ရန်သူ့နိုင်ငံမှာ သမ္မတဖြစ်လာတဲ့ ပြည်ပြေး တစ်ဦး (သို့) တောင်ကိုရီးယား သမ္မတကြီး မွန်ဂျေအင်း

“မြောက်ကိုရီးယား ပြည်ပြေးမိသားစုအကြောင်း”

ဆင်ရဲသားမိသားစုတစ်စုဟာ ကိုရီးယား ပြည်တွင်းစစ်ပွဲ၊ Hungnam ကယ်ဆယ်ရေးကာလအတွင်း မြောက်ကိုရီးယား (Hungnam) ဘက်က တိတ်တဆိတ် ထွက်ပြေးလာကြတယ်။ သူတို့ဟာ မြောက်ကိုရီးယားမြောက်ပိုင်း Hamgyeong ခရိုင်က ဒုက္ခသည်တွေပေါ့..။

ကိုရီးယားစစ်ပွဲကြီး ပြီးသွားတယ်။ ၁၉၅၃ ခုနှစ်..။ ဆင်းရဲသားမိသားစုရဲ့ ဒုတိယမြောက် သားလေး ‘ဂျေအင်း’ ဆိုတဲ့ ကလေးကို ဂေါ်ဂျယ်မြို့ (Geoje) မှာ မွေးလာတယ်။ ဖခင်ဖြစ်တဲ့သူ (Moon Yong-hyung ) က လယ်ယာစိုက်ပျိုးရေးဌာနက ဆန်စပါး သိုလှောင်ရေးဘက်မှာ အကြီးအကဲဖြစ်ပေမဲ့ မြောက်ကိုရီးယားပြည်ပြေးတစ်ယောက်မို့ အလုပ်ခွင်မှာ မျက်နှာငယ်ငယ်..။

အလွန်ဆင်းရဲတဲ့ ဂျေအင်းရဲ့မိသားစုဟာဘူဆန်းမြို့ကို ပြောင်းရွှေ့ပြီးနေထိုင်ကြတယ်။ ဖခင်ဟာ နယ်တကာလှည့်ပြီး ခြေအိတ်တွေရောင်းတဲ့အလုပ်ကို စတင်ခဲ့တယ်။ ငွေအရင်းအနှီးမရှိတဲ့ သူတို့ဟာ အကြွေးတွေတင်ခဲ့တာပေါ့ ။ ဒီလို ဆင်းရဲတဲ့ကြားက ဖခင်ကြီးဟာ နယ်ကပြန်လာတိုင်း ကလေးတွေကိုပေးတဲ့ လက်ဆောင် ရှိတယ်။ တစ်ပတ်နွမ်း စာအုပ်လေးတွေ..။ မွန်းအတွက်တော့ ဖခင်ဝယ်ပေးတဲ့စာအုပ်တွေ အထပ်ထပ်အခါခါ ဖတ်ရတာ ကလေးဘဝမှာ သိပ်ပျော်ဖို့ကောင်းတယ်..။

မိခင်က ကယ်ဆယ်ရေးအဖွဲ့အစည်းတွေက လှူတဲ့ အဝတ်အစားတွေကို မဝတ်ဘဲ ပြန်ရောင်းချရတဲ့ အဖြစ်…။ ဒေသခံဘုရားရှိခိုးကျောင်း (ကက်သလစ်ချာ့ချ်) က အသင်းဝင်ရင် နို့မှုန့်တစ်ဘူးပေးမယ်ဆိုတော့ သူတို့ အမြန်ပဲအသင်းဝင်လိုက်ကြတယ်။ အဲဒီအချိန်မှာ သူတို့ ကလေး ၅ ယောက်ဖြစ်နေပြီကိုး..။ ဂျေအင်း သိပ်ရှက်ခဲ့…။ အဲဒီ နို့မှုန့်ဘူးနဲ့ ပြောင်းဖူးမှုန့် စတဲ့ အစားအစာတွေကိုယူဖို့ တန်းစီရတာကို သူ့ ဘဝမှာအရှက်ဆုံးပဲ..။ ရပ်ကွက်ထဲက သူငယ်ချင်းတွေမြင်မှာ အကြောက်ဆုံးပဲ..။

ခရစ်ယာန် သီလရှင်ကြီးက “ ကလေး .. ဘာလို့ခေါင်းကြီး ငုံ့ထားတာလဲ…?” “ရှက်လို့ဗျ..” “ ဆင်းရဲတာ ရှက်စရာမဟုတ်ပါဘူး ကလေး။ ဒါဟာလည်း ဘုရားကပေးတဲ့ လက်ဆောင်ပဲ..” “ ခင်ဗျာ..? လက်ဆောင်..?” “ ဟုတ်တယ်..။ လက်ဆောင်တစ်ခုပဲ..။ ဆင်းရဲခြင်းကို ကျော်ဖြတ်နိုင်တဲ့အရည်အချင်းကိုရှာဖွေဖို့ အခွင့်အလမ်းဆိုတဲ့ လက်ဆောင်ပေါ့။ အဲဒါကိုရရင် သူများတွေထက် ပိုပြီးမြင့်တဲ့နေရာကိုရောက်သွားရော” “ဗျာ..?” “ ဘုရားသခင်က ကလေးကို စာမေးပွဲစစ်ပြီး အိမ်စာပေးထားတာ..နောင်မှာ အရာရာကို ကျော်ဖြတ်နိုင်သူဖြစ်အောင်ပေါ့ ” ဂျေအင်း ငိုတယ်..။ “ ဒါတွေ မလိုပါဘူးခင်ဗျာ..။ နောင် သူများတွေထက် ပိုပြီးမြင့်တဲ့နေရာကိုလည်း မရောက်ချင်ပါဘူး။ ကျွန်တော် အခု ဒီလို ဆင်းဆင်းရဲရဲ မနေရရင်ပဲ ကျေနပ်ပါပြီ..”

ကြောက်တတ်၊ ရှက်တတ်တဲ့ ကလေးငယ် ဂျေအင်းဟာ ခရစ်ယာန်ကျောင်းကပေးတဲ့ အစားအစာတွေကို သယ်လာရင်း မျက်ရည်ကျခဲ့တယ်။ အဖေကမရှိ .. မုန်တိုင်းကျပြီး အိမ်တံခါးမကြီးလွင့်သွားတဲ့အခါ မိုးရေတွေနဲ့အတူ ဂျေအင်းငိုခဲ့ရတယ်။ မိခင်ကြီးက မီးသွေးဖိုတွေတင်ထားတဲ့လှည်းကို မနိုင်မနင်းတွန်းပြီးလိုက်ရောင်းရင် မိခင်ကိုကူညီချင်လို့ လှည်းနောက်က တွန်းပေးရင်း မျက်နှာဖွက်၊ ခေါင်းငုံပြီး မျက်ရည်ကျခဲ့ရတဲ့ ဂျေအင်း…။

မိခင်နဲ့ ဖခင်ဟာ ဆင်းရဲပေမဲ့ ကလေးတွေ အားလုံးကို ကျောင်းထားပေးခဲ့တယ်။ မိသားစုဟာ အလွန်အမင်းဆင်းရဲလွန်းတာကြောင့် ကလေးတွေ စက်ဘီးတောင်မစီးတတ်ခဲ့..။ ဘယ်သွားသွား ခြေကျင်လျှောက်ရတဲ့ ဂျေအင်းတို့မောင်နှမတွေရဲ့ဘဝဟာ စက်ဘီးနဲ့ အလှမ်းဝေးလှပါတယ်…။ ဂျေအင်း စာသိပ်ကြိုးစားတယ်။ စာဖတ်တာ အရမ်းဝါသနာပါတယ်။ ဒီလိုနဲ့ ဂျေအင်းတစ်ယောက် Kyungnam အထက်တန်းကျောင်းကို တက်ခွင့်ရခဲ့တယ်။

ဂယောင်ဟီး (Kyung Hee University) တက္ကသိုလ်မှာ ပညာသင်ဆုရတာမို့ ဥပဒေဘာသာရပ်ကို လေ့လာနေတုန်းပေါ့၊၊။ အဲဒီမှာ ဂျေအင်းဟာ သူချစ်တဲ့ မိန်းကလေးကို စတွေ့ခဲ့တာပေါ့..။ ကင်မ်ဂျုံဆွတ် တဲ့…။ အဲဒီတုန်းက သမ္မတပတ်ချုံဟီး (Park Chung-hee) က တိုင်းပြည်ကို ၁၈ နှစ် ဆက်တိုက် အုပ်ချုပ်နေတဲ့အချိန်ပေါ့။ သူဟာ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ချင်လို့ ယူရှင်း (Yushin) အခြေခံဥပဒေကိုရေးဆွဲအတည်ပြုလိုက်တယ်။

ဂျေအင်းဟာ ဆင်းရဲသားတွေရဲ့ဘဝကို သိတယ်။ ဒီမိုကရေစီစနစ်ကို ချစ်တယ်။ ၁၉၇၉ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်..။ ဘူဆန်းမြို့က ဂျေအင်းဦးဆောင်တဲ့ကျောင်းသားတွေနဲ့ နိုင်ငံသားတွေက ယူရှင်းဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းဖို့တောင်းဆိုခဲ့ကြတယ်။ ဂျေအင်းဦးဆောင်တဲ့ ကျောင်းသားတွေစု ဝေးပြီး အကြိမ်ကြိမ်ဆန္ဒပြတာမို့ ဂျေအင်းတစ်ယောက် အဖမ်းခံရပါလေရော…။ တက္ကသိုလ်ကျောင်းကပါ အထုတ်ခံရတာ။

ထောင်ကလွတ်လာပြီး မကြာခင်ပဲ ဖခင်ကြီးသေဆုံးတယ်။ သူ ဘားစာမေးပွဲ (bar exam) ဖြေဆိုဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။ (ဘားစာမေးပွဲဆိုတာ တရားစီရင်ပိုင်ခွင့်ရှိတဲ့ ဘားအသင်းကကြီးကြပ်တဲ့ စာမေးပွဲဖြစ်တယ်။ အဲဒီ တရားစီရင်ပိုင်ခွင့်ရှိတဲ့ ဘားအသင်းကို၀င်ချင်တဲ့ သူတစ်ယောက်ဟာ ရှေ့နေစာမေးပွဲအောင်ပြီးသားဖြစ်ရမယ်။) ၁၉၇၉- ၁၉၈၀ မှာ ဥပဒေတက္ကသိုလ်ကို အပြင်က စာကျက်ပြီးဖြေတယ်။ ပြီးတော့ ‘တရားရေးဆိုင်ရာသုတေသနနှင့်လေ့ကျင့်ရေးတက္ကသိုလ်’ ကို ဆက်တက်တယ်။ ပြီးတော့ ဘားစာမေးပွဲကို အောင်ခဲ့ပေမဲ့ သမ္မတပတ်ချုံဟီးကို ဆန့်ကျင်ရေးလှုပ်ရှားခဲ့တဲ့သမိုင်းကြောင့် အစိုးရတရားသူကြီး၊ အစိုးရရှေ့နေဖြစ်ခွင့်မရ။

ဂျေအင်း စိတ်မလျှော့ပါ။ ပုဂ္ဂလိကရှေ့နေလုပ်ပြီး နိုင်ငံရေးနဲ့ ထောင်ကျနေတဲ့ ကျောင်းသားတွေကို ရှေ့နေလိုက်ပေးတယ်။ အဲ့ဒိတုန်းက သမ္မတပတ်ချုံဟီးကျဆုံးပြီး သူ့ထက် အများကြီးပိုဆိုးတဲ့ သမ္မတချန်ဒူးဝမ်တက်နေချိန်ပေါ့။ အဲဒီမှာ ဂျေအင်းက သူ နဲ့ ဝါသနာတူရှေ့နေ့တစ်ယောက်နဲ့ တွေ့ပြီး အရမ်းခင်သွားတာ …။ အဲ့ဒိလူကလည်း သူက သမ္မတချန်ဒူးဝမ်ကို ဆန့်ကျင်နေတဲ့ ရှေ့နေလေ။ အဲဒီရှေ့နေက နိုမူဟယောင်း (Roh Moo-hyun) တဲ့။ (နောင် ၉ ကြိမ်မြောက် တောင်ကိုရီးယားသမ္မတဖြစ်ခဲ့သူ သမ္မတနိုမူဟယောင်း (Roh Moo-hyun) ဖြစ်ပါတယ်။)

နိုမူဟယောင်းက ဆင်းရဲသားတွေနဲ့ ကျောင်းသားတွေ မတရားအဖိနှိပ်ခံရတာ မမြင်ရက်လို့ သမ္မတလုပ်ဖို့ ဆုံးဖြတ်ခဲ့..။ နိုမူဟယောင်းက ဂျေအင်းကိုယုံယုံကြည်ကြည်နဲ့ အကူအညီတောင်းတယ်။ “ ကျွန်တော်သမ္မတဖြစ်ရင် ခင်ဗျားလိုလူတစ်ယောက်ကို မြေတောင်မြှောက်ပေးချင်တယ်။ ခင်ဗျားဟာ တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်နေလို့ပါ” “ ဗျာ..? ကျွန်တော် နိုင်ငံရေးနဲ့ပတ်သက်ပြီး နားမလည်ဘူးဗျ” “ နိုင်ငံရေးနားလည်ဖို့ထက် ရိုးသား၊ ကြိုးစားဖို့ပဲလိုပါတယ်။ ကျွန်တော် သမ္မတဖြစ်ချင်တာလည်း ပြည်သူတွေကို ကူညီဖို့ပါ ”

ဂျေအင်းတစ်ယောက် နိုမူဟယောင်းသမ္မတဖြစ်ဖို့ မဲဆွယ်စည်းရုံးရေးမန်နေဂျာဖြစ်လာခဲ့ရ..။ နိုမူဟယောင်း အောင်ပွဲရတယ်။ သမ္မတဖြစ်တယ်။ ( ၂၀၀၃ ခုနှစ်၊ ၂ လပိုင်း၊ ၂၅ ရက်။ ) ဂျေအင်းကို သမ္မတနိုမူဟယောင်းရဲ့ အနီးကပ်လက်ထောက်လုပ်ဖို့ ဆက်ပြီးတောင်းဆိုခဲ့။ ဂျေအင်းဟာ အရပ်ဘက်ဆိုင်ရာအကြီးတန်း သမ္မတအတွင်းရေးမှူး။၂၀၀၃-၂၀၀၈ မှာ လူထုအခြေပြုအဖွဲ့အစည်းဆိုင်ရာ အကြီးတန်းသမ္မတ အတွင်းရေးမှူးချုပ်ဖြစ်လာတယ်။ နိုင်ငံရေးရဲ့ ရှုပ်ထွေးတဲ့အကြောင်းတွေ သူသိလာတဲ့အခါ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ သမ္မတကောင်းရုံနဲ့ ထင်သလောက် ခရီးမရောက်ဘူးဆိုတာ သိလာတယ်။ သူ့ ကျန်းမာရေးလည်း သိပ်မကောင်းဘူးဖြစ်လာတယ်။ “ သမ္မတကြီး.. ကျွန်တော် ရွာပြန်ပြီး လယ်လုပ်စားပါရစေ။ ကျန်းမာရေးမကောင်းဘူး ” တားမရတဲ့အဆုံး သမ္မတနိုမူဟယောင်းက ခွင့်ပြုခဲ့တယ်။

၂၀၀၄ ခုနှစ် ..။ တစ်ဖက်ပါတီက သမ္မတနိုမူဟယောင်းကို တရားစွဲပြီး အမျိုးမျိုးတိုက်ခိုက်တယ်။ ပြည်သူတွေက ဖယောင်းတိုင်မီးတွေနဲ့ ဆန္ဒပြ၊ သမ္မတကို ငြိမ်းချမ်းစွာထောက်ခံကြတယ်။ ဂျေအင်း အိမ်ပြာတော်ကို အပြေးသွားခဲ့တယ်။ ၅ လပိုင်း၊ ၁၄ ရက်နေ့ ..။ ဂျေအင်းဟာ သမ္မတနိုမူဟယောင်းဘက်က ရှေ့နေလိုက်တယ်။ သူနိုင်တယ်။ သမ္မတကို စွပ်စွဲအပြစ်တင်တာတွေ အားလုံးကို အခြေခံဥပဒေတရားရုံးက ပယ်ချပေးလိုက်တယ်။ “ရှေ့နေကြီး.. ခင်ဗျားမရှိရင် မဖြစ်ဘူးဗျာ။ အိမ်ပြာတော်ကို ပြန်လာပါ။ သူငယ်ချင်းတစ်ယောက်လို အကူအညီတောင်းပါတယ်။ ”

ဂျေအင်း အိမ်ပြာတော်ကို ပြန်ရောက်လာတယ်။ သမ္မတနိုမူဟယောင်းရဲ့ ၀န်ထမ်းအကြီးအကဲအနေနဲ့ ဒုတိယမြောက် ကိုရီးယားထိပ်သီးအစည်းအဝေးကော်မတီကို ဦးဆောင်ခဲ့တယ်။ သမ္မတနိုမူဟယောင်းဟာ တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် နယ်ခြားစည်းကိုဖြတ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီ (Kim Jong Il) နဲ့ လက်ဆွဲနှုတ်ဆက်တော့ ဂျေအင်း အားကျမိ..။ မြောက်ကိုရီးယားက သူ့တို့မိသားစုရဲ့ဇာတိကိုး။ ၂ဝဝ၇ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့က စပြီး အောက်တိုဘာ ၄ ရက်အထိ ပြုံယမ်းမြို့မှာ အစည်းအဝေးကိုကျင်းပနိုင်တဲ့ အထိ..။

ဂျေအင်းတစ်ယောက် စိတ်အေးပြီး တောပြန် ယာလုပ် အေးအေးဆေးဆေးနေလိုက်ပြန်တယ်။ ဂျေအင်း တောမှာပျော်တယ်။ သမ္မတနိုမူ ဟယောင်းက ဖုန်းဆက်တယ်။ “ ရှေ့နေကြီး ပျော်ရဲ့လားဗျ” “ စိတ်ချမ်းသာတယ်ဗျာ” “ ကျွန်တော်လည်း သမ္မတအလုပ်ပြီးရင် တောပြန် လယ်လုပ်မလို့ဗျ..” “ သမ္မတကြီးနားနေရမယ့်နေ့တွေ အမြန်ရောက်ပါစေဗျာ…” ၂၀၀၉ ခုနှစ်၊ ဧပြီလ။ ကြားရတဲ့ သတင်းတွေက မကောင်း..။ သမ္မတနိုမူဟယောင်းကို အကြောင်းရှာဖမ်းဆီးနေကြပြီ။ ၂၀၀၉ ခုနှစ်၊ မေလ ၂၃ ရက်နေ့။ မနက်စောစော ဖုန်းတစ်ခုဝင်လာတယ်။ သမ္မတနိုမူဟယောင်းရဲ့ ဇနီးက ဖုန်းဆက်တယ်။ “ သမ္မတကြီး တောင်ပေါ်က ချော်ကျလို့..“ “ ခင်ဗျာ..? “ “ မယုံဘူး။ သမ္မတကြီး .. ကျွန်တော်တို့ကို မထားခဲ့ပါနဲ့..” သမ္မတကြီး တောင်ပေါ်ကချော်ကျတာမဟုတ်ခဲ့။ ခုန်ချခဲ့တယ်။ အဲဒီ သမ္မတနိုမူဟယောင်းက အရူးသမ္မတလို့ နာမည်ကြီးတယ်။ ဂျေအင်းဟာ အရူးနောက်လိုက်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်…။ ဂျေအင်းရဲ့ အငိုရဆုံးနေ့တွေပေါ့..။ ၂၇ နှစ်လုံးလုံး သူငယ်ချင်းလို၊ အစ်ကိုအရင်းလို၊ သမ္မတကြီးတစ်ယောက်လို ချစ်ရသူ..။

ဂျေအင်းရဲ့ နှလုံးအိမ်ထဲမှာ ဝမ်းနည်းခြင်း၊ ဒေါသဖြစ်ခြင်း…။ ၂၀၁၂ ခုနှစ်..။ ဂျေအင်းဟာ သမ္မတကြီးနိုမူဟယောင်းလိုပဲ သမ္မတရွေးကောက်ပွဲဝင်တယ်။ ဂျေအင်းဟာ သမ္မတကြီးနိုမူဟယောင်းလိုပဲ ပထမအကြိမ် သမ္မတရွေးကောက်ပွဲဝင်တော့ရှုံးတယ်။ အမျိုးသမီးသမ္မတ ပတ်ဂွမ်ဟီး (Park Geun-hye) တက်တယ်။ ၂၀၁၇ ခုနှစ်..။ ဂျေအင်း သမ္မတဝင်အရွေးခံပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ သူနိုင်တယ်။ သမ္မတကြီး မွန်းဂျေအင်း ဖြစ်လာတယ် ၂၀၁၈ ခုနှစ်..။ မြောက်ကိုရီးယားဇာတိ သမ္မတမွန်းဂျေအင်းဟာ သမ္မတကြီးနိုမူဟယောင်းလိုပဲ မြောက်ကိုရီးယားမြေကိုနင်းပြီး ချစ်ကြည်ရေးရဖို့ ထပ်ကြိုးစားပြန်တယ်။

၂၀၁၉ ခုနှစ်၊ ဇွန်လ၃၀ရက်..။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တွေ့ကြပြီး အပြုံးတွေနဲ့..။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ..။ သမ္မတမွန်းဂျေအင်းဟာ ပြုံယမ်းမြို့ကိုထပ်သွားပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ အစည်းအဝေးထပ်လုပ်တယ်။ အဲဒီ အစည်းအဝေးကို စီးပွားရေး၊ ယဉ်ကျေးမှုနှင့်ဘာသာရေး ပညာရှင်ကိုယ်စားလှယ် ၁၅၀ တက်ရောက်တယ်။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ရဲ့ ညီမ ကင်မ်ယွန်ဂျောင် (Kim Yo Jong) က အမျိုးမျိုးရန်စ။ ဒါနဲ့ ပတ်သက်ပြီးဖိနပ်နဲ့ အပစ်ပေါက်ခံရသေး။

လူ့အခွင့်အရေး ရှေ့နေတစ်ယောက် အနေနဲ့ သူဟာ အားနည်းနေသူတွေဘက်မှာ ရပ်တည်ခဲ့တယ်။ သူရဲ့ဘဝ၊ သူ့ရဲ့ ရိုးသားဖြောင့်မတ်ခြင်းကို လူအများက သဘောကျခဲ့ကြ။ ငွေအားသုံးပြီး ဖုံးကွယ်ထားတဲ့ ပြစ်မှုဟောင်းတွေ သူ့ခေတ်မှာဖေါ်ထုတ်တယ်။ ဆန့်ကျင်ဘက်ပါတီက မုန်းတယ်။ လူချမ်းသာတွေဟာ ကုမ္ပဏီတွေပိုချမ်းသာဖို့ အတွက် နိုင်ငံရေးကို အသုံးချလိုကြတယ်။ သမ္ပတကတော့ လူတွေလူပီသဖို့ အခြေခံအရာတွေကို တိတိကျကျပြောင်းလဲတယ်။ “ကျွန်တော် အရက် အနည်းငယ်သောက်မိတဲ့ တခါတရံပေါ့။ ကျွန်တော့် အတိတ်ဟောင်း နေ့ရက်ကာလတွေကို သတိရမိ..။ ‘ငါ့ဘ၀ မှာ သမ္မတနိုမူဟယောင်း (Roh Moo-hyun) ဆိုတာ ဘာအဓိပ္ပါယ်လဲ” ကျွန်တော့်ကိုယ် ကျွန်တော် မေးမိတယ်။ သူလား? သူဟာ ကျွန်တော့်ဘဝကို အဓိပ္ပါယ်ဖွင့်ပေးခဲ့သူ။ ကျွန်တော် သူ့ကိုမတွေ့မိခဲ့ရင် ကျွန်တော့် ဘဝဟာ (လက်ရှိဘဝနဲ့မတူ) အများကြီး ပြောင်းလဲနေလိမ့်မယ်။ ဒါကြောင့် သူက ကျွန်တော့်ရဲ့ကံကြမ္မာပါပဲ။” (President Moon Jae-in)

အခု လက်ရှိ တောင်ကိုရီးယားအခြေအနေမှာ ဆင်းရဲသားတို့ရဲ့ ဘဝကို ကူညီချင်တဲ့ လက်ရှိ သမ္မတကြီးမွန်းဂျေအင်းကို မုန်းတဲ့သူတွေလည်း အပုံအပင်။ အခြားသမ္မတတွေ ခေတ်အဆက်ဆက်က မဖမ်းဆီး၊ အပြစ်မပေးရဲတဲ့သူတွေကို သူက အပြစ်ပေးဖို့ ကြိုးစားတာကိုး။ အခုလောလောဆယ် အိမ်စျေးတွေကျအောင်ကြိုးစားနေတော့ ပိုဆိုး။ ဒါကြောင့် သမ္မတကြီးမွန်းဂျေအင်းကိုသမ္မတနိုမူဟယောင်းလိုပဲ ကိုယ့်ကိုယ်ကို သတ်သေအောင် နည်းအမျိုးမျိုးနဲ့ တိုက်ခိုက်နေကြသူတွေလည်းရှိတယ်။ နိုင်ငံရေးဆိုတာ..။

မြန်မာပြည်မှာလည်းကြည့်။ သမ္မတတောင် ဖြစ်ခွင့်မရတဲ့ အမျိုးသမီးကြီးကို စော်ကား၊ ပြောဆို၊ နိမိတ်ဖတ်နေကြတဲ့သူတွေ အများကြီးရှိနေတယ်။ နိုင်ငံတကာမှာ ဆင်းရဲသားတွေဘက်က ရပ်တည်တဲ့ ခေါင်းဆောင်တွေဟာ အလွန် ဆင်းရဲ ဒုက္ခရောက်လှပါတယ်။ စေတနာရှင်တို့ အရာရာကိုကျော်ဖြတ်နိုင်ပါစေလို့။

မရွှေမိုး (ကိုရီးယား)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page