ရှေးခေတ်မြန်မာပြည်ကို ရောမအင်ပါယာကြီးက ရောမသားတွေ ရောက်ခဲ့သလား?
အေဒီ ၁၂၁ တွင် ရောမသံအဖွဲ့တစ်ဖွဲ့သည် ယနေ့ မြန်မာနိုင်ငံ တည်ရာဒေသကို ဖြတ်သန်းကာ ဟန် (Han) တရုတ်အင်ပါယာသို့ ဝင်ရောက်လာရာ ထိုစဉ်က မြို့တော်ဖြစ်သည့် လျို့ယန် (Luoyang) သို့ ခေါ်ဆောင်သွားခံရသည်။
သံအဖွဲ့နှင့်အတူ ရွဲကစားသူများနှင့် ကျွမ်းဘားသမားများ စသဖြင့် ဇာတ်သဘင်အဖွဲ့တစ်ဖွဲ့လည်း လိုက်ပါလာသည်။ ယင်းတို့သည် ဟန်နေပြည်တော်တွင် ဖျော်ဖြေခဲ့ကြရာ ထိုတိုင်းတစ်ပါးသား ဖျော်ဖြေသူများကို တရုတ်တို့ အတော်ပင် နှစ်ခြိုက်သဘောကျခဲ့ကြသည်။ နောင်မှ ရောမသားများဟု သိရှိခဲ့သည်။ ရောမအင်ပါယာ၏ မည်သည့်အရပ်ဒေသမှ လာသည်ဟု အတိအကျ မသိရသော်လည်း ဆီးရီးယား (Syria) သို့မဟုတ် အလက်ဇန္ဒရီးယား (Alexandria) မှ ဖြစ်နိုင်ပါသည်။
တခါက ရောမနှင့် တရုတ်တို့သည် တစ်ဦး၏ တည်ရှိမှုကို တစ်ဦးက သိရှိနေခဲ့သော်လည်း တိုက်ရိုက်အဆက်အဆံမရှိသည့် ကာလတစ်ခု ရှိခဲ့ပါသည်။ ထိုခေတ်က ရောမသားတို့သည် ပင်လယ်နီကို ဖြတ်သန်းကာ အိန္ဒိယရှိဆိပ်ကမ်းများနှင့် ယနေ့ခေတ် မြန်မာပြည် တည်နေရာသို့ ရွက်လွှင့်ခဲ့ကြသည်။
ထိုစဉ်က မြန်မာပြည်တွင် ရွှေ၊ ဆင်စွယ်၊ နံ့သာနှင့် သစ်ကြပိုးခေါက်တို့ ရှိသည်ဟု ကျော်ကြားခဲ့သည်။ ရောမသား ကုန်သည်များသည် အဝတ်အထည်များ၊ ဝိုင်အရက်၊ ဖန်ထည်၊ သံလွင်ဆီနှင့် ကျွန်များကို ရောင်းချခဲ့သည်။
ထိုမှ ပင်လယ်ရေကြောင်းလမ်းဖြင့် ဆက်သွားနိုင်သည့် ယနေ့ခေတ် စင်ကာပူ တည်ရှိရာကိုမူ နောင်ဆယ်စုနှစ် အတော်များများထိ ရောမသားတို့ မသိရှိကြသေးပေ။ ထိုကာလတိုအတွင်း မြန်မာပြည်သည် ကမ္ဘာ့အမြန်လမ်းပေါ်တွင် တည်ရှိနေခဲ့ပြီး အင်အားအကြီးဆုံး ရှေးခေတ်အင်ပါယာကြီး နှစ်ခုကို ချိတ်ဆက်ပေးခဲ့သည်။
မြန်မာပြည်တွင် ရောမသားတို့ လာရောက်ခဲ့ဖူးကြောင်း ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများလည်း ရှိကောင်း ရှိနေနိုင်ပါသေးသည်။ (ထိုကာလထက် အနည်းငယ် နောက်ကျသော ရက်စွဲဖြင့် ရောမဒင်္ဂါးများ ဗီယက်နမ်နိုင်ငံတွင် တွေ့ရှိခဲ့ပါသည်။)
အေဒီ ၂ရာစုနှစ်သည် မြန်မာပြည်တွင် မြို့ပြလူနေမှုစနစ် တိုးတက်ကာစ ခေတ်ဦးဖြစ်ပြီး အရှေ့မြောက်ဘက်ရှိ ဟန်တရုတ်ပြည်နှင့်ရော၊ အနောက်တောင်ဘက်ရှိ ဘင်္ဂလားပင်လယ်အော်တွင်ပါ ကုန်သွယ်မှု အားကောင်းလာနေချိန် ဖြစ်သည်။
ထိုခေတ်ကာလက အိန္ဒိယတောင်ပိုင်းမှ စာရေးသားနည်း စနစ်များနှင့် ဘာသာရေး အယူအဆများသည် တံတိုင်းကာရံလိုက်သည်မှာ မကြာသေးသော မြို့သစ်များရှိ တိဘက်တို-ဘားမန်း (Tibeto-Burman) ဘာသာစကားပြော လူမျိုးစုများဆီသို့ ရောက်ရှိလာခဲ့သည်။ ထိုလူအုပ်စုသည် ရံဖန်ရံခါတွင် အီတာလျံဝိုင် တစ်ခွက်တစ်လေ နှစ်ခြိုက်စွာ သောက်သုံးကောင်း သောက်သုံးခဲ့ပါလိမ့်မည်။
ပထမပုံမှာ ရောမ ရွက်သင်္ဘောပုံ ဖြစ်ပြီး လွန်ခဲ့သော နှစ် ၂၀၀၀ ခန့်က ယနေ့ မြန်မာပြည် အောက်ပိုင်းဒေသမှ ဆိပ်ကမ်းများသို့ ဆိုက်ကပ်ခဲ့သည့် သင်္ဘောအမျိုးအစား ဖြစ်နိုင်ပါသည်။ ဒုတိယပုံမှာ အေဒီ ၁၅၀ က တော်လမီ၏ ပထဝီ (Ptolemy’s Geography) အရ ရေးဆွဲထားသော ၁၆ ရာစုနှစ် အာရှတိုက်မြေပုံ ဖြစ်ပါသည်။ မြေပုံ၏အလယ်တွင် ယနေ့မြန်မာပြည် တည်ရှိရာကို အမှတ်အသား အထင်အရှား ပြုထားပါသည်။
Zaw