လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က နာမည်ကျော် မင်းသား ပြေငြိမ်း ရုတ်တရက် ကွယ်လွန်ခဲ့ရတဲ့ အကြောင်းရင်း
တောင်ငူ ခပေါင်းတံတားနဲ့ မင်းသားပြေငြိမ်း အနှစ်သုံးဆယ်
ညက တောင်ငူကပြန်လာတာ နေပြည်တော်ကို ၈နာရီ ထိုးမှရောက်တယ်။ ပြေငြိမ်း ကွယ်လွန်တဲ့ နှစ် ၃၀ ပြည့် အမှတ်တရပို့စ်တက်လာလို့ သတိတရရေးမယ် စိတ်ကူးပေမယ့် ခရီးက ပန်းလို့မရေးနိုင်ဘူး။ မနေ့က သားငယ်ပြည့်ဖြိုးဟန် အသက် ၃၀ ပြည့်ပါတယ်။ မန္တလေးက ပြန်လာပြီး တောင်ငူမြို့ ပွတ်စုကျောင်းမှာ ရဟန်းခံပါတယ်။ ၁၂-၇-၁၉၉၀ နေ့က တောင်ငူဆေးရုံကြီးမှာ မွေးဖွားခဲ့ပါတယ်။
ဆေးရုံအုပ်ကြီး Dr ဦးခင်ဖေလင်းနဲ့ ဒေါ်တင့်တင့်နွယ်တို့က ခွဲစိပ်မွေးဖွားပေးခဲ့ပါတယ်။ အဲဒီညမှာပဲ ရုပ်ရှင်မင်းသားပြေငြိမ်းကလည်း ၅ အဆန် ရထားနဲ့ မန္တလေးကို သွားပါတယ်။ အဲဒီညက ၅ အဆန်ရထားဟာ ထွက်သွားပြီးကာမှ စက်ချို့ယွင်းလို့ ဘူတာထဲပြန်ဝင်ပြီး စက်ပြင်ရတယ်လို့ သိရပါတယ်။
နောက်တနေ့မှာ ကျနော် EMO တာဝန်ကျပါတယ်။ မနက် ၁၀ နာရီမှာ ခပေါင်းချောင်းထဲက အလောင်းတခုတွေ့လို့ ဘူတာက ကုန်တင်တဲ့ တွန်းလှည်းနဲ့ ဆေးရုံကို သယ်လာပါတယ်။ အရပ်ထောင်ထောင်မောင်းမောင်း လူငယ်တဦးဖြစ်ပြီး မျက်နှာက တခြမ်းစီကွဲပြီး ခေါင်းထိပ်ပိုင်း ပွင့်ထွက်နေပါတယ်။ ဂျင်းဘောင်းဘီရှည် တီရှပ်ဝတ်ဆင်ထားပြီး ဘယ်သူဘယ်ဝါ အသိအမှတ်ပြုရန် ခက်နေပါတယ်။
ထိုနေ့ နေ့လယ်ပိုင်းကစပြီး တယ်လီဖုန်း ဆက်သွယ်မေးမြန်းသူများတဲ့ အတွက် တချိန်လုံး မအားလပ်အောင် ဖြေနေရပါတယ်။ ရုပ်ရှင်မင်းသား ပြေငြိမ်း ပျောက်ဆုံးနေ၍ မေးမြန်းခြင်း ဖြစ်ပါတယ်။ သူနဲ့လာတဲ့အဖော်က မန္တလေးရောက်မှ သူပျောက်တာကို သိတာပါ။ ညက ရှေ့တွဲမှာပါလာတဲ့ တင့်တင့်ထွန်းတို့ဆီ သွားမယ်ဆိုပြီး ထွက်သွားတယ်လို့ ပြောပါတယ်။
တောင်ငူအဝင်က ခပေါင်းတံတားမှာ ရေထဲပြုတ်ကျတာပါ။ မီးရထားသံဘောင်တံတားတွေဟာ နိမ့်ပါတယ်။ တွဲခေါင်မိုးပေါ်မှာ ထိုင်စီးရင် မလွတ်ပါဘူး။ တံတားရောက်ရင် ဝပ်နေမှ လွတ်ပါတယ်။ မင်းသားက တွဲခေါင်မိုးပေါ် တက်ထိုင်ပုံရပါတယ် တံတားရှိမှန်း မသိတော့ မရှောင်နိုင်ပဲ သံဘောင်နဲ့တိုက်ပြီး ချောင်းထဲကျ၊ ဗေဒါဒိုက်တွေပေါ်ကျလို့ ရေထဲမမြောတာပါ။
မြောသွားရင် ရှာတွေ့ဖို့ အတော်ခက်ပါမယ်။ မနက်လင်းမှ တံတားရဲကင်းက အလောင်းကိုတွေ့ပြီး ဆေးရုံကို ပို့ပါတယ်။ မိသားစုကလည်း ပျောက်နေလို့ စုံစမ်း၊ ဒီမှာလည်း အမျိုးအမည် မခွဲခြားနိုင်တဲ့ အလောင်းက ရောက်နေတော့ ၊ အသေအချ ာမပြောနိုင်။ ၃နာရီလောက်မှာ ဖခင်ဦးမောင်မောင်မြင့်က ဖုန်းဆက်ပြီး သူ့ရဲထင်ရှားတဲ့ အမှတ်လက္ခဏာတွေ ပြောပြတော့ ကိုက်ညီနေပါတယ်။
ပြေငြိမ်းရဲ့ ဘကြီး Dr ဦးသာမိုး ကိုယ်တိုင် လိုက်လာပါတယ်။ ဆရာကြီး ဦးခင်ဖေလင်းနဲ့ အတူတူ ရင်ခွဲစစ်ဆေးပါတယ်။ ပြေငြိမ်းသတင်းက မြို့ထဲမှာ ချက်ချင်းပျံ့သွားပြီး ရင်ခွဲရုံဝန်းကျင်မှာ လူအများကြီး၊ အမျိုးသမီးထုက ပိုများ၏။ မိုးကလည်း ရွာလိုက်တာ ၄လက်မ။
ည ၈နာရီခန့်မှာ Drဦးသာမိုး (သမိုင်းမသန်စွမ်းဆေးရုံအုပ်ကြီး) ရောက်လာပါတယ်။ ရင်ခွဲရုံ တံခါးဖွင့်ပြလိုက်တာနဲ့ ပြေငြိမ်းပဲလို့ ပြောပါတာ်။ အရပ်ကရှည်တော့ ကျောက်စားပွဲဘောင်ပေါ် အထိ ရောက်နေတယ်။ ညတွင်းချင်း ခေါင်းတခုလုပ်ပြီး ရန်ကုန်ကိုသယ်သွားပါတယ်။
မနက် ၄ နာရီမှာ ကို Myat Khine ရောက်လာပြီး သတင်းယူတော့ မင်းသားအလောင်းက လမ်းတဝက်ရောက်နေပြီ။ ကျနော့ကို အင်တာဗျူးပြီး အနုပညာကြေးမုံ မဂ္ဂဇင်းမှာ ထည့်ပါတယ်။ အနယ်နယ်မှာ ပြေငြိမ်းကားတွေ ပြန်ပြပြီး ဗွီဒီယိုရုံတွေကိုသူလုပ်ကျွေးသွားပါသေးတယ်။ ကညွတ်ကွင်း မိတ်ဆွေတဦးဆို ကြိုးဖုန်းတလုံးဝယ်နိုင်တဲ့ ပမာဏ ၂ ရက်အတွင်းရပါသတဲ့။
သင်္ဂြုလ်ပြီးတပတ်မှာ Maung Maung myintthukhuma ရောက်လာပြီး ရဲစခန်းက သိမ်းဆည်းထားတဲ့ ဆွဲကြိုး၊ ဘိနပ်နဲ့ပစ္စည်းတွေ လာထုတ်ယူပါတယ်။ ပြေငြိမ်းအမှတ်တရ ဗီစီဒီထဲမှာ ကျနော်တို့ ပုံတွေပါတယ် ဒါကတော့ ကျနော်ကြုံခဲ့ရတဲ့ အမှတ်တရတွေပါပဲ။ အနှစ် ၃၀ တောင် ကြာခဲ့ပြီပဲ။
Mya Taung.