၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ စောင့်ကြည့်ရမယ့် ဂြိုဟ်ထပ်ခြင်း ဖြစ်စဉ်များ
ချမ်းအေးတဲ့ ဆောင်းရာသီကို မကြာမီ နှုတ်ဆက်ရတော့မည်ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲမှာတော့ ဂြိုဟ်အများစုကို နေမထွက်မီ အရှေ့အရပ်မှာ ရှာဖွေကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေခင်းမှာတော့ တပို့တွဲလဆန်း လခြမ်းကွေးကွေးလေးနဲ့ ဂျူပီတာဂြိုဟ်တို့ကို ယှဉ်တွဲပြီး တွေ့မြင်ရနိုင်ပါတယ်။
လက်ရှိအချိန်မှာ ဗီးနပ်စ် (သောကြာဂြိုဟ်)၊ မာကျူရီ (ဗုဒ္ဓဟူးဂြိုဟ်) နဲ့ မားစ် (အင်္ဂါဂြိုဟ်) တို့ မနက်ခင်းပိုင်းမှာ စုဝေးလျက်ရှိပြီး စေတန် (စနေဂြိုဟ်) သည်လည်း နေရဲ့ အနောက်ဘက်ကနေ ပတ်သွားလျက်ရှိနေပါတယ်။
မကြာခင် (မတ်လလောက်) မှာ အရှေ့အရပ်မှာ ဂြိုဟ်တွေ ထပ်ဖို့ရှိပါတယ်။ ဗီးနပ်စ်ဟာ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ အလင်းအား (-၄.၆) မဂ္ဂနီကျူ့နဲ့ အတောက်ပဆုံး လင်းလက်လာမှာဖြစ်ပြီး..၊ ၁၃ ရက်နေ့မှာတော့ အင်္ဂါဂြိုဟ် (မားစ်) နဲ့ ဓနုရာသီမှာ ပေါင်းဆုံနေထိုင်မှာ ဖြစ်ပါတယ်။ ဂရိဒဏ္ဍာရီမှာတော့ ဗီးနပ်စ် နဲ့ မားစ် ကို ချစ်သူတွေလို့ ဆိုကြပါတယ်။
ဖေဖော်ဝါရီလ ၈ ရက်နေ့မှာတော့ လဟာ မိန်ရာသီထဲက ယူရေးနပ်စ်ဂြိုဟ်နဲ့ တထပ်တည်းကျရောက်ပြီး ဖုံးကွယ်သွားမှာ ဖြစ်ပါတယ်။ တပို့တွဲ လပြည့်နေ့ (အမှန်)ဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကျရောက်ပါတယ်။
လဆန်းလကို ညဦးပိုင်းမှာမြင်ရပြီး လပြည့်လကိုတော့ တစ်ညလုံး ပြည့်ဝစွာ မြင်တွေ့ရပါတယ်။ လ ဆုတ်လ ကိုတော့ နံနက်ခင်းပိုင်းတွေမှာ တွေ့ရတတ်ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ခင်းအချိန်မှာတော့ တပို့တွဲ လဆုတ်လခြမ်း နဲ့ ဗီးနပ်စ်၊မားစ်ဂြိုဟ် တို့ကို ဓနုရာသီကြယ်စုများအတွင်း သာမန်မျက်စိနဲ့ မြင်တွေ့ရနိုင်မှာပဲ ဖြစ်ပါတော့တယ်..။ ဂြိုဟ် နက္ခတ်များကို မတ်လထဲမှာ ပိုမိုစုဝေးပြီး မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
အနာဂတ်ပညာရေးအတွက်…
သန့်ဦး (အာကာသနှင့်စကြဝဠာ သင်ထောက်ကူ)