နိုင်ငံ မတူတဲ့ လူငယ်နှစ်ဦးရဲ့ အနာဂတ် ရည်မှန်းချက်နဲ့ ခေတ်ပျက် ပုစ္ဆာ (ဝမ်းနည်းစရာ ကောင်းလှပါတယ်)

ခေတ်ပျက်ပုစ္ဆာ

“နင့် မိန်းမမှာ ကိုယ်ဝန်ရှိနေပြီ” စမ်းသပ်၍အပြီး ဆရာဝန်ကြီးက ထိုင်းသံဝဲဝဲဖြင့် ပြောလိုက်သည့်စကားကို ကြားကြားခြင်း ကျွန်တော့်မှာ ထ၍ ခုန်မိလေ၏။

အကဲပိုလွန်းသော ကျွန်တော့်ကို ကုတင်ပေါ်မှ ချစ်ဇနီးက မျက်စောင်းလှလှလေးနှင့် ဒေါက်ခနဲ လှမ်း၍ ထိုးလေ၏။ ဆရာဝန် ကြီးကတော့ ကျွန်တော့်ပခုံးကို ခပ်ဖွဖွလေး ပုတ်၍ အပြုံးကလေးနှင့် ဂုဏ်ပြုပါသည်။

ထိုနေ့သည် ကျွန်တော့်ဘဝတွင် ကြည်နူးစရာများနှင့် ပြည့်နှက်နေသော နေ့ထူးနေ့မြတ်လေးတစ်ရက်ပဲ ဖြစ်ပါသည်။

ထိုနေ့က ထိုင်း-မြန်မာနယ်စပ်ဖြစ်သော မဲဆောက်မြို့ရှိ ငှား ရမ်းထားသော နှစ်ထပ်အိမ်လေးတွင် ကျွန်တော်၏ ထိုင်းဘာသာ စကားပြောသင်တန်းလေးကို စဖွင့်သည့် နေ့လည်း ဖြစ်၏။ သင်တန်း မှာ ထိုင်းစကားပြောဟု ဆိုသော်လည်း အခြေခံထိုင်းစာကိုပါ တွဲ၍ သင်ကြားပေးရ၏။

ချစ်ဇနီးက သင်တန်းသားများကို စာရင်းလိုက်လံကောက်နေစဉ် အတန်းထဲတွင် ရုတ်တရက် မူးလဲ၍ ထိုးအန်လေ၏။ သို့နှင့် သင်တန်း စဖွင့်ဖွင့်ချင်းနေ့မှာပင် အတန်းကို ကျောင်းသားများနှင့် ထားခဲ့၍ ဆရာက စာမသင်နိုင်ဘဲ ဆေးခန်းသို့ ပြေးရလေတော့၏။

အခုတော့ ဒီသင်တန်းကို ဖွင့်၍ သင်ကြားလာခဲ့သည်မှာ ကျွန်တော့်သားတစ်သက်ဟု ဆိုလျှင်လည်း မှန်ပါသည်။ အဲဒီနေ့တုန်းက ကိုယ်ဝန်လေးလအဖြစ် လွယ်ထားရသည့်ကလေးက အခုအခါ ၁၉ နှစ်သား လူပျိုကြီးတဖားဖားပင် ဖြစ်နေပြီ မဟုတ်ပါလား။

ကျွန်တော့်သင်တန်းကို ရွှေ့ပြောင်း မြန်မာအလုပ်သမားများသာ တက်ကြပါသည်။ သို့သော် ဒီနေ့တွင်တော့ . . . အပြောင်းအလဲတစ်ခုနှင့် ကြုံလာရ၏။ ကျွန်တော် သင်တန်း ဖွင့်လာသော အနှစ် ၂၀ ကာလအတွင်း ပထမဦးဆုံး ကြုံရသည့် အပြောင်းအလဲပင်။

အတန်းထဲရှိ ထိုင်းစာနှင့် စကားပြောကိုသာ အကြိတ်အနယ် သင်ယူနေကြသည့် မြန်မာလူငယ်များအကြားတွင် ၁၉ နှစ် အရွယ် ထိုင်းမလေးတစ်ဦးက မြန်မာစာနှင့် မြန်မာစကားပြောကို လာရောက်၍ သင်ယူနေလေ၏။

ဒီအပြောင်းအလဲက ကျွန်တော့်အတွက် ဘာသာစကား သင် ကြားပေးရာတွင် အခက်အခဲ တစ်စုံတစ်ရာ မရှိလှသော်လည်း စိတ်ထဲ တွင်တော့ ခါတိုင်းနှင့် မတူဘဲ ရှိလေ၏။

အထူးသဖြင့် အတန်းထဲတွင် မြန်မာစာနှင့် စကားပြောကို လာရောက်၍ သင်ယူနေသော သင်တန်းသူ ယိုးဒယားမလေးကို စိတ် မဝင်စားဘဲ မနေနိုင်အောင် ဖြစ်မိပါတော့၏။ ဒီလိုနှင့် အတန်းပြီးလေပြီ။

သင်တန်းသားများက ကျွန်တော့်ကို နှုတ်ဆက်၍ အသီးသီး ပြန်သွားကြပြီ ဖြစ်၏။ အတန်းထဲတွင် အောင်အောင်နှင့် ထိုင်းမလေး တို့ နှစ်ဦးတည်းသာ ကျန်တော့လေသည်။

အိမ်စာကို တကုန်းကုန်းရေးနေကြသော ထိုင်းစကားပြော သင်နေသည့် မြန်မာကောင်လေးနှင့် မြန်မာစကားပြော သင်နေသည့် ထိုင်းမလေးတို့ကို ကြည့်၍ ကျွန်တော့်မှာ သိချင်စိတ်တို့ကို မအောင့် နိုင်တော့ပေ။

“ဘာဖြစ်လို့ မြန်မာစာနဲ့ စကားကို သင်ချင်တာလဲ” သူ့ကို ကျွန်တော်က စကားမစနေတော့ဘဲ ရုတ်တရက် ထိုင်း လို ပြော၍ မေးလိုက်၏။ “အဲဒါတော့. . . သမီးလည်း မသိဘူး ဆရာ၊ အမေ့ကိုပဲ မေးကြည့်မှ ရမယ်”

ဖြူဖြူဖွေးဖွေးနှင့် ပိန်ပိန်ပါးပါး ထိုင်းမလေးက ချစ်စဖွယ် ပြုံး၍ ပြန်ဖြေလေ၏။ “ဒီလိုဆို . . . သမီးအမေက ခိုင်းလို့ပေါ့” ကျွန်တော့်အမေးကို သူက ယဲ့ယဲ့ကလေး ပြုံး၍ ခေါင်းခါ လိုက်ပြန်၏။

“အမေက ခိုင်းတယ်လို့တော့ မဟုတ်ပါဘူးဆရာ၊ အမေက အကျိုးအကြောင်းရှင်းပြတယ်၊ ပြီးတော့ စိတ်ဝင်စားလားလို့ မေးတယ်၊ သမီးလည်း စိတ်ဝင်စားလို့ ခေါင်းညိတ်လိုက်တာပါ” ဒီလိုဆိုရင်ဖြင့် သူ့အမေ လာကြိုသည့်အခါမှ အကြောင်းစုံကို သိရပေတော့မည်။

ကိစ္စမရှိ။ သူ့အမေ အိမ်သို့ ရောက်လာဖို့က မကြာတော့ပေ။ “အမှန်တော့. . . ဟိုး . . အရင်တုန်းကနော်၊ ကျွန်မလည်း ဖာ့မလို မပြောတတ်ဘူး၊ ဒါပေမဲ့ ကျွန်မတို့ အလုပ်မှာက ဖာ့မအလုပ် သမားတွေများတယ်နော်ဆရာ၊ ဖာ့မလို ပြောမတတ်ရင် အိုမကေဘူး၊

ပြောတာကို သူတို့ နားမလည်ရင် ခိုင်းမထိဘူးနော်၊ အခု ကျွန်မ ဖာ့မလို ပြောတတ်တော့ အလုပ်လုပ်ရတာ ကောင်းတယ်၊ သမီးလည်း ဖာ့မလိုတတ်မှ အလုပ်သမားတွေကို ခိုင်းလို့ အိုကေမှာ ပေါ့နော်၊ နောက်ဆို ဖာ့မပြည်နဲ့လည်း လုပ်ငန်းတွေ အများကြီး လုပ်ရ မှာ ဆိုတော့ သမီးကို ဖာ့မလို စကားပြောသင်မလား မေးကြည့်တယ်၊

သမီးက လုပ်ငန်းကို . . . ဘယ်လိုခေါ်လဲ . . . ၊ အင်း . . . နားလည်တော့နော်၊ သူ ဖာ့မသင်တန်း တက်မယ်တဲ့၊ အဲဒါနဲ့ ဆရာ့ဆီ လာပို့တာဆင့်” ထိုင်းလို ပြောလိုက်သော ကျွန်တော်၏ အမေးကို သူ့အမေ ထိုင်းအမျိုးသမီးက မြန်မာလို ပီပီသသကြီးနှင့် ခရေစေ့တွင်းကျ ပြန် ၍ ရှင်းပြလေ၏။

ထိုင်းတွေကို ကျွန်တော်တို့က ယိုးဒယားဟု ခေါ်ကြသလို ထိုင်းတွေကလည်း ကျွန်တော်တို့ မြန်မာကို ဖာ့မလို့သာ ခေါ်ကြသည်။ ထို့နောက် ကျွန်တော့်ကို နှုတ်ဆက်၍ သားအမိနှစ်ယောက်စလုံး နောက်ဆုံးပေါ် အနက်ရောင် ဖို့ဒ်ကားလေးပေါ်သို့ ရွှင်လန်းပေါ့ပါးစွာ တက်သွားကြ၏။

အောင်အောင်ကလည်း ကျွန်တော့်ကို နှုတ်ဆက်ကာ စက်ဘီး အစုတ်ကလေးကို ဂျောက်ဂျက်ဂျောက်ဂျက်နှင့် တအိပဲ့ပဲ့ နင်း၍ ထွက် သွား၏။ စက်ဘီးအစုတ်လေးနှင့် ကားအသစ်လေးတို့သည် ကျွန်တော့် မျက်စိရှေ့မှ တရွေ့ရွေ့နှင့် တစစ ပျောက်ကွယ်၍ သွားလေပြီ။

သို့သော် သူတို့ပြောခဲ့ကြသည့်စကားများက ကျွန်တော့် နား ထဲတွင် ပျောက်မသွားဘဲ သူတို့ပုံရိပ်များက အတွေးထဲတွင် တရစ်ဝဲဝဲ ပေါ်၍ နေလေ၏။

“အာ . . . ဘာများထူးဆန်းလို့လဲ ဆရာရယ်၊ ဘန်ကောက် တက်ပြီး ရတဲ့အလုပ် လုပ်ဖို့ပဲပေါ့၊ စက်ချုပ်ရင် ချုပ်၊ မချုပ်ရင် စျေး ရောင်း၊ စားပွဲ မထိုးချင်ရင် ခြံအလုပ်လုပ်၊ ဒါမှမဟုတ် ပင်လယ်ထဲ စက်‌လှေလိုက်၊ စက်ရုံတွေမှာ မလုပ် ချင်ဘူးဆိုရင် နေ့စားနဲ့ ကုန်ထမ်း၊ အဲဒီထဲက ရတဲ့အလုပ်ကို လုပ်ရမှာ ပဲ၊ ယုတ်စွအဆုံး၊ အမှိုက်ကျုံးဦးဆိုရင်တောင် မငြင်းနိုင်ပါဘူး၊ ထိုင်းစကား သင်ပြီး ဒီပြင် ဘာများလုပ်လို့ရမှာလဲ၊ ဆရာကလဲ မသိ တာကြနေတာပဲ . . . ၊ ဟား ဟား”

ရွှင်လန်းတက်ကြွစွာ ပြောနေသည့် အောင်အောင်၏ နှစ်လို ဖွယ် ဟန်ပန်အမူအရာကလေးကို ပြန်၍ မြင်ယောင်မိလေ၏။ အဲဒီအချိန်က “ဘာဖြစ်လို့ မင်းကရော ထိုင်းစကား သင်ရတာ လဲ” ဟု မေးလိုက်မိသော ကျွန်တော့်မှာ အောင်အောင့်ကို ပြန်၍ ပြော စရာမရှိ။ အောင်အောင် ပြောခဲ့သည်က အားလုံး အမှန်တွေချည်း။

“မြန်မာက ထိုင်းစာနဲ့ စကားကို သင်သင်၊ ထိုင်းက မြန်မာ စာနဲ့ စကားကို သင်သင်၊ ဘယ်ဘက်ကမှ မလွယ်သလို ပိုပြီးလည်း မခက်ပါဘူး၊ တတ်မြောက်အောင်အားထုတ်ရမှာက အတူတူပါပဲ၊ ပြီးတော့ သူတို့နှစ်ဦးစလုံး လာသင်နေကြတဲ့ ဆရာကလည်း ငါတစ်ယောက် တည်းပဲ၊

အတူတူပဲ၊ ဒါပေမဲ့ မတူတာက . . . ၊ ထိုင်းတွေက မြန်မာစကား သင်ပြီးရင် လုပ်ငန်းရှင်အဖြစ် ငါတို့မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်မလို့၊ ငါတို့လူငယ်လေးတွေက ထိုင်းစကားသင်ပြီးရင် သူတို့ထိုင်း တွေ မလုပ်ချင်တဲ့ အလုပ်၊ အန္တရာယ်များတဲ့အလုပ်၊ ညစ်ပတ်ပြီး နိမ့် ကျတဲ့ အခြေခံအလုပ်တွေကို အနည်းဆုံးလုပ်ခလစာနဲ့ မျက်နှာအောက် ကျို့ပြီး လုပ်နိုင်ဖို့ပဲ ဖြစ်နေပါလား၊ ဘုရား . . . ဘုရား . . .”

ထိုသို့ တွေးမိလိုက်သဖြင့် စိတ်ထဲတစ်မျိုးကြီး ဖြစ်၍ သွား ၏။ ဒါဖြင့် သူတို့ ထိုင်းလူငယ်လေးတွေက ပိုတော်နေလို့လား ဟု ဆက်၍ တွေးမိပြန်၏။

“အဲဒီလိုလည်း မဟုတ်သေးပါဘူး . . .၊ အခုပဲကြည့်ပါလား . . . ၊ အောင်အောင်နဲ့ ထိုင်းမလေးတို့ဟာ အသက်က အတူတူလောက် ပဲ၊ နှစ်ယောက်စလုံးက ဉာဏ်လည်းကောင်း၊ လိုချင်စိတ်လည်းရှိတော့ ငါ့မှာ စာသင်ရတာ သိပ်ပြီး အဆင်ပြေတာပဲ၊

နှစ်ယောက်စလုံးက စကားပြောတာရော၊ နေတာ၊ ထိုင်တာ၊ သွားလာလှုပ်ရှားတဲ့ ပုံစံလေးတွေကအစ ထက်ထက် မြက်မြက်လေးတွေ ပါပဲ၊ အဲဒီတော့ လူငယ်ချင်းအတူတူ၊ ဉာဏ်ရည်လည်း အတူတူ၊ ထက်မြက်မှုရှိတာလည်း အတူတူ၊ တစ်ချိန်မှာ. . . ဘာသာစကားကို နှစ်ဦးစလုံးတတ်လာကြမှာလည်း အတူတူပဲလေ၊

ဒီလိုဆို . . . ဘာဖြစ်လို့ ထိုင်းလူငယ်လေးတွေက လုပ်ငန်း ရှင်ဖြစ်ခွင့်ရှိပြီး မြန်မာလူငယ်လေးတွေကျတော့ အောက်ခြေအလုပ် သမားဘဝသာ ဖြစ်ခွင့်ရှိတာလဲ၊ ကြိုးစားအားထုတ်မှုမှာဆို အောင်အောင်ကတောင် ပိုဦးမယ်၊ အောင်အောင်ဆို အရွယ်နဲ့ မလိုက်အောင် အတွေ့အကြုံနဲ့ ရင့်ကျက်မှု လည်း ရှိသေးတယ်၊ ဘာဖြစ်လို့ ဒီကလေးမှာ အလုပ်သမားဘဝထက်ပိုပြီး ရွေးချယ်ခွင့် မရှိတာလဲ၊

ပညာသင်နေကြတာချင်းအတူတူ အနာဂတ်က ဘာဖြစ်လို့ ဒီလောက်တောင် ကွာဟမှုအကြီးကြီးနဲ့ ခြားနားရတာလဲ၊ အကယ်၍ ငါ့တပည့် အောင်အောင်လေးသာ ထိုင်းလူငယ်လေးတစ်ဦးဆိုရင်. .”

တပည့်နှစ်ဦး၏ ဆရာတစ်ယောက်ပင် ဖြစ်သော်ငြား အတတ် ပညာကို ကြိုးစားသင်ယူနေကြတာခြင်း အတူတူ၊ အရည်အချင်း ရှိ တာခြင်းလည်း အတူတူ ဖြစ်ပြီး အခွင့်အလမ်းတွေက မျှတမှု မရှိဘဲ ဆိုးရွားစွာ ခြားနားနေကြသည့်အပေါ် ကျွန်တော့်မှာ မချိတင်ကဲ ဖြစ်မိ လေ၏။

“တူတော့ . . . တူတယ်၊ ဒါပေမဲ့ . . . မတူဘူးကွာ၊ တောက် . . .” အထူးသဖြင့် ကျွန်တော်သည် မြန်မာနိုင်ငံသားတစ်ဦးဖြစ် သောကြောင့် စဉ်းစားရင်း ပိုပြီး ခံပြင်းလာ၍ တောက်ခေါက်မိလေ၏။ ထိုသို့ ခြားနားရခြင်းမှာ ဘာ့ကြောင့်လဲ ဟူသော အဖြေကိုလည်း ကျွန်တော် သိလိုလှ၏။ ဒီမေးခွန်းက ကျွန်တော့်အတွက် “ခေတ်ပျက်ပုစ္ဆာ”တစ်ပုဒ်ပင် မဟုတ်ပါလား။

“ဖေဖေ . . . ၊ ဘာတွေ တောက်ခေါက်ပြီး မကျေမနပ် ဖြစ်နေတာလဲဗျ၊ သား . . . ရန်ကုန်သွားဖို့ အဆင်သင့်ဖြစ်ပြီ၊ မုန့်ဖိုးပေး” “နေပါဦး . . .၊ သားက ရန်ကုန်ဘာသွားလုပ်မလို့လဲ” “ဂျပန်စကားပြောသင်တန်း သွားတက်မလို့လေ၊ ဖေဖေရဲ့”

“ဪ . . .” ဟုသာ နှုတ်မှ မြည်တမ်း၍ ကျွန်တော် ခေါင်းကို ညိတ်လိုက်မိ ၏။ အထုပ်အပိုးများနှင့် တက်ကြွနေသော သားကို ကြည့်ပြီး ကျွန်တော် ဆက်၍ မမေးဖြစ်တော့။ မေးလျှင်လည်း အောင်အောင့်လို အဖြေမျိုးကိုသာ သားဆီက ကျွန်တော် ထပ်ပြီး ကြားရဦးမှာပဲ ဖြစ် သည်။

အောင်အောင်နှင့် သားတို့ သာမက ကျွန်တော်တို့ မြန်မာ လူငယ်များ၏ လက်ရှိအခြေအနေကလည်းပဲ အားလုံး ထိုနည်းတူစွာ ဖြစ်လေ၏။ သားလေးက ကျွန်တော်နှင့် သူ့အမေ့ကို ကန်တော့ပြီး အထုပ်အပိုးများကို လွယ်၍ အိမ်မှ စထွက်လေပြီ။

သားလေး၏ နောက်ကျောကို ငေးရင်း ရင်ထဲတွင် ခံစားနေရ သော ခြားနားမှုကြီးတစ်ခုကို ကျွန်တော် စတင်နားလည်လာပါပြီ။ “သားရယ် . . . မင်းတို့က လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်ကလို ချမ်းသာတဲ့ မြန်မာနိုင်ငံသားတွေမှ မဟုတ်တော့တာကိုးကွ” ဟု အံကိုကြိတ်ရင်း စိတ်ထဲမှ ရေရွတ်လိုက်မိ၏။

ဘာ့ကြောင့်မှန်းမသိ။ ကျွန်တော့်ရင်ထဲ အလိုလို ဆို့နင့်သွား ၏။ မျက်ဝန်းအိမ်မှ မျက်ရည်တစ်စက် ပေါင်ပေါ်သို့ ပေါက်ခနဲ ပြုတ် ကျလာ၏။ ပါးပြင်ကို အကျီစနှင့် သုတ်ရင်း . . . “ခေတ်ပျက်ပုစ္ဆာ” အတွက် ထိုမျက်ရည်များက အဖြေ မဟုတ်ကြောင်းကိုတော့ ကျွန်တော် သိနေပါသေးသည်။

နေစကြာနိုင်
( ၂၀၁၇ ခုနှစ်၊ မေလ ထုတ် ) “ကြောက်ခေတ်ရုပ်ကြွင်းများ” ဝတ္ထုတိုစု စာအုပ်မှ ပြန်လည်မျှဝေပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page