ့အတွက်ကြောင့် သုံးဘီးပဲ မောင်းနေရကြောင်း၊ ဒီအတိုင်း ဆက်သွားရင်တော့ ထိုးရပ်ထားရမယ့် အခြေအနေ ဖြစ်နေကြောင်း သုံးဘီးယာဉ်မောင်း တဦး က ပြောပါတယ်။

တဖက်မှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ဆေးရေးတွေ တင်းကြပ်ခဲ့တာကြောင့် အရင်ကလောက် ငှားရမ်းစီးနင်းသူ မရှိတော့တဲ့အတွက် နေ့စဉ် ပုံမှန် ဝင်ငွေရဖို့ ခက်ခဲလာကြပါတယ်။

စက်သုံးဆီ ဈေးနှုန်းဟာ စစ်တပ် အာဏာမသိမ်းခင်က ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၆၀၀ ဝန်းကျင်၊ ၉၅ တစ်လီတာ ကျပ် ၇၀၀ နီးပါးသာ ရှိခဲ့ပါတယ်။

ဒါပေမယ့် စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်နီးပါးကာလအတွင်းမှာတော့ ဓာတ်ဆီ ၉၂ တစ်လီတာကို ကျပ် ၁၆၀၀ ကျော် ၊ ၉၅ တစ်လီတာကို ကျပ် ၁၇၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာတာပါ။

စက်သုံးဆီလုပ်ငန်းရှင်တွေကတော့ စက်ဆီဈေးနှုန်း မြင့်တက်လာရတာဟာ စစ်တပ် အာဏာသိမ်ပြီးနောက် မြန်မာငွေတန်ဖိုး ကျဆင်းလာမှုနဲ့ အဓိက သက်ဆိုင်နေတယ်လို့ ဆိုကြပါတယ်။

စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာခြင်းနဲ့ အတူ ကုန်ဈေးနှုန်းလည်း လိုက်လံ မြင့်တက်လာပြီး အခြေခံလူတန်းစားများအနေနဲ့ ဆင်းရဲတွင်း နက်သထက် နက်လာတာကို တွေ့ရကြောင်း စီးပွားရေး ပညာရှင်များက ပြောကြားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page