ကဗျာဆရာ ကြည်ဇော်အေး ရုတ်တရက်ကွယ်လွန် (မြန်မာ့ကဗျာလောကရဲ့ နောက်ထပ် ဆုံးရှုံးမှုကြီး တခု)

လူသိများ ထင်ရှားသည့် ကဗျာဆရာ၊ စာရေးဆရာ ကြည်ဇော်အေးသည် ယနေ့ အောက်တိုဘာလ ၃ ရက် နံနက်ခင်းပိုင်းက ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

၁၉၇၈ ခုနှစ်ဖွား ဆရာကြည်ဇော်အေးသည် မနက်ဖြန် အောက်တိုဘာလ ၄ ရက်နေ့တွင်အသက် ၄၄ နှစ် ပြည့်မှာ ဖြစ်ပါတယ်။ ယနေ့ အောက်တိုဘာလ ၃ ရက် နံနက် ၁ နာရီခွဲခန့်က သတိလစ်သွားခဲ့ခြင်းဖြစ်ပြီး အရေးပေါ်ဆေးရုံတင်ခဲ့ရကြောင်း၊ ဦးနှောက်သွေးကြောပေါက်သွားသည်ဟု ဆရာဝန်က ပြောကြားခဲ့ကြောင်း၊ ယနေ့နံနက် ၈ နာရီ ၁၅ ခန့်တွင် ဆုံးပါးသွားခဲ့ကြောင်း မိသားစုဝင်တစ်ဦးက အသိပေးခဲ့တာ ဖြစ်ပါတယ်။

ဆရာကြည်​ဇော်​အေး အရွယ်ငယ်ငယ်မှာပင်ကွယ်လွန်သွားသဖြင့် စာ​ပေ​လောကနှင့် စာဖတ်သူ၊ ကဗျာချစ်သူများက ဝမ်းနည်းနှာ​မြောတသ​ကြောင်း​ ရေးသား​နေကြသည်။ ဆရာ ကြည်​ဇော်​အေး ​ရေးသားခဲ့​သော ကဗျာစာသားများကို လူမှုကွန်ယက်တွင် တင်၍ ဝမ်းနည်းကြောင်း နှုတ်ဆက်နေကြပါတယ်။

စစ်အုပ်စုအာဏာသိမ်းကာလအတွင်း စာရေးဆရာ၊ ကဗျာဆရာများ​အနက် ကွယ်လွန်သွားသူများမှာပြီးခဲ့သည့် သြဂုတ်လအတွင်းက ဆရာမောင်ပေါ်ထွန်းနှင့် ဆရာလူထုဦးသစ်လွင်၊ ဇူလိုင်လအတွင်းက ဆရာမောင်သာနိုး၊ ၂၀၂၁ ခုနှစ် သြဂုတ်လက ဆရာညီစေမင်း၊ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက ဆရာသိုက်ထွန်းသက်တို့ ဖြစ်ကြပါတယ်။

ဆရာ ကြည်ဇော်အေးရဲ့ ထင်ရှားတဲ့ ကဗျာများစွာထဲက လူကြိုက်များတဲ့ ကဗျာတပုဒ်ကို ဖော်ပြ ပေးလိုက်ပါတယ်။ “ကိုယ့်ဒေါင့်ချိုးထဲမှာ ကိုယ်နေထိုင်ပါတယ်။ ကိုယ့်စိတ်ကို တနည်းနည်းနဲ့ အနှောက်ယှက်လာပေးသူတွေကို ရှောင်ပါတယ်။ ထင်ချင်သလိုထင်လို့ရပါတယ်။ ထင်တဲ့သူတွေဟာလည်း လူကောင်းသူကောင်းတွေဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါဟာ ကျွန်တော်နဲ့မဆိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ လူကောင်းသူကောင်းတွေတိုင်းဟာ ကိုယ်နဲ့အဆင်ပြေမယ်လို့ ဘယ်သူကမှ အာမမခံပါဘူး။ ကျွန်တော်ဘက်ကလည်း အာမမခံပါဘူး။ ကျွန်တော်ကလည်း သူတို့အတွက် လူကောင်းသူကောင်းတစ်ယောက် ဖြစ်မနေချင်ပါဘူး။ အချိန်မရွေး တစ်ခုခုဖြစ်သွားနိုင်ပါတယ်။ (ကြည်ဇော်အေး) (ဝက်ဘ်ဆိုက်ရဲ့ ပုံစံကြောင့် မူရင်းကဗျာပုံစံ ခွဲပိုဒ်အတိုင်း ပြန်လည် မဖော်ပြနိုင်တာကို နားလည် ခွင့်လွှတ်ပေးကြပါရန်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page