ကမ္ဘောဇ မိုဘိုင်းဘဏ် ဝန်ဆောင်မှု တနိုင်ငံလုံး ရုတ်တရက် ပြတ်တောက်၊ ပြည်သူများ အခက်ကြုံနေ
လတ်တလောမှာ ကမ္ဘောဇဘဏ်ရဲ့ မိုဘိုင်းဘဏ် ဝန်ဆောင်မှုဖြစ်တဲ့ kbz mbanking အက်ပလီကေးရှင်းထဲကို တနိုင်ငံလုံး အသုံးပြုသူတွေ ဝင်လို့ မရဘူးလို့ သိရပါတယ်။ ထို့ကြောင့် ဝန်ဆောင်မှု သုံးစွဲသူ ပြည်သူများအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ထိုသို့ အသုံးပြု၍မရခြင်းကို နေ့လယ်ပိုင်းကတည်းက ကြုံတွေ့ရတာ ဖြစ်ကြောင်း၊ အင်တာနက် လိုင်းမကောင်းလို့ ဝင်မရတာ ထင်နေကြောင်း၊ ယခု တခြားသူတွေပါ မရမှ တနိုင်ငံလုံး မရတာ သိရကြောင်း ဝန်ဆောင်မှု အသုံးပြုသူတဦးက ပြောပါတယ်။
အက်ပလီကေးရှင်းထဲသို့ ဝင်တဲ့သူတချို့ကတော့ ဘာမှ မပေါ်ဘဲ ဖြစ်နေတာကို မြင်တွေ့ရသကဲ့သို့ တချို့ကလည်း နောက်တကြိမ် ပြန်ဝင်ပါဆိုတဲ့ စာပေါ်လာတယ်လို့ သိရပါတယ်။ ကမ္ဘောဇဘဏ်ရဲ့ တရားဝင် ဖေ့ဘုတ်ပေ့မှာတော့ အဆိုပါ ကိစ္စနဲ့ ပတ်သက်၍ တောင်းပန်စာ (သို့) အသိပေးစာ တစုံတခုမှ တင်မထားတာကို တွေ့ရပါတယ်။
မြန်မာပြည်မှာ သုံးစွဲသူ အများဆုံးရှိတဲ့ ပုဂ္ဂလိကဘဏ်အနေနဲ့ ယခုလို ဝန်ဆောင်မှု ရုတ်တရက် ပြတ်တောက်တာမျိုး မဖြစ်သင့်ကြောင်း၊ စနစ်ကို အဆင့်မြှင့်မယ်ဆိုရင်လည်း ကြိုတင် သတိပေးရမှာ ဖြစ်ကြောင်း၊ ယခုဖြစ်ရပ်ကြောင့် ပြည်သူများအကြား ကောလာဟလများ ပိုမိုပျံ့နှံ့ပြီး စိုးရိမ်စိတ်တွေ ပိုဖြစ်စေနိုင်ကြောင်း ဘဏ်လုပ်ငန်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ဝန်ဆောင်မှု ပြတ်တောက်ခြင်းကြောင့် အွန်လိုင်းရှော့ပင်း ပြုလုပ်သူများ၊ ငွေအလွှဲအပြောင်း ပြုလုပ်နေသူများ၊ အရေးပေါ် ငွေထုတ်လိုသူများ အခက်အခဲ ဖြစ်နေပြီး ပြည်သူလူထုကြားမှာ ဘဏ်ကောလာဟလတွေ စတင် ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။