သီရိလင်္ကာ တနိုင်ငံလုံး ရပ်တန့်သွားပါပြီ (စက်သုံးဆီ ၅ ရက်စာပဲ ကျန်လို့ ရုံးတွေ နှစ်ပတ်ကြာပိတ်မည်)

သီရိလင်္ကာအာဏာပိုင်တွေဟာ တင်သွင်းတဲ့ စက်သုံးဆီအတွက် ဒေါ်လာမလုံလောက်မှုကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး အားလုံးနီးပါးကို ရပ်နားထားရတာကြောင့် အစိုးရုံးတွေနဲ့ စာသင်ကျောင်းတွေကို နှစ်ပတ်ကြာ ပိတ်ထားမယ်လို့ သောကြာနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

သီရိလင်္ကာရဲ့ လောင်စာဆီပမာဏဟာ နောက်ထပ်ငါးရက်စာအတွက်ပဲ ကျန်ရှိတော့ကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးက ပြောကြားပါတယ်။ နိုင်ငံတစ်ဝန်း ဓာတ်ဆီဆိုင်တွေမှာ လူအများတန်းစီးပြီး အချိန်အကြာကြီးစောင့်ဝယ်ယူနေရတာတွေနဲ့အတူ သီရိလင်္ကာရဲ့ ပြင်းထန်တဲ့ လောင်စာဆီပြတ်လပ်မှုဟာ အခုသီတင်းပတ်အတွင်း ပိုပြီးဆိုးရွားလာတာ ဖြစ်ပါတယ်။

ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ပြတ်လပ်မှုကို တုန့်ပြန်တဲ့အနေနဲ့ တနင်္လာနေ့က စတင်ပြီးတော့ အစိုးရဝန် ဆောင်မှုလုပ်ငန်းတွေကို ထိန်းသိမ်းထားဖို့ ဌာနဆိုင်ရာတွေ၊ အစိုးရဌာနတွေနဲ့ ဒေသဆိုင်ရာ ကောင်စီတွေ အားလုံးကို ပြည်သူ့စီမံခန့်ခွဲမှု ဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

သီရိလင်္ကာဟာ ဝယ်ယူထားတဲ့ ကုန်ပစ္စည်းတွေအတွက်ပေးဖို့ရှိနေတဲ့ ကန်ဒေါ်လာ ၇၂၅သန်းကို မပေးချေနိုင် ဖြစ်နေပြီး အနာဂတ်ကုန်တင်သွင်းမှုတွေအတွက် ချေးငွေရယူဖို့လည်း အခက်ကြုံနေကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ကန်ချာနာက ပြောကြားပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီးနောက် အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်း နဲ့ ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းက စတင်ပြီးတော့ အစားအသောက်၊ ဆေးဝါးနဲ့ လောင်စာ ကဲ့သို့သော မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတွေ တင်သွင်းဖို့ ငွေကြေးမတတ်နိုင်တော့တာ ဖြစ်ပါတယ်။ ထို့အပြင် နိုင်ငံဟာ စံချိန် တင်မြင့်မားတဲ့ ငွေကြေးဖောင်းပွမှုနဲ့ ကာလရှည်ကြာ လျှပ်စစ်ဓာတ် အားပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး လပေါင်းများစွာကြာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

သီရိလင်္ကာပြည်သူတွေရဲ့ပြင်းထန်တဲ့ ဆန္ဒပြတောင်းဆိုမှုတွေနဲ့ သမ္မတ ဂိုတိုဘာယာ ရာဂျာ ပါဆာကို ရာထူးကနေ ဆင်းပေးဖို့လည်း တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ အခုသီတင်းပတ်အစောပိုင်းမှာ အာဏာပိုင်တွေက သောကြာနေ့ကို အားလပ်ရက်အဖြစ် ကြေညာပေးခဲ့ပြီး လောင်စာဆီ ချွေတာဖို့ ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။

စာသင်ကျောင်းတွေအားလုံးကို တနင်္လာနေ့ကစပြီး နှစ်ပတ်ကြာ ပိတ်ထားဖို့နဲ့ ကျောင်းသားတွေနဲ့ ဆရာတွေမှာ လျှပ်စစ်မီးတွေရရှိပါက အွန်လိုင်းသင်ကြားမှု ရရှိစေဖို့အတွက် ပညာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

သီရိလင်္ကာအစိုးရဟာ အိန္ဒိယအစိုးရဘဏ်တစ်ခုကနေ ချေးငွေကန်ဒေါ်လာ သန်း ၅၀၀ရရှိထားပြီး လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း လောင်စာတင်ပို့မှုတွေ ရောက်ရှိလာမယ်လို့ မျှော်လင့်ကြောင်း သူက ပြောကြားပါတယ်။ သီရိလင်္ကာဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးပြဿနာနဲ့ ရင်ဆိုင်နေရကာ မရှိမဖြစ် လိုအပ်တဲ့ နေစဉ်သုံးပစ္စည်းတွေလည်း ပြတ်လပ်နေပါတယ်။

တိုင်းပြည် ဒေဝါလီခံခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံကတော့ ခက်ခဲကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရစဉ်မှာပဲ တချိန်က သယံဇာတ ကြွယ်ဝပါတယ်လို့ သတ်မှတ်ခဲ့ကြတဲ့ မြန်မာနိုင်ငံမှာလည်း အလားတူ လောင်စာဆီ ဈေးနှုန်း မတန်တဆ တက်နေတာကို တွေ့ရပါတယ်။

လောင်စာဆီဈေးနှုန်း အဆမတန် မြင့်တက်မှုရဲ့ အကျိုးဆက်အဖြစ် ကုန်ဈေးနှုန်းတွေ တဟုန်ထိုး တက်လျက် ရှိပြီး နိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုနဲ့ ဝင်ငွေ လျော့နည်းလာမှုတို့ကြောင့် ပြည်သူများအနေနဲ့ သီရိလင်္ကာ ပြည်သူတွေထက်တောင် ခက်ခဲပင်ပန်းနေကြပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page