အလွဲကြီး လွဲနေတဲ့ မြန်မာပြည်က မဟာကရုဏာရှင်တွေနဲ့ အသုံးချခံ ကလေးတွေရဲ့ အနာဂတ်

စာအရှည်ကြီး မရေးတာကြာလို့ နည်းနည်းဝင်ငံလိုက်ဦးမယ်။ ခုတစ်ရာဖိုး သုံးခု မီဒီယာတွေ ခြေချင်းလိမ်အောင် ဗျူးနေကြတဲ့ သရက်ကင်ရောင်းတဲ့ဂျမ်းတော၊ ပလုံကောက်တဲ့ အပွားလေးဆိုတဲ့ကလေး ဟိုကကြော်ငြာခေါ်ရိုက်၊ ဒီက ကြော်ငြာခေါ်ရိုက်နဲ့ မုဒိတာပွားပါတယ်။ ဒါပေမဲ့ အကျိုးစီးပွား အတွက် အသုံးချခံဖြစ်နေတယ်လို့ပဲ ခံစားမိတယ်။

ကလေးတွေရဲ့ သရုပ်ဆောင်ဟန်ကို ကြည့်ရတာလည်း ပါရီမီပါလာ (Talented) ၊ ဝမ်းတွင်းပါအိုက်တင်မျိုး လည်းမတွေ့ရဘူး။ ဒါကို အားပေးနေပါတယ် ကလေးတို့ရေ ဆိုတဲ့ မန့်တွေဖတ်ပြီး ဘာတွေ အားပေးနေကြတာလဲ ဆိုတာလည်း မသိပြန်ဘူး။

မြန်မာလူမျိုးကလည်း ကိုယ့်အိတ်ထဲက ပိုက်ဆံ မထွက်တဲ့ မုဒိတာတရားသာ ချို့တဲ့ခေါင်းပါးတာ။ အိတ်ကပ်ထဲက ၅၀၀ ၊ ၁၀၀၀ ထွက်ပြီး သနား လိုက်တာဆိုတာမျိုးကျတော့ ဖောချင်းသောချင်း။

အဲ့လိုပဲ စာထဲက ကလေးနှစ်ယောက်ကို သနားကြလို့ လှူလိုက်ကြတဲ့ငွေတွေ၊ မီဒီယာပေါင်းတစ်သိန်း ခေါ်သွားပြီး ကိုယ့်ကိုယ်ကို promotion လုပ် လှူတဲ့ အလှူငွေတွေ မနည်းမနော။ နောက်ဆုံးတော့ မကိုင်ဖူးတဲ့ငွေတွေလည်းမြင်ရော သရက်ကင်သည်ဂျမ်းတော အဖေမုဆိုးဖို ကေတီဗီ မိန်းမယူချလာပြီး ငွေတွေကို ဗုံးပလောအော သုံးပစ်ပါရောလား။

ခုလည်း အပွားလေးဆိုတဲ့ကလေး သူ့ဖာသာ ပလုံကောက်တာ။ ဓာတ်ပုံဆရာမလေးလက်စွမ်းနဲ့ ဒီကလေးကိုလူသိလာတယ်။ ကလေးက မျက်လုံးလေးတွေလည်း လှတယ်။ ဒါပေမယ့် ဟိုကဒီက ကြော်ငြာတွေခေါ်ရိုက် နဲ့ သူ့ခမျာ အရှင်မွေးနေ့ချင်းကြီး။

ပြောလိုတာကဗျာ။ စီးပွားရေးသမားဆိုတာ အသုံးချလို့ရတဲ့သူကို ခေါ်သုံးသွားမှာဘဲ။ အသုံးမလိုရင် လွှတ်ချထားခံရမှာဘဲ။ (အရင်က ဂျမ်းတောနဲ့ ဘုံပိပိဆိုတဲ့ကလေးမက အတွဲ။ ခု ဘုံပိပိ ဘယ်ရောက်သွားလည်းမသိ။ (သူတို့ကြားထဲ ဘာကိစ္စတွေရှိတယ်မသိ) ဂျမ်းတောနဲ့အပွားလေးအတွဲ အဖြစ် ခုမြင်နေရပြီ) ကလေးသရုပ်ဆောင်မဟုတ်၊ ဘာ Talent မှမရှိဘဲ အသုံးချတာ ဝ လို့ မခေါ်တော့တဲ့အခါမှာ ဒီကလေးတွေ ဘဝ ဘာနဲ့အသက်ရှင်ရပ်တည် ကြမှာလဲ။

လမ်းတွေလွဲနေတာမြင်မကောင်းဘူး။ ပညာရေးသော်လည်းကောင်း ပညာရေးစိတ်မပါရင် အသက်မွေးဝမ်းကျောင်းသော် လည်းကောင်း သင်ကြားတတ်မြောက်ပါမှ ထမင်းစားလက်မှတ် ရှိမှရပ်တည်နေထိုင်လို့ရမှာပါ။ ဂျမ်းတောဆိုတဲ့ကလေးမလေးကို စသိထဲက စကားပြောမြန်တာကလွဲလို့ ဂျွတ်ဆတ်ဆတ် ခပ်ရိုင်းရိုင်းလေးဖြစ်နေတာကို ဘယ်လိုမှ မခံစားရဘူး။

သူများနိုင်ငံ (အထူးသဖြင့်) အိန္ဒိယမှာ အဲ့လို အနေအစားဆင်းရဲတဲ့ ကလေးသာမက၊ လူကြီးတွေကို ပျိုးထောင်ပေးချင်ရင်တောင် သေချာ လေ့လာ၊ လေ့ကျင့်​၊ အားသာချက်တွေကို ပံ့ပိုး၊ အားနည်းချက်တွေကို ပြုပြင်ပေးပြီးမှ လူရှေ့ မှာပွဲထုတ်တာဗျ။

ဥပမာ၊ အိန္ဒိယက အိမ်ခြေမဲ့ လမ်းဘေးပိုက်ဆံ ​တောင်း၊ ဘူတာရုံမှာအိပ်တဲ့ အမျိုးသမီးကြီးကိုပဲ ကြည့်။ (လက်တွဲခေါ်၊ ပွဲထုတ်စင်တင်ပေးတဲ့ လူကလည်းအများကြီး အရေးပါတယ်နော်။) လက်တွဲခေါ်သလိုနဲ့ ကိုယ့်အတွက်ပါရောပြီး promotion ဆင်းတဲ့ အင်တာဗျူးတွေ တက်တက်လာတတ်လို့ ထည့်ရေးလိုက်တာ (စုနဒီ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page