“ပြာ” – ရုပ်ရှင်သရုပ်ဆောင် ကျော်ဟိန်း ရေးသားခဲ့သော သံဝေဂ ရစရာ စာတစ်ပုဒ်
“ပြာ” ကျော်ဟိန်း ရေးခဲ့သော စာတစ်ပုဒ်
ဝိဉာဉ်ကင်းမဲ့နေပြီဖြစ်သော ဦးဘမော်၏ ရုပ်အလောင်းသည် အဖိုးတန် ကျွန်းကုတင်ကြီး ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်း လျက်ရှိနေသည်။ ဦးဘမော်၏ ကိုယ်ပေါ်တွင် လွှား၍ တင်ထားသော ဇာပဝါပါးမှတဆင့် ဦးဘမော်၏ မျက်နှာကို ဝိုးတဝါး မြင်နေရသည်။ မှိတ်ထားသော မျက်လုံး၊ ပိတ်ထားသော နှုတ်ခမ်း အစုံနှင့် မျက်နှာအကျမှာ ဆေးဆိုးထား၍ ညိုပုပ်နေသော်လည်း သက်ရှိ ထင်ရှားရှိစဉ်က ဦးဘမော်၏ ဣနြေ္ဒကြီးမားကြောင်း၊ ဂုဏ်သိန် ထည်ဝါကြောင်း သိသာလွန်းနေသည်။
ရုပ်အလောင်းဘေးတွင် ယှဉ်လျက် ချထားသော ခေါင်းသေတ္တာမှာ အဖိုးတန်သစ်ကို ထွင်းပြီး ဖဲစတို့ဖြင့် မွမ်းမံထားသဖြင့် အထူးအော်ဒါမှာပြီး လုပ်ထားကြောင်း ပေါ်လွင်နေသည်။ ခေါင်းသေတ္တာတွင် ကမ္ပည်းထိုးထားသော ဦးဘမော်၏ အသက်နှင့် ဘွဲ့ထူး၊ ဂုဏ်ထူး အရည်အချင်းများမှာ ရှည်လျားလွန်းသဖြင့် တရားဥပဒေလောကတွင် ဉာဏ်ပညာကြီးမားသူ ဝါရင့်သူ၊ ဗဟုသုတအတွေ့အကြုံ ရင့်သန် ကြွယ်ဝသူ တစ်ယောက် ဟု ခန့်မှန်းနိုင်ပေသည်။
“ကဲဟေ့ နှစ်နာရီ ထိုးပြီ ထွက်ဖို့ လုပ်ကြတော့” ခန့်ညားသော ယောက်ျားကြီး တစ်ယောက်၏ အသံကြောင့် အိမ်အတွင်းရှိ လူများနှင့် အိမ်အပြင်ဘက်တွင် ရောက်ရှိနေကြသော လူများတို့သည် လှုပ်လှုပ်ရှားရှား ဖြစ်သွားလေတော့သည်။ ဦးဘမော် သားသမီးများက ဦးဘမော်၏ ရုပ်အလောင်းကို ကုတင်ပေါ်မှ ယုယစွာ ပွေ့ချီပြီး ခေါင်းအတွင်းသို့ ညင်သာ ဖြေးညင်းစွာ ထည့်သွင်းလိုက်လေသည်။
ဦးဘမော် သက်ရှိထင်ရှား ရှိစဉ်က ပိုင်ဆိုင်သောသိန်းပေါင်းများစွာထဲမှ မက်စေ့ တစေ့ကို ရွေးချယ်ပြီးနောက် ဦးဘမော် အာခံတွင်းသို့ ထည့်လိုက်သည်။ ထို မက်စေ့ တစေ့သည် သူဌေးကြီး ဦးဘမော် အတွက် နောက်ဆုံးလက်ခံလိုက်နိုင်သော ငွေကြေးပမာဏပင် ဖြစ်ပေသည်။ ကွန်လွန်သူ ဦးဘမော်၏ သားအကြီးဆုံးသည် ဩဇာတိက္ကမကြီးသူ တဦးဖြစ်ခြင်းကြောင့် လည်းကောင်း၊ ဒုတိယသားသည် အထူးကု ဆရာဝန် ဖြစ်ခြင်းကြောင့် လည်းကောင်း၊ တတိယ သမီး၏ အိမ်ထောင်ဖက်သည် အထူးကု ဆရာဝန်ကြီး တယောက်ဖြစ်ခြင်းကြောင့် လည်းကောင်း၊ စတုတ္ထသားသည် ဌာန တခုမှ အရာရှိဖြစ်သည့် အပြင် သူ၏ အိမ်ထောင်ဖက် အမျိုးသမီးသည် မန္တလေးမှ ချမ်းသာကြွယ်ဝသော လုပ်ငန်းပိုင်ရှင်၏ တဦးတည်းသော သမီးဖြစ်ခြင်းကြောင့် လည်းကောင်း၊ ပဉ္ဓမသမီးဖြစ်သော အငယ်ဆုံး အမျိုးသမီးသည် ဆေးတက္ကသိုလ် (၁) မှ နောက်ဆုံးနှစ်ကျောင်းသူတဦး ဖြစ်ခြင်းကြောင့်လည်းကောင်း၊ သားသမီးများ၏ ဂုဏ်သိက္ခာရှိမှု ၊ ပညာအရည်အချင်း ပြည့်ဝမှုတို့ အပြင် ဦးဘမော် ကိုယ်တိုင်က ချမ်းသာကြွယ်ဝသော ပညာတတ်ကြီးတဦး ဖြစ်ခြင်းတို့ကြောင့် ပတ်သက်ရာ ပတ်သက်ရာ ဆွေမျိုး မိတ်ဆွေ သဂ်ဟအပေါင်း မြောက်မြားစွာဖြင့် ဦးဘမော်၏ ဈာပန အခမ်းအနားသည် အလွန့်အလွန် ကြီးကျယ် ခမ်းနားစွာ စည်ကား သိုက်မြိုက်လွန်းလှပေတော့သည်။
အသုဘချရာ လမ်းတစ်လျောက်တွင် မြင်ရသူများအဖို့ …. ” ဒီလောက်များတဲ့လူတွေ ဒီလောက်များတဲ့ကားတွေ အမှတ်တရပဲဟေ့” ဟူ၍ ပြောရ လောက်အောင် ဖြစ်စေတော့သည်။ ကြံတော သုဿန်အနီးရှိ ကြည့်မြင်တိုင် အထက(၁) ကျောင်းရှေ့သို့ ဦးဘမော်၏ ရုပ်ကလာပ်ကို တင်ဆောင်လာသော နိဗ္ဗာန်ယာဉ်ရောက်ရှိချိန်တွင် ဦးဝိစာရ လမ်းပေါ်ရှိ ဦးဘမော်၏ နေအိမ်မှ အသုဘပို့ ယာဉ်များမှာလည်း ထွက်လာနေဆဲရှိနေသေးသည်။ ဝေဠုဝန်ဘက်မှ အသုဘချလာသော အသုဘယာဉ်အစီးသည် မျက်နှာချင်းဆိုင် အရပ်မှ ဦးဘမော်၏ ဈာပနပို့ကားတန်းရှည်ကြီးကို မြင်သဖြင့် အလျင်ဦးအောင် ဝင်နိုင်ဖို့အတွက် အမြန်မောင်း၍ ဝင်လိုက်သည်။
ဤသို့ အမြန်မောင်း၍ ဝင်လိုက်ကာမှ ဦးဘမော်၏ အသုဘယာဉ်နှင့် ခေါင်းချင်းဆိုင် တိုက်မိမလို ဖြစ်သွားပြီး ဂိတ်ပေါက်ဝတွင် နှစ်စီးစလုံး ဝင်မရပဲ ပိတ်ဆို့သွားလေသည်။ တဦးတစ်ယောက်က အလျော့ပေးမှ ဖြစ်မည့် အခြေအနေမျိုး ရောက်သွားချိန်တွင် ဦးဘမော်၏ ဈာပနအဖွဲ့မှ လူတစ်ယောက်သည် မျက်နှာထား တင်းစွာဖြင့် ဆင်းလာကာ ဟိတ်ဟန် ပြနေလေသည်။ တစ်ဖက်အဖွဲ့မှ ဆင်းရဲနွမ်းပါးဟန်ရှိသော မိန်းမရွယ်တဦးသည်လည်း နိဗ္ဗာန်ယာဉ်ကား မောင်းသူဘေးမှ ဆင်းလာပြီး သူတို့ အလျင်ဝင်ပါရစေ ဟု ကျိုးနွံစွာ တောင်းဆိုသည်။ ထိုအမျိုးသမီးမှာ တစ်ဖက်အဖွဲ့မှ တဦးတည်းသော အသုဘပို့သူ ဖြစ်လေသည်။ ကားမငှားနိုင်သဖြင့် ခေါင်းသယ်သည့် နိဗ္ဗာန်ယာဉ်နှင့်အတူ အသုဘချရန် လိုက်ပါလာခြင်းဖြစ်သည်။ မီးသဂြိုလ်ရာ ဌာနသို့ ရောက်ရမည့် အချိန်ထက် များစွာနောက်ကျနေပြီဖြစ်၍ စိတ်လောနေပုံလည်း ရလေသည်။
ဦးဘမော် အဖွဲ့မှ လူကလည်း သတို့ရှေ့က စုတ်ချာလွန်းသော နိဗ္ဗာန်ယာဉ်ကို အလျင်ဝင်ခွင့်ပြုလျှင် နိမိတ်မကောင်း ဟု ယူဆကာ သူတို့ပဲ အလျင်ဝင်မည်ဟု အရေးဆိုသည်။ ထိုသို့ သူအလျင်ဝင်မယ် ငါအလျင်ဝင်မယ်နှင့် အပြန်အလှန် ငြင်းခုံနေကြသဖြင့် အသုဘလိုက်ပို့ကြသည့် ကားများထဲမှ သူများမှာလည်း ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်တော့သည်။
အတန်ကြာမှ မိန်းမရွယ်က အလျော့ပေးလိုက်သည်။ ဦးဘမော်၏ ဈာပနအဖွဲ့သည် ကြားမှ ဖြတ်၍ မဝင်နိုင်အောင် တစီးနှင့် တစီး ကပ်၍ မောင်းကာ ကြံတော သုဿန်ဝင်းထဲသို့ အနိုင်ရစွာ ဝင်သွားကြသည်။ မိန်းမရွယ်သည် သူ့ရှေ့မှ ထွက်သွားကြကုန်သော ကားတန်းရှည်ကို ကြည့်ရင်း ……. ” ငါ့နှယ်နော်။ ဒီအချိန်အထိ အရှုံးပေးနေရတုန်းပါလား။ ကိုအုန်း ရှင်ဟာ ကျွန်မဘဝကို လူတကာ အနိုင်ကျင့်ဖို့အတွက် ဘယ်အချိန်အထိ နှိပ်စက်နေဦးမှာလဲ ” ဟု နိဗ္ဗာန်ယာဉ်ထဲမှ ခင်ပွန်းဖြစ်သူ၏ ရုပ်ကလာပ်ရှိရာကို မကျေနပ်စွာ လှည့်ပြောလိုက်လေသည်။ သူ့လင်တော်မောင် အသုဘကိစ္စပြီးလျှင်ဆက်လက်တာဝန်ယူ ဖြေရှင်းရမည့် သူမ၏ လက်ရှိ ဘဝကို မြင်ယောင်လာသည်။
ဦးအုန်း ဘဝပျက်သော အချိန်ကျမှ သူနှင့်အိမ်ထောင်ကျခဲ့ရ၍ ဦးအုန်း၏ ပထမ အိမ်ထောင်မှ ပါလာသော လူမမည် ကလေး လေးယောက်နှင့်အတူ ဒုက္ခရောက်ရတော့မည့် သူ့ဘဝရှေ့ရေးကို စိတ်ဆင်းရဲစွာ တွေးမိသည်။ ဦးအုန်း ဈာပန ကိစ္စတွင်လည်း နိဗ္ဗာန်ယာဉ်မောင်းသူက ကားခမယူပဲ အခမဲ့လိုက်ပို့၍သာ တော်တော့သည်။ ရက်ကွက်ထဲမှ အသုဘ လိုက်ပို့လိုသူများ ရှိသော်လည်း ကားငှားစရိတ် မရှိသဖြင့် တောင်းပန်ပြီး ထားခဲ့ရသည်။ ရက်ကွက်တွင်းမှာ အပ်ထားခဲ့ရသော လင်ပါကလေး လေးယောက်၏ ညနေစာ ဖြေရှင်းရေးကို အလန့်တကြား စဉ်းစားမိသည်။ မိန်းမရွယ်သည် ဤနေရာတွင် ဆက်လက် ရပ်တည်ရန် မစွမ်းနိုင်တော့ပေ၊ အာရုံပြောင်းသည့် အနေဖြင့် နိဗ္ဗာန်ယာဉ်မောင်းသူအား စောင်းငဲ့ကြည့်လိုက်သည်။
” ဆရာကြီး ကျွန်မခင်ပွန်းအလောင်းကို ခဏလေး စောင့်ပေးပါ ခဏလေးပါရှင်။ မီးသဂြိုလ်တဲ့ ဌာနတာဝန်ခံက ကျွန်မကို အချိန်မှီရောက်အောင် ဟိုနေ့ကတည်းက အတန်တန် မှာထားတာရှင့်၊ သဂြိုလ်စရိတ် အစိတ်ပြည့်အောင် ရှာနေတာနဲ့ နောက်ကျသွားတာ ၊ ဒီကားတွေ နောက်က ရှင်လိုက်ခဲ့တော့ ကျွန်မ ဟိုကပဲ စောင့်နေတော့မယ်” ဟု ပြောဆိုကာ ကြံတော သုဿန်တွင်းရှိ ဂူများကြားမှ ဖြတ်ကာ မီးသဂြိုလ်ရာ ဌာနဆီသို့ သုတ်ခြေတင်တော့သည်။
မီးသဂြိုလ်ရာဌာနတဝိုက်တွင် ဦးဘမော်၏ ဈာပနအဖွဲ့မှ မြောက်မြားစွာသော လူတို့ဖြင့် ပြည့်နှက်နေပေသည်။ ဦးဘမော်၏ သားသမီးများက ဦးဘမော်၏ ရုပ်အလောင်းအား နောက်ဆုံးကြည့်ခြင်းအဖြစ် ခေါင်းအဖုံးဖွင့်ကာ ဂါရဝပြုနေကြသည်။ ဤသို့ ဂါရဝပြုရင်း ပူဆွေး ငိုကြွေးနေကြသည့် ဦးဘမော်၏ သားသမီးများထဲမှ အငယ်ဆုံးသမီးဖြစ်သော ဆေးကျောင်းသူလေး၏ ငိုကြွေးဟန်မှာ မြင်ရသူအဖို့ ထိခိုက်ကြေကွဲစေတော့သည် သူမအနေနှင့် ဖခင်ဖြစ်သူ ဦးဘမော်လို လူမျိုး၏ ကြီးကျယ်လွန်းသော ဂုဏ်သိက္ခာ၊ ပညာအရည်အချင်းများနှင့် တူညီသော သားနားခန့်ထည်သည့် အုတ်ဂူတစ်ခုကို မိခင်၏ အုတ်ဂူအနီးတွင် ဖခင်အတွက် အမှတ်တရအဖြစ် စိုက်ထူထားစေချင်သည်။
သို့သော် ဦးဘမော်၏ ရောဂါများကြောင့် မီးသဂ်ြုလ်တာ အကောင်းဆုံးပဲဟု အကိုအမများ၏ စီစဉ်မှုကို မတတ်သာသည့်အဆုံး၌ လက်ခံလိုက်ရခြင်းဖြစ်သည်။ ဦးဘမော်၏ ငြိမ်သက်နေသော မျက်နှာပြင်ကို ငေးကြည့်ရင်း မီးသဂ်ြုလ်ရာတွင် ဘယ်လိုဖြစ်မလဲ ဟု တွေးလိုက်မိသည့်ခဏတွင် ထိုဆေးကျောင်းသူလေးသည် ဖခင်ဖြစ်သူအား နှမြောတသစွာ အတင်းဖက်တွယ်ထားတော့လေသည်။ သူ့ဖခင်နှင့်အတူ လိုက်သေမည်ဟု တစာစာ အော်ဟစ်ငိုကြွေးလေသည်။ သူမ၏ အပြုအမူကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။ ထိန်းမရ သိမ်းမရ ရှုတ်ထွေးကုန်တော့သည်။
နောက်ဆုံး အစ်ကိုအစ်မများက ညီမလုပ်သူအား ဖျောင်းဖျပြောဆို ဆွဲခေါ်ကာ ကြံတော သုဿန်မြေထဲမှ ထွက်ခွာသွားချိန်တွင် ကျွန်းသားဖြင့် ပြုလုပ်ထားသော ဦးဘမော်၏ အဖိုးတန် ခေါင်းသေတ္တာကြီးသည် မီးရထားသံလမ်းများကို ဖြတ်၍ ကန့်လန့်ထည့်ထားသော သံလမ်း (သံဘီးလုံးများ ပျက်စီးကုန်ပြီ) များမှ တဆင့် မီးသဂြိုလ်ရာ အခန်း၂ အတွင်းသို့ ရောက်ရှိသွားတော့လေသည်။
အတွင်းတံခါးကို ပိတ်ပြီးနောက် အပြင်တံခါးကို ထပ်ဆင့်ပိတ်လိုက်ချိန်တွင် ဦးဘမော်၏ ကြီးကျယ်ခမ်းနားသော အဆောင်အယောင်များသည် ကြံတောသုဿန်မြေထဲမှ ရုတ်တရက် မျက်လှည့်ပြလိုက်သကဲ့သို့ ပျောက်ကွယ်ရှင်းသွားတော့သည်။ ထိုအခါမှ ကြံတောဂိတ်ဝတွင် စောင့်နေခဲ့ရသော ဦးအုန်း၏ ဈာပန နိဗ္ဗာန်ယာဉ်သည် မီးသဂြိုလ်ရာ ဌာနရှိရာသို့ ဝင်ရောက်လာလေသည်။
ကြိုတင်ရောက်နှင့်နေသော မိန်းမသည် အလုပ်သမား အဖွဲ့၏ အကူအညီဖြင့် နိဗ္ဗာန်ယာဉ်ထဲမှ သူမခင်ပွန်း၏ ရုပ်ကလာပ်ကို ထုတ်ယူပြီး သံဘီးတပ်လှည်းပေါ်သို့ တင်လိုက်သည်။ မိန်းမရွယ်၏ အပြုအမူများသည် သေဆုံးသွားသူကို ဇာချဲ့မနေပဲ အိမ်တွင်ကျန်ခဲ့သော အသက်ရှင်သူများ၏ လက်ရှိအခြေအနေကိုရှင်းရန် တွေးတော ပူပင်ကြောက်လန့်နေပုံ ရလေသည်။ သဂြိုလ်ဌာန တာဝန်ခံလုပ်သူက သံဘီးတပ်လှည်းကို တွန်းရင်း “ကြည့်ဦးမလား”ဟု မေးရာတွင် မိန်းမရွယ်က “တော်ပြီ တစ်သက်လုံး အနိုင်ယူ ဒုက္ခပေးလာတဲ့ ဟာကြီး သွားတော့” ဟု သံယောဇဉ်ကင်းစွာ ပြောလိုက်သည်။
သက်ဆိုင်ရာ စာရွက်စယတမ်းများကို တာဝန်ခံ လုပ်သူအား လှမ်းပေးပြီးနောက် မီးသဂြိုလ်ရာ အခန်းတွင်းသို့ ခင်ပွန်းဖြစ်သူ၏ အလောင်းကို ထည့်လိုက်သည်ကို ပင် မကြည့်တော့ပဲ ကျောခိုင်းထွက်သွားတော့သည်။ တာဝန်ခံသည် ထိုမိန်းမရွယ်အား စောစောက ဆေးကျောင်းသူလေးနှင့် နှိုင်းယှဉ်ပြီး အံ့ဩစွာ ငေးမောကြည့်နေသည်။ ပြီးမှ အခန်း ၂ တံခါးကို ဖွင့်လိုက်သည်။ ဦးဘမော်၏ ရုပ်အလောင်းသည် မီးတဟုန်းဟုန်း တောက်လောင်နေဆဲ၊ မီးလောင်နေသော ဦးဘမောင်၏ အလောင်းကို သံချောင်းရှည်များဖြင့် ထုရိုက်ချိုးဖဲ့ကာ အောက်ချိုင့် ကလိုင်အတွင်းသို့ ထိုးသွင်းလိုက်ပြီးနောက် ကျောခိုင်းထွက်ခွာသွားသူ မိန်းမရွယ်၏ ခင်ပွန်းဖြစ်သူ ဦးအုန်း၏ အလောင်းကို အပေါ်မှ ဆက်လက်၍ ထည့်သွင်းလိုက်သည်။
ဦးအုန်း၏ အလောင်းသည် ဤတနေ့တာအတွက် နောက်ဆုံး သဂြိုလ်ရမည့် အလောင်းဖြစ်လေသည်။ ဂျပန်ပြည်လုပ် မော်တာ ၁၅ ကောင်အား ကိုယ်စီ ရှိသော မီးစက်ကြီးနှင့် တရုတ်ပြည်လုပ် မီးစက်ကြီးတို့၏ အပူရှိန်ကြောင့် အလောင်းများသည် နာရီပိုင်းအတွင်း လောင်ကျွမ်း ကြေမွကာ ပြာအဖြစ်သို့ ရောက်ရှိသွားလေသည်။ ၎င်းပြာများသည် လူတို့၏ အဆီပါသောကြောင့် မြေဩဇာအဖြစ်ပင် အသုံးမဝင်တော့ပေ။ ဦးဘမော်၏ ပြာများသည် လည်းကောင်း၊ ဦးအုန်း၏ ပြာများသည် လည်းကောင်း အခန်း ၁ ၂ ၃ ၄ ၅ ထဲမှ တနေ့တာရှို့ထားသော လူတန်းစား ပေါင်းစုံတို့၏ ပြာများသည် လည်းကောင်း အမှိုက်သိမ်းသည့် လက်တွန်းလှည်းမှ တဆင့် သဂြိုလ်စက်အနောက်ဘက်ရှိ တွင်းတစ်ခုထဲသို့ သွန်ချလိုက်ချိန်တွင် အားလုံးသည် အရောရော အနှောနှော ဖြစ်၍ သွားချေပြီတည်း။
ကျော်ဟိန်း