၁၀ တန်း မအောင်ပဲ ဘဝကို အောင်မြင်အောင်လုပ်ခဲ့တဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးနှင့် အတွေ့အကြုံ

“၁၀တန်း မအောင်ခဲ့တဲ့လူ”

လွန်ခဲ့တဲ့ ၅ နှစ်လောက်က အိန္ဒိယနိုင်ငံသားတစ်ယောက်နဲ့ အလုပ်ကိစ္စစကားပြောဖြစ်ခဲ့ပါတယ်။ သူက IT company လေးတစ်ခုပိုင်တယ်။ ဟိုဟိုဒီဒီအကြောင်းတွေပြောရင်းနဲ့ ဘဝမှာ ကျရှုံးမှုတွေအကြောင်း ရောက်သွားတယ်။

ကျနော့်အနေနဲ့ ဘဝမှာအောင်မြင်နေတဲ့လူတွေအကြောင်း ကြားရတာအပ်ကြောင်းထပ်နေပြီမို့ စိတ်မဝင်စားပါ။ အကြိမ်ကြိမ်မအောင်မြင်ပြီးမှ အောင်မြင်လာတဲ့ အက်ဒီစင်ဘာညာဆိုတာလည်း ငယ်ငယ်ကတည်းက ကြားရတာရိုးနေပြီမို့ ကျနော့်အတွက် မတိုးတော့တဲ့ မိုတီဗေးရှင်းဆေးဖြစ်နေပါပြီ။ ကိုယ်လက်လှမ်းမမီနိုင်တဲ့ KFC သူဌေးတို့ဘာညာထက်စာရင် ကျရှုံးမှုကနေ ကိုယ်လက်လှမ်းမီနိုင်လောက်တဲ့ အောင်မြင်မှုတစ်ခုကို လက်တွေ့ တည်ဆောက်ခဲ့သူတွေကိုပဲ စိတ်ဝင်စားပါတယ်။

ကျနော်နဲ့တွေတဲ့ Kumar က သူ့ဘဝမှာ ၁၀ တန်းကျတုန်းက စိတ်ဓာတ်အတော်ကျဖူးကြောင်းပြောတော့ မေးမိတယ်။ အာ့နဲ့ နောက်နှစ်ပြန်ဖြေတာ အောင်သွားရောလားဆိုတော့ မအောင်သေးဘူးတဲ့။ မင်းဒါဆိုရင် IT ပညာရှင် ဘယ်လိုဖြစ်လာသလဲ? လို့မေးတော့….

၁၀ တန်း မအောင်တာနဲ့ ဘဝကြီးကတန့်နေရမှာလားတဲ့။ ကျနော့်ကို ပြန်မေးတယ်။ မင်း အိန္ဒိယက လုပ်ငန်းရှင် သူဌေးကြီး Subhash Chandra ကိုသိလားတဲ့။ Zee Television ကစလို့ မီဒီယာ၊ နည်းပညာ၊ ပညာရေး၊ ဆန်ကစလို့ စားသောက်ကုန်လုပ်ငန်း အင်ပါယာကြီး ထူထောင်ထားတဲ့ သူဌေးကြီး၊ လွတ်တော်အမတ် Subhash Chandra ကို သိတာပေါ့လို့။

သူ့အကြောင်းစာအုပ်ရှိတယ်။ “my journey as the wrong man at the right time” တဲ့။ ဘဝမှာ အချိန်ကိုက်မှာ အမှားသွားလုပ်မိရင်း အမှန်ဖြစ်သွားသူတွေမနည်းဘူး။ ဒါ့ကြောင့် အမှားလုပ်မိတိုင်း စိတ်ညစ်စရာမဟုတ်ဘူး။ ပြန်ပြင်လို့ရတဲ့အမှားမှန်သမျှက အမှားလို့မခေါ်ဘူးဗျ။ အေး… နောက်မမှားစေနဲ့။ သင်ခန်းစာမယူတတ်ရင် အိုပြီးသေသွားတဲ့အထိ အမှားကို ဆင့်ကာဆင့်ကာ ထပ်လုပ်နေအုံးမှာပဲ။

ထားပါတော့လေ…. Kumar က ကျနော့်ကိုပြောတယ်။

Subhash Chandra က တောရွာလေးတစ်ရွာကလာတာ ၁၀ တန်းမှာ ကျောင်းထွက်ပြီး အလုပ်လုပ်ခဲ့တာ။ အခုတော့လည်း ဘီလျံနာသူဌေးကြီးကိုဖြစ်လို့။ ဘဝမှာတစ်နေရာမှာကျရှုံးတိုင်း တစ်ဘဝလုံးကျရှုံးတယ်လို့ မမြင်နဲ့တဲ့။

ကျနော်လည်းအဲ့လိုမြင်ပါတယ်။ ၁၀ တန်းဆိုတာ ဘဝခရီးရှည်ကြီးမှာ မိုင်တိုင် လမ်းခွဲတစ်ခုမှာ တင်တဲ့မှတ်ကျောက်တစ်ခုပါပဲ။ အဲ့ဒီမှာ အရှိန်ကောင်းနေရင် တာထွက်ကောင်းနေပြီ ဆက်ပြေးပါ။ တာထွက်မကောင်းခဲ့ရင်လည်း ဘဝမှာ တစ်ခုခုအောင်မြင်အောင်ကြိုးစားပါ။ လူတစ်ယောက်ချင်းစီအတွက် ဘုရားသခင်ကပေးလာမယ့် အောင်မြင်မှုပုံစံဟာ တူချင်မှတူပါမယ်။ ကိုယ်မမြင်ရတဲ့ စိတ်ဝင်စားစရာ exciting life game ကို ဆက်ဆော့ပါ။

Kumar ကိုဆက်မေးတယ်။ “မင်းဘယ်လို IT ပညာရှင်ဖြစ်လာသလဲ ဆက်ပါအုံး။”

၁၀ တန်းကျတဲ့နေ့မှာ စိတ်ဓာတ်ကျပြီး စိတ်ပျော်ရွှင်ရာတစ်ခုခုတွေ့မလားဆိုပြီး အင်တာနက်ထဲမှာ တစ်ချိန်လုံးလွင့်မျောပြီး စိတ်ချမ်းသာရာလိုက်ရှာသတဲ့။ စိတ်ချမ်းသာရာရှာမတွေ့ချိန်မှာ ကွန်ပျူတာ စခရင်ကိုထိုင်ငေးကြည့်နေမိတယ်။ အဲ့ဒီလိုနဲ့ သူကွန်ပျူတာကိုင်ပြီး စိတ်ချမ်းသာမှုကို ရှာနေမိတာကို သတိရသွားတယ်။ အဲ့ဒီမှာ ကွန်ပျူတာကို စိတ်ဝင်စားလာပြီး IT နဲ့ပတ်သက်ပြီး စိတ်ဝင်စားကာ လေ့လာသင်ယူချင်စိတ်တွေပေါ်လာတယ်။ အဲ့ဒီကနေ ပရိုဂရမ်ရေးတာတွေ IT ပိုင်းဆိုင်ရာတွေကို အခြေခံကစပြီး လေ့လာဖြစ်တယ်။ တစ်နေ့လုံး ကိုယ်စိတ်ဝင်စားတာကို ကိုယ့်ဘာသာကိုယ် လေ့လာသင်ယူရင်းနဲ့ IT Certificate စာမေးပွဲတွေဝင်ဖြေဖြစ်တယ်။

အဲ့ဒီကနေ IT နဲ့ အလုပ်ရတယ်။ လုပ်ငန်းအတွေ့အကြုံရတယ်။ စင်ကာပူကိုလာတယ်။ အင်တာဗျူးမှာ အလုပ်ရှင်လိုချင်တဲ့ ပရောဂျက်တစ်ခုကို မိနစ်ပိုင်းအတွင်းလုပ်ပြနိုင်ခဲ့တယ်။ တကယ်ရထားတဲ့ IT Certificate တွေကလည်းရှိတယ်။ အဲ့ဒီကနေ သူ့ဘာသာသူ IT company လေးထူထောင်တယ်။

Kumar က ကျနော့်ကို မေးတယ်။ မင်းမှာ “ကျောင်းကြွေးရှိသလား?” တဲ့။

ဟ… နိုင်ငံခြားမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကျောင်းတက်ခဲ့ရတာပဲ ဘဏ်ချေးငွေ Study loan တော့ ရှိခဲ့တာပေါ့လို့။ ဒါတောင် ကျောင်းလခရဲ့ ၈၀ ရာနှုန်းကမပေးရလို့။

ဟား… ဟား… မင်းနဲ့ငါ အဲ့ဒါကွာတာပဲ။ အဲ့ဒီ သားသမီးအတွက် နိုင်ငံခြားတက္ကသိုလ်ထားဖို့ ကျောင်းစားရိတ်နဲ့ ပိခဲ့ရတဲ့ မိဘတွေမနည်းဘူးတဲ့။ မင်းတို့လို ကိုယ့်ဘာသာကိုယ်တက်ခဲ့သူတွေမှာလည်း ကျောင်းကြွေးကို ပြန်ဆပ်ခဲ့ရတာ။ ငါက တက္ကသိုလ်မတက်ခဲ့ရတော့ ကျောင်းကြွေးမရှိဘူးကွတဲ့။ ပြီးတော့ ငါက တက္ကသိုလ်တက်ပြီး ဟေးလားဝါးလားအချိန်မကုန်ပဲ လုပ်ငန်းခွင်ထဲ စောစောရောက်ခဲ့တယ်။ ဒါကြောင့် အချိန်တွေမကုန်ခဲ့ဘူးတဲ့။ ဒါကြောင့် ၁၀ တန်းမအောင်ခဲ့တာ ငါ့အတွက် ငွေလည်းမကုန် အချိန်လည်းမကုန်ပဲ ကံကောင်းခဲ့သတဲ့။

ကျနော်က သူပြောတာကို ယဉ်ကျေးစွာပြန်ရေးပြနေတာ။ သူကတော့ ကျနော်နဲ့ နှစ်ယောက်တည်းလွတ်လွတ်လပ်လပ်ပြောနေတာဆိုတော့ ” ​ေ_ာက် ကျောင်းကြွေးရော၊ ေ_ာက်အချိန်ရောမကုန်ဘူး” လို့ပြောသွားတာ။

ဒီနေရာမှာ သူမှန်တယ်လို့ ပြောလို့မရပေမယ့် သူ့အတွက်သူအကောင်းဆုံးဘဝကို ကျရှုံးမှုကတွေကနေ ဖန်တီးယူသွားပြီး သူများတွေထက် အားသာချက်ကို ရယူသွားနိုင်တာအမှန်ပါပဲ။

ကျနော်ပြောလိုတာက ပြီးခဲ့တာပြီးခဲ့ပြီ။ အခုအောင်တဲ့သူရော မအောင်တဲ့သူရော ဂုဏ်ထူးများသူရော၊ မများသူရောကို တာလွှတ်မှုတစ်ခုပေးလိုက်ပြန်ပါပြီ။ မအောင်တဲ့သူဆိုရင် ကျနော်ကတော့ ၁၀ တန်းအောင်အောင်တော့ပြန်ဖြေစေချင်ပါတယ်။ ၁၀ တန်းအောင်ပြီးရင် ဘွဲ့ရဖို့ မခက်တော့ပါ။

ပြန်မဖြေဘူးဆိုတဲ့သူတွေကို ပြန်ဖြေဖို့ထပ်တိုက်တွန်းပါရစေ။ သို့သော် ငါဘာမှားခဲ့သလဲကို ပြန်သုံးသပ်တတ်ဖို့နဲ့။ အောင်မြင်အောင်လုပ်ယူနိုင်ဖို့ မိဘအသိုင်းအဝိုင်းက အားပေးစေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ထမင်းရှာစားရမယ့်ပညာကို သင်ယူရမှာဖြစ်ပါတယ်။

ငါဘယ်မှာဝါဿနာပါမှန်း မသိရင်လည်း ရရာပညာနဲ့ အလုပ်ကိုဝင်လုပ်ပါ။ အောက်ခြေအလုပ်မှာ မမျောသွားပါနဲ့ ။ ဘဝင်မမြင့်ပါနဲ့။ မိုတီတွေဖတ်ပြီးကိုယ်ပိုင်အလုပ်ထထောင်ဖို့စိတ်ကူးတွေယဉ်မနေပါနဲ့။ ငယ်တဲ့အချိန်မှာသင်ယူပါ။ အလုပ်ပေါ်မှာစေတနာထားပါ။ တိုးတက်လမ်းကိုရှာပါ။

၁၀ တန်းဟာ တစ်ဘဝမဟုတ်ဘူးဆိုတာ မောင်တို့မယ်တို့သိကြပါ။ Self-learning ကိုယ့်ဘာသာကိုယ် စိတ်ဝင်စားရာ အသက်မွေးပညာကို အချိန်ဖဲ့ပေး၍ သင်ယူခြင်းသာလျှင် တစ်ဘဝလုံးအတွက်ရိက္ခာဖြစ်လာပါလိမ့်မယ်။ ကိုယ်ရည်မှန်းထားတဲ့ကျောင်းရခဲ့ရင်လည်း ဆရာသင်ပေးတာစောင့်မနေပါနဲ့လို့။

ပုံ – Richard Myo Thant (စာရေးသူ)

ထပ်မှာပါမယ်။ ၁၀ တန်းဟာ ဘဝတစ်ခုလုံးမဟုတ်ပါ။ “ဂျက်မားဟာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ နှစ်ကြိမ်ကျရှုံးဖူးတာကို မမေ့ပါနဲ့။” ဒါတောင် မူလတန်းမှာ နှစ်ကြိမ်ကျဖူးတာနဲ့၊ အလယ်တန်းမှာ သုံးကြိမ်ကျဖူးတာကို ထည့်မပြောသေးဘူး။

တစ်ခုတော့မှာခဲ့မယ်။ ကျရှုံးမှုကို ဂျက်မားကိုလက်ညိုးထိုးပြပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူမနေနဲ့။ ကျရှုံးမှုဟာဝမ်းနည်းစရာလည်းမဟုတ်သလို ဂုဏ်ယူစရာလည်းမဟုတ်ဘူး။ “Change” အပြောင်းအလဲတစ်ခုလုပ်ပြဖို့ သတိပေးချက်တစ်ခုသာဖြစ်တယ်။

Richard Myo Thant
https://www.facebook.com/richard.myothant

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page