အဆမတန် တက်နေတဲ့ ဒေါ်လာဈေး ရပ်တန့်သွားနိုင်တဲ့ အချိန်နဲ့ ဈေးကွက်အနေအထားသုံးသပ်မှု
ဒေါ်လာဈေးက ၃၃၀၀ ကျပ်ဖြစ်ပြီး မကြာခင် ၄၀၀၀ကျပ်အထိ ဖြစ်မယ်လို့ တချို့မှန်းကြတယ်။ ခန့်မှန်းကြည့်ရတာကတော့ လိုအပ်ချက်တွေအတွက် ရောင်းလိုအား ဝယ်လိုအား အပေါ်မူတည်ပြီး ဈေးဖြသတ်မှတ်တာမဟုတ်တော့ပဲ ကြောက်လန့်တကြား ဝယ်ယူခြင်း (panic buying) စိုးရိမ်စိတ်နဲ့ ရှိသမျှငွေ ဘတ်လဲပြီး ထိုင်းမှာ အိမ်ဝယ်ချင်တဲ့ ဆန္ဒတွေကြောင့် တနည်းအားဖြင့် မမြင်ရတဲ့ ဝယ်လိုအား (artificial demand) တွေကြောင့် ဈေးတက်တာနဲ့လည်းသက်ဆိုင်နေတယ်။
စကစ မတိုင်ခင် ရိုက်နှိပ်ပြီးသား မြန်မာငွေစက္ကူစုစုပေါင်းတန်ဖိုးက ၁၂ – ၁၄ ထီလျှံလို့ ခန့်မှန်းကြတယ်။ ပုဂ္ဂလိကဘဏ်နဲ့ ဗဟိုဘဏ် ၂ ခုပေါင်းမှာ ၁.၅ ထီလျှံလောက်ပဲ ရှိတာမို့ လူတွေဘဏ်တွေမှာ ပြုံပြီးထုတ်ဖို့ လုပ်တဲ့အခါ ငွေသားပြတ်တောက်မှုဖြစ်တယ်။ စကစ က မဖြစ်ဖြစ်တဲ့နည်းနဲ့ ရှာကြံပြီး ငွေထပ်ရိုက်တယ်။ တလောက ၄၀၀ ဘီလျှံလွှဲပွဲလုပ်တာတွေ့တယ်။ ဘယ်နှစ်ကြိမ်ရိုက်ထုတ်ပြီး ဘယ်လောက်ရှိသွားပြီလည်းမသိဘူး၊
ကျိန်းသေတာက ရိုက်ခိုင်းသလောက်ရိုက်ထုတ်ဖို့ဆိုရာမှာလည်း အချိန်ကာလ၊ လိုအပ်တဲ့စက္ကူ ဆေးတွေ လိုသလောက် အလွယ်တကူရနေတာတော့မဟုတ်ဘူး၊ ပြီးတော့ ကုန်ကျစရိတ်ရှိသေးတယ်။ လိုအပ်တဲ့ပစ္စည်းတွေက ဒေါ်လာနဲ့ ချေရတာမဟုတ်လား၊ တထောင်တန်ကျပ်ငွေရိုက်ထုတ်တာ ၁၅၀၀ ကျပ်လောက်ကုန်ကျရင် ငွေရိုက်တိုင်းရှုံးနေမှာပေါ့။ ဟိုတုန်းကတော့ ငွေစက္ကူတရွက်ရိုက်ထုတ်ဘို့ ၅၀၀ကျပ်(0.4$) လောက်ကျတယ်။ လက်ရှိမှာဆို 0.5$ အဲ့ထက်မကလည်းဖြစ်နိုင်တယ်။ ဒါကြောင့်ငွေစက္ကူအကြီး ၅၀၀၀ တန် ၁၀၀၀၀ တန်တွေပဲရိုက်တာများလိမ့်မယ်။ သို့သော် ငွေစက္ကူအသေးတွေလည်းရိုက်ဖို့လိုတော့ ခုနေခါမှာ တရွက်ကို ၂၀၀၀ ကျပ်လောက်ကျကောင်းကျနိုင်တယ်(ခန့်မှန်းပြောတာမို့ လွဲနိုင်ပါတယ်၊ စာရင်းအင်းအတိအကျရရင်တော့ ပိုနီးနီးစပ်စပ်ခန့်မှန်းနိုင်ပါတယ်။)
ဒါကြောင့်မို့ လို့ စကစ တက်ပြီး တနှစ်ခွဲအတွင်းမှာ ရိုက်တဲ့ငွေစက္ကူဟာ 2 to 3 trillion ထက်မပိုနိုင်သေးဘူး၊ လည်ပတ်နေတဲ့ ငွေ ၁၄ ထီလျံနဲ့ယှဉ်ရင် ၂၀% လောက်ပဲရှိနေသေးတယ်။ အပြင်မှာငွေဖောင်းပွမှုနှုန်းက ၁၀၀% မက ဖြစ်နေပြီ၊ ကမ္ဘာ့ဘဏ်က ခန့်မှန်း၁၈% ဖြစ်တယ်၊ ဒါက report ရေးတဲ့ လွန်ခဲ့တဲ့ လေးလ လောက်အခြေအနေမို့ လက်ရှိဆိုရင် ၂၀% လို့ ခန့်မှန်းရင် လက်တွေ့နဲ့နီးစပ်နိုင်ပါတယ်။ ဒါတွေကတော့ မရှိမဖြစ် အခြေခံကုန်စည်တွေအပေါ်မှာ တွက်ချက်ပြီးတိုင်းတာမို့ပါ။
လက်ရှိဒေါ်လာဈေးက အိမ်ခြံမြေ၊ ရွှေ အပေါ်မှာ အခြေခံတဲ့ ငွေလဲနှုန်းနဲ့ဖောင်းပွမှုနှုန်းပါ။ အမှန်က တနိုင်ငံလုံးအင်နဲ့အားနဲ့ ရွှေကျင်နေကြတာမို့ ပြည်တွင်း ရွှေက အထွက်ေတာင်အရင်ကထက် ပိုများလို့ supply မပြတ်ပါ၊ သို့သော် ရောင်းချမှု စနစ်အကန့်အသတ်တွေကြောင့် ဒေါ်လာခုန်တဲ့အပေါ်မှာ သူလည်း ကမ္ဘာ့ဈေးကျပေမဲ့ လိုက်တက်နေရတာပါ။
ကမ္ဘာမှာက အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းတက်တော့ တကမ္ဘာလုံးကသူဌေးတွေ အမေရိကန်ဘွန်းကို ပြုံဝယ်နေတာမို့ ရေနံဈေးနဲ့အတူရွှေ ဈေးက အကျဖက်မှာပါ။ မြန်မာပြည်ကထွက်တဲ့ရွှေက ခုအချိန် ပြည်ပထုတ်ရောင်းတာထက် ပြည်တွင်းရောင်းတာက ပိုကိုက်မှာပါ။ လူတွေကြောက်လန့်ပြီး ရွှေဝယ်ချင်ကြတာကိုး၊ သို့သော်ရွှေက သက်ဆိုင်ရာက ထိန်းချုပ်သလို ဆိုင်ရှင်တွေကလည်းဈေးဖွင့်မရောင်းရဲတော့ထိန်းရောင်းတယ်။ ရွှေက သာမန်လူကနေ အလယ်အလတ်တန်းစားအကုန်လုံးဝယ်နိုင်တာမို့ ဖွင့်ပေးရင် ပိုရောင်းဝယ်အားရှိမှာဖြစ်ပါတယ်။
လောလောဆယ် ငွေဈေးက အိမ်ခြံမြေ ပြည်ပဝယ်လိုသူတွေကြောင့် ဖြစ်တာမို့ ဘယ်လောက်ထိ ဝယ်လိုအားရှိတယ်၊ အရောင်းအဝယ်ရှိနိုင်တယ်ဆိုတာကို ခန့်မှန်းကြည့်ရပါမယ်၊ ပြည်ပအိမ်ဝယ်ချင်တဲ့သူတွေဟာ upper middle class လူလတ်တန်းစားအပေါ်လွှာကလူတွေဖြစ်ပါလိမ့်မယ်၊ ထုတ်ဝေထားတဲ့ ၁၄ ထီလျှံ အနက် အစိုးရက ထိန်းချုပ်ထားတာက ၂ ထီလျှံ၊ super rich ကျောက်လုပ်ငန်း၊ မူး-စ်ဆေးဝါး၊ တရားမဝင်လုပ်ငန်း လုပ်တဲ့သူဟာ လူနည်းစုဖြစ်ပေမဲ့ သူတို့ထိန်းချုပ်ထားတဲ့ငွေဟာ ၆ ထီလျှံလောက်ရှိနိုင်ပါတယ်။
ဆိုလိုတာက တိုင်းပြည်ဓနအင်အား၅၀% ကို လူဦးရေရဲ့ ၀.၁% လောက် လူတွေက ထိန်းချုပ်ထားတာပါ။ ဒီတော့ ကျန်တဲ့ ၆ ထီလျှံက ဆင်းရဲသားနဲ့ အလယ်အလတ်တန်းစားလူတွေလက်ထဲလည်ပတ်နေတာပါ။ super rich တွေက နဂိုထဲက အပုံရွှေ့ပြီးသားမို့ ထပ်မံ ခုအချိန်ပြည်ပမှာ asset လိုက်ဝယ်မှာမဟုတ်ပါ။ ဒါကြောင့် သူဌေးလေးနဲ့ သိန်းငါးထောင်ကနေတသောင်းကြား (approximately 1 million) လောက်ရှိတဲ့သူတွေသာဗျာများပြီး ခုအချိန်အသဲအသန်အပုံရွှေ့ဖို့ကြိုးစားကြတာဖြစ်နိုင်ပါတယ်။
ဒီလူအုပ်စု လက်ထဲရှိနိုင်မဲ့ ငွေပမာဏကလည်း တစ်ထြီလျှံ ဘီလျံ ၁၀၀၀ လောက်လို့ ခန့်မှန်းရင် ဒေါ်လာစိုးရိမ်စိတ်နဲ့ လိုက်ဝယ်မဲ့ ပမာဏကိုမှန်းဆလို့ရမှာဖြစ်ပါတယ်။ သူတို့တွေအားလုံး ရှိသမျှရောင်းချတာ၊ ဘဏ်ကငွေကုန်ထုတ်နိုင်တာ မလုပ်နိုင်တာ မို့ အိမ်ခြံမြေအတွက် ငွေလဲလိုတဲ့ပမာဏဟာ ဘီလျှ၂၀၀ ကနေ ၅၀၀ ကြားထဲလောက်ပဲရှိမလားတွေးမိတယ်။ ဒါဟာ သန်း ၁၆၀ $ ပဲရှိပါတယ်။
ဒါကြောင့် ကြောက်လန့်တကြား ဝယ်ယူမှု (panic buying) က exponential growth လို အဆုံးအစမရှိ ဈေးတက်မှာမဟုတ်ပဲ law of diminishing return အရ အချိန်တခုမှာ အရှိန်တန့်သွားပါလိမ့်မယ်။ ဒါက တဒေါ်လာ ၄၀၀၀ ကျပ်လောက်များဖြစ်မလား။ ဒါဆိုရင် မရှိမဖြစ်ကုန်စည်တွေ အတွက် လိုအပ်တဲ့ ဒေါ်လာကို အဲ့ဒီဈေးလောက်အထိ ခန့်မှန်းတွက်ချက်ပြီး ကိုယ့်စီးပွားရေး တောင့်ခံထားနိုင်ရေး အနည်းဆုံး production cycle တပတ်လည်ကာလ ၆ လကနေ ၁၀ လလောက်အထိအတွက် contingency planning ဆွဲထားသင့်လားတွေးမိပါတယ်။
ဒါတွေက logic အရစဉ်းစားတာသာဖြစ်ပြီး ကိန်းဂဏန်းတွေ မှန်မှန်ကန်ကန်ရရင်တော့ လက်တွေ့နဲ့ကိုက်ညီနိုင်ပါတယ်။ ပြောလို့ရတာကတော့ ၄၀၀၀လောက်အထိငွေလဲနှုန်းဖြစ်သွားရင် ဈေးအီသွားပြီး ကြိုက်ရောင်းကြိုက်ဝယ် နဲ့ ကာလတခုကိုဖြတ်သန်းပြီးမှ ထပ် ခုန်တက်မလားကြည့်ရပါမယ်။ ဒါကို ထိန်းညှိုမယ့် အချက်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရတဲ့ ဝင်ငွေ၊ မူး-စ်ဆေးဝါးရောင်းရငွေ၊ ပြည်ပအလုပ်လုပ်သူတွေပြန်လွှဲငွေတွေပဲဖြစ်ပါတယ်။ (Win Myo Thu)