ရန်ကုန်ရွှေကုန်သည်များအသင်းက အရှုံးခံရောင်းပေးမယ့် ရွှေတွေကို ဝယ်လိုသူတွေ သိသင့်တဲ့ အချက်များ

လာမယ့် ဗုဒ္ဓဟူးနေ့ (၁၂.၁၀.၂၀၂၂) ရက်နေ့မှာ ရန်ကုန်ရွှေကုန်သည်များအသင်းက ရွှေဈေး ကျစေဖို့အတွက် ရွှေ (၁၂) ပိဿာကျော်ကို အထူးဈေးနှုန်းနဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

မည်သည့်ဈေးနှုန်းနဲ့ ရောင်းချပေးမယ်ဆိုတာကိုတော့ ယခုထိ လျှို့ဝှက်ထားဆဲ ရှိနေပါသေးတယ်။ ရန်ကုန်ရွှေလုပ်ငန်းရှင်းများအသင်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ အောက်တိုဘာ ၈ ရက်နေ့မှာ ရွှေတကျပ်သား ဈေးနှုန်းကို ၁၉ သိန်း ၈ သောင်း ၈ ထောင်ဆိုပြီး နောက်ဆုံး တင်ထားတာကို တွေ့ရှိရပါတယ်။

မန္တလေးရွှေလုပ်ငန်းရှင်များအသင်း ရောင်းချသလို ၂၅ သိန်း ၄ သောင်းနှုန်းနဲ့ ရောင်းချမလား၊ ထို့ထက်ပိုပြီး ရောင်းချမလားဆိုတာကတော့ ပဟေဠိ ဖြစ်နေဆဲ ဖြစ်ပါတယ်။ ပြင်ပဈေးကွက်မှာတော့ ယနေ့ (၁၀-၁၀-၂၀၂၂) ညနေ ၃ နာရီအထိ ၂၆ သိန်း ၂ သောင်း ဈေးနှုန်း ဖြစ်ပေါ်နေပါတယ်။

အဆိုပါ ရွှေတုံးရွှေခဲရောင်းချပွဲကို မနက်ဖြန်(အောက်တိုဘာ ၁၂ ရက်) တွင် မွန်းလွဲ ၁ နာရီမှ ၃ နာရီထိ ရွှေလုပ်ငန်းရှင်များအသင်းရုံး အမှတ်(၄၂/၅၀)၊ ပထမထပ်၊ ရွှေဘုံသာလမ်း(အောက်)၊ ပန်းဘဲတန်းမြို့နယ်၌ ရွှေတုံးရွှေခဲ ၁၂ ပိဿာ ၇၇ ကျပ်သားကိုရောင်းချပေးမယ်လို့ သိရပါတယ်။

ရွှေလုပ်ငန်းရှင်အသင်းသားများမှလွဲ၍ မည်သူမဆို ရွှေတစ်ကျပ်သားမှ တစ်ဆယ်ကျပ်သားအထိ ငွေလက်ငင်းစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း၊ လာရောက်ဝယ်ယူလိုသူများအနေဖြင့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း မိတ္ထူတစ်စုံစီယူဆောင်လာ၍ လွတ်လပ်စွာဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

အဆိုပါ အရှုံးခံ ရွှေရောင်းပွဲမှာ ရောင်းချမယ့် ရွှေတွေကိုတော့ ရွှေလုပ်ငန်းရှင် (၂၄) ဦးက ထုတ်ပေးထားတာ ဖြစ်ပြီး စုစုပေါင်း ရွှေ (၁၂) ပိဿာနဲ့ ၇၇ ကျပ်သား ဖြစ်တယ်လို့ သိရပါတယ်။

ရောင်းချပေးမယ့် ရွှေတွေဟာ မီးလင်းရွှေ ဖြစ်ပေမယ့် အကယ်ဒမီတံဆိပ် မဟုတ်ဘဲ ကြားရွှေတွေ ဖြစ်တယ်လို့ ရွှေလုပ်ငန်း အသိုင်းအဝိုင်းကနေ သိရပါတယ်။ ရွှေလုပ်ငန်းရှင်များ အသင်းမှ ဝယ်ယူထားသည့် ရွှေများကို တခြားရွှေဆိုင်တွေက ပေါက်ဈေးအတိုင်း ပြန်ဝယ်မှာလား၊ ဈေးနှိမ် ဝယ်ယူမှာလား ဆိုတာကို တိတိကျကျ မသိရသေးတာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page