ကြောင်ခံတွင်းပျက်နှင့် ဇရက်တောင်ပံကျိုး (သို့) ပွဲကြိုက်တဲ့ မြန်မာလူမျိုး

ကမ္ဘာပေါ်မှာ ပွဲလန်းသဘင်အမက်ဆုံး ကို ပြောပါဆိုရင် မြန်မာ ကိုပဲ လက်ညှိုးထိုးပြ ရပေလိမ့်မည်။

တနှစ်မှာ(၁၂)လ ရှိရာ လစဉ်လတိုင်းပွဲမရှိတဲ့လ ဆိုတာ မရှိပါဘူး။ (၁၂)လရာသီ ပွဲတွေရှိပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ ဘာသာပေါင်းစုံ ရှိကြသော်လည်း အဲဒီတိုင်းရင်းသားအားလုံးထဲမှာ အကဲအပိုဆုံးကတော့ ဗမာ လူမျိုးတွေလို့ပြောရင်ရပါတယ်။

ဗမာ လူမျိုးတွေ ဘယ်လောက်အထိပွဲလန်းသဘင်မက်ကြလဲဆိုရင် (၁၂)လရာသီ ပွဲတွေ အပါအဝင် ဘုရားပွဲ ပဲဖြစ်ဖြစ် အလှူပဲပေးပေး အထူးသဖြင့် သာရေး ပွဲတွေမှာပိုဆိုးပေါ့ အတီးအမှုတ်အကအခုံ တွေ ဆိုင်း၊အငြိမ့်၊ဇာတ်သဘင် တွေကတော့ ပွဲတိုင်း မပါမဖြစ်။

နာရေးတောင်မလွတ်ပါဘူး ဘုန်းကြီးပျံ၊ခမည်းတော်ပျံ မယ်တော်ပျံ စသည်ဖြင့် ပွဲလန်းသဘင် တွေထည့်သွင်းပြီး ကကြခုန်ကြပေါ့။ ဒါတင်ပဲလား ဘယ်ဟုတ်ပါ့မလဲ အဲလောက်နှင့်အားမရသေးဘူး ကိုယ်နှင့်မဆိုင်တဲ့ ခရစ္စမတ် တို့လို Happy New Year လို ပွဲတွေမှာ ဝင်ကဲလိုက်တာက အဆစ်ပါသေး။

အဲလောက်ပွဲလန်းသဘင်မက်မောတဲ့ ရွှေမြန်မာတွေဟာ တကမ္ဘာလုံးကို ဒုက္ခပေးနေတဲ့ ကိုဗစ် နှင့်တွေ့တော့ ပျော်ချင်ပါးချင် ကဲချင်တဲ့စိတ်ကို အောင့်အီးမျိုသိပ်နေရတော့တာပေါ့။ ပျော်ဖို့အားခဲထားတဲ့ သင်္ကြန်ပွဲလည်း လွတ်၊ပွဲမှန်သမျှအကုန်လွတ်ပြီး နေမထိ ထိုင်မသာ ဖြစ်နေကြတယ် ဆိုတာ မပြောဘဲနှင့် သိနေပါတယ်။ မျိုသိပ်ထားခဲ့ရတဲ့ လတွေကလည်း ကြာရှည်လာခဲ့ပြီလေ။

“ကြောင်ခံတွင်းပျက်နှင့် ဇရက်တောင်ပံကျိုး” ဆိုတဲ့ စကားပုံကို အသက်သွင်းလိုက် တာက အခုတလော ပွဲဆူ နေတဲ့ မဲဆွယ်ပွဲ ဖြစ်ပါတယ်။

မဲဆွယ်ပွဲ ဆိုပြီး တအုံးအုံးတဂွမ်းဂွမ်း ဖြင့် ယာဉ်ကြီးယာဉ်ငယ်အသွယ်သွယ် ဖြင့် လှည့်လည်နေကြတာကို ကြည့်မိတော့ သင်္ကြန်ပွဲ၏ အငွေ့အသက် ကိုခံစားမိသလို ရှင်ပြုအလှူ တွေမှာ ရှင်လောင်းလှည့်ကြတဲ့ဓလေ့ကိုလည်း ခံစားလာမိပြန်တယ်။ နောက်ပြီး ဆွမ်းလောင်းပွဲတွေမှာ သူ့အရပ်ကိုယ့်အရပ်၊ သူ့ရွာကိုယ့်ရွာ အပြိုင်အဆိုင် ကခုန်ကြတဲ့ သဘောကိုလည်း ခံစားလာမိပြန်တယ်။ ဒါတင်ဘယ်ကအုံးမှာလဲ ရဲကိုကို ၊ရဲမင်းပိုင် ၊သီဟတင်စိုး နေထူးနိုင်တို့ ရိုက်နေတဲ့ ဖိုက်တင်ခန်း တွေ မြင်ရတာက အဆစ်ပါလိုက်သေး။ ကိုယ့်အရပ်နှင့်ကိုယ့်ဇာတ်တော့ ဟုတ်နေကြတာပဲ။ လပေါင်းများစွာ မျိုသိပ်လာရတဲ့ ‌အပျော်မက်တဲ့ စိတ်တွေကို မဲဆွယ်ပွဲမှာ ပွင့်အန်ထွက်ကြလာသလို ဖြစ်နေတယ်။

ပြောချင်တာက ကိုယ်ထောက်ခံတဲ့ပါတီကို မဲပေးရမည့်နေ့မှာ မပျက်မကွက် ထည့်ကြဖို့က လိုရင်းအချက်ပါ။ မဲဆွယ်တယ် ဆိုတာက နဂို ထောက်ခံပြီးသား ဝန်းရံပြီးသား လူတွေကို ဆွယ်တာမဟုတ်ပါဘူး၊နဂို ထောက်ခံပြီးသား လူမျိုးတွေကတော့ မဲဆွယ်စရာမလိုပဲနှင့်ကို ထောက်ခံကြပြီးသားပါပဲ။

ကြားထဲက ဟိုလိုလို ဒီလိုလို ဖြစ်နေတဲ့ သူတွေကို မဲဆွယ်ရတာပါ။ ဒါကို ကားဂိတ် ခရီးသည်လုကြတဲ့ ကယ်ရီ သမားတွေလို လုလို့ရတဲ့ အမျိုးလည်းမဟုတ်ပါဘူး။ ဈေးရောင်းတဲ့သူလို ကိုယ့်ဆိုင်ဝယ်ချင်လာအောင် အပြင်အဆင်နှင့်တမျိုး အပြောချိုချိုနှင့်တဖုံ ဖောက်သည် ရှာရတာနှင့်တူပါတယ်။

အပေါက်ဆိုးဆိုး ဘုကလန့် ဈေးသည် ဆိုရင် ဖောက်သည်ရဖို့မလွယ်ပါဘူး။ အဲဒါကြောင့်မဲဆွယ်တယ်ဆိုတာ ကြားထဲကလူတွေ ပါလာအောင် ဆိုရင် အပြောအဆိုအမူအယာ ယဉ်ကျေးဖို့လိုအပ်ပါတယ်။ မဲဆွယ်လှည့်လည်သူတွေကိုပြောချင်တာက ယခုလို ကိုဗစ်ကာလမှာအဓိကနှင့်သာမည ခွဲခြားသိဖို့ လိုပါတယ်။

Zin Yaw

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page