ပြင်ဦးလွင်ကို “တောင်ပေါ်ကန္တာရကြီး” မဖြစ်သွားစေဖို့ လုပ်ဆောင်သင့်တဲ့ အချက် (၁၆) ချက်

၁။ အပင်ခုတ်တာ အကုန်ရပ်ရပါမယ်။ ဓါတ်ကြိုး / ရေမြောင်း/ ပလက်ဖောင်း/ လမ်း/ အုတ်တံတိုင်း/ အဆောက်အဦး မလွတ်လို့၊ ရာသီဥတုဒဏ်ကြောင့် လဲမှာစိုးလို့၊ အိမ်/ဆိုင်ရှေ့ ကွယ်လို့၊ သစ်ရွက်ကြွေ အမှိုက်ရှုပ်လို့။ ပိုး/ခူကျလို့ စသည်ဖြင့် အကြောင်းပြ ခုတ်နေတာတွေ အကုန်ရပ်ရပါမယ်။

၂။ သစ်ထုတ်လုပ်ငန်း၊ ထင်းခုတ်လုပ်ငန်း၊ ထုံးဖုတ်လုပ်ငန်းများနဲ့ မီးသွေးထုတ်လုပ်ငန်းများ အားလုံးကို ချွင်းချက်မရှိ တားမြစ် ပိတ်ပင်ရပါမယ်။

၃။ ရေတွင်း/ စက်ရေတွင်းများ တူးဖော်မှုကို စနစ်တကျ ကြီးကြပ်ပြီး စိစစ် ရပါမယ်။ ခွင့်ပြုသင့်မှ ပြုရပါမယ်။

၄။ ရေထွက်ပင်ရင်းများမှာ တောတွေ ပြန်တည်ထောင်ရပါမယ်။ (လွယ်တော့မလွယ်ပါ။)

၅။ အပင်သစ် စိုက်ဖို့နဲ့ ထိန်းသိမ်းဖို့ကလည်း အရေးကြီးပါတယ်။ စိုက်ဖို့လည်း မလွယ်သလို ထိန်းသိမ်းဖို့က ပိုခက်ပါတယ်။ (မနှစ်က မိုးတွင်း အပင်ကျင်းနှစ်ထောင်ကျော် တူးဖို့ စိုက်ဖို့ ခြုံရှင်းဖို့ကို အတော် လုပ်ယူရပါတယ်။ စိုက်တဲ့ ၃ လကျော်အတွင်း အပင်သေဖြည့်တာ အပါအဝင် အပင် ၃၀၀၀ ကျော် ကုန်ခဲ့ပါတယ်။ အသားတင် ၂၀၀၀ စိုက်ခဲ့တာ အခု နွေမှာ တစ်ဝက်ပဲ ရှင်ပါတော့တယ်။) အသစ်လည်း စိုက်ဖို့လိုသလို လက်လှမ်းမီသလောက် စိုက်ထားတဲ့ အပင်လေးတွေကိုလည်း ဝိုင်းဝန်း ထိန်းသိမ်း ပြုစုပေးဖို့ လိုပါတယ်။ (ကိုယ့်အိမ်ခြံရှေ့ လာစိုက်ပေးတာကို နှုတ်ပြစ်တဲ့သူ ရေနွေးလောင်းပြစ်သူတွေ ရှိပါတယ်)

၆။ ရေကန်ကြီးတွေ ပတ်ဝန်းကျင်က ရေဝေရေလဲ မြေတွေ ပြန်ထိန်းသိမ်းရပါမယ်။ နွံတော ရှိသင့်တဲ့နေရာတွေ အကွက်ရိုက် ကျောက်ချ မြေဖို့ အဆောက်အဦး ဆောက်ထားတာတွေ ပြန်လည် စိစစ် သိမ်းဆည်းသင့်ရင် သိမ်းရပါမယ်။ ကန်တွေရဲ့ ရေထွက်နဲ့ ရေဝင် အရင်းအမြစ်များကို သေချာ ပြန်လည် ထန်းသိမ်းရပါမယ်။

၇။ ဆည်တမံ အသေးစားလေးတွေ အမြောက်အများ တည်ဆောက်ရပါမယ်။ နွေရေနည်းချိန်မှာ အတိုင်းအတာ တစ်ခုအထိ အထောက်အကူ ပြုနိုင်မှာပါ။ တောင်ကတုန်းတွေနဲ့ ရပ်ကွက်/ ကျေးရွာတွေ လမ်းဘေးတလျှောက်မှာ ကွန်တိုရေထိန်းမြေဇလားခွက်တွေ တူးထားသင့်ပါတယ်။ မိုးရေက မြေဆီလွှာ တိုက်စားသွားမှုကို အထိုက်အလျောက် ကာကွယ်ပေးပြီး အလကားစီးသွားမယ့် မိုးရေကိုလည်း ကျင်း ပမာဏအလျောက် ထိန်းထားနိုင်ပြီး မြေကြီးထဲ စိမ့်ဝင်သွားစေကာ မြေအောက်ရေ ဖြည့်တင်းနိုင်ပါ့မယ်။ (ရေဆိုးအထွက်များတဲ့ ရပ်ကွက်တွေမှာတော့ အဆင်မပြေနိုင်ပါဘူး။ ရေဆိုးကျင်းတွေ ဖြစ်သွားနိုင်ပါတယ်။)

၈။ ရေဆိုးများကို မြောင်း/ ချောင်းထဲ တိုက်ရိုက် မစွန့်သင့်တော့ပါဘူး။ ရေ ညစ်ညမ်းမှု အနည်းဆုံး ဖြစ်အောင် စနစ်တကျ သတိပြု သုံးစွဲပြီး မြောင်းထဲ မစွန့်ပြစ်ခင် ရေစစ်ကန်ဖြင့် တတ်နိုင်သလောက် သန့်စင်သင့်ပါတယ်။ အိမ်တိုင်း ရေဆိုးသန့်စင်စနစ်နဲ့ နည်းပညာတွေ အသုံးပြုနိုင်ရင် အကျိုးများမှာပါ။ (ကျနော်တော့ မသိပါ။)

၉။ ရေခြွေတာသုံးစွဲရပါမယ်။ ရေလောင်းအိမ်သာအစား ရေခြွေတာရေးစနစ်ပါတဲ့ ဗိုလ်ထိုင် ပြောင်းသုံးတာမျိုး ဖလားနဲ့ ပုံးနဲ့ ရေချိုးမယ့်အစား ရေပန်းနဲ့ ရေချိုးတာမျိုး အဝတ်လျှော်စက်ရေကို သေချာ စိစစ်သုံးစွဲပြီး စွန့်ရေကို ပြန်သုံးနိုင်မယ့်နေရာ ပြန်သုံးတာမျိုး (ကား ဆိုင်ကယ် ဆေး/ အိမ်ကြမ်းပြင် ဆေးတာမျိုး) အပင်ရေလောင်းရင်လည်း အမြစ်စိုရုံသာ လောင်းပြီး ဗွက်ထလောက်တဲ့အထိ မလောင်းတာမျိုး လုပ်ကြရပါမယ်။

၁၀။ မြို့ပတ်ပတ်လည် လူတကယ် မနေပဲ အကွက်ရိုက် ဝင်းခတ် တမံသလင်းခင်းထားတဲ့ နေရာတွေ စိစစ် သိမ်းဆည်း ဖယ်ရှားရပါမယ်။ သစ်ပင်သစ်တောအုပ် ပြန်ထူထောင်ရပါမယ်။

၁၁။ ရွှေ့ပြောင်းတောင်ယာစနစ် ရပ်ရပါမယ်။

၁၂။ လှေခါးထစ်စိုက်ခင်းတွေ ဖော်ပေးရပါမယ်။

၁၃။ အမှိုက်သိမ်းစနစ် သေချာ လုပ်ရပါမယ်။ အမှိုက်ကား လာတဲ့အချိန် မပြစ်လိုက်နိုင်တဲ့ အိမ်တွေ များနေတော့ လမ်းဘေးဝဲယာနဲ့ ချောင်းမြောင်းတွေထဲ ပြစ်လာကြပါတယ်။ (ပုဂ္ဂလိက အမှိုက်သိမ်းတုန်းက အမှိုက်ကား နေ့တိုင်း လာတယ်။ ပိုက်ဆံကောက်တာချင်း အတူတူ အခု ၈ ရက်လောက်မှ တစ်ခါလာတယ်။ အိပ်ယာ မထခင်လာတယ်။)

၁၄။ သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့ စီးပွားရေးလုပ်ငန်းများ အကုန် တားမြစ် ပိတ်သိမ်းရပါမယ်။ မေမြို့က စီးပွားရေးမြို့ မဟုတ်ပါဘူး။ အပန်းဖြေမြို့ပါ။ ပိုးသတ်ဆေး ဓါတ်မြေသြဇာ အလွန်အကျွံသုံးတဲ့ စိုက်ခင်းတွေ။ အနံ့အသက်ဆိုးနဲ့ ယင်ကောင်များပြားစေတဲ့ မွေးမြူရေးခြံတွေ ခွင့်မပြုသင့်ပါဘူး။ ရေထု လေထု မြေပေါ် မြေအောက် ညစ်ညမ်းစေတဲ့ ဘယ်လုပ်ငန်းမှ ခွင့်မပြုသင့်ပါဘူး။ ( မြို့ရဲ့ ဒေသအထိမ်းအမှတ် ထွက်ကုန် တချို့လည်း ဒီထဲပါနေပါတယ်။ တစ်ခါတလေ ချောင်းတွေ မြောင်းတွေ ဆိုးဆေးအရောင် ဖြစ်နေတာ မြင်ဖူးကြမှာပါ။)

၁၅။ မြေအောက် ထုံးကျောက်အလွှာ ကို ထိခိုက်စေမယ့် ကိစ္စများ – အထပ်မြင့်ဆောက်တာ။ အဝီစိတွင်း တူးတာ။ ကျောက်/ သတ္တု တူးတာ။ မိုင်းခွဲ ဗုံးခွဲ အမြောက် လေ့ကျင့်တာ။ လေယာဉ် ရဟတ်ယာဉ် ဆင်းတာတွေ။ တန်ချိန်များလွန်းတဲ့ ယာဉ်ကြီးများ သွားလာတာတွေ ဒါတွေကို ဆင်ခြင် လျှော့ပေါ့ ရပါမယ်။ (ဘူမိပညာရှင်တွေက ပိုသိမှာပါ။)

၁၆။ ပြောစရာတွေ ကျန်သေးပေမယ့် များသွားလို့ အခု တစ်ချက်နဲ့ နိဂုံးချုပ်ပါ့မယ်။ Urban Plan ကို နဂို အင်္ဂလိပ်ခေတ်ကအတိုင်း ပြန်လုပ်ရပါမယ်။ မြို့ပြစနစ်တစ်ခုလုံးကို သေချာ ပြန်ပြင်စေရပါမယ်။ ရေပေးရေး ရေဆိုးစနစ် အမှိုက် လမ်းမီး လမ်း ပလက်ဖောင်း လမ်းဘေးမြောင်း လမ်းဘေး မြက်ခင်း ပန်းပင် သစ်ပင် စသဖြင့် စနစ်တကျ ပြန်လုပ်ရပါမယ်။ (ဥပမာ လမ်းဘေးဝဲယာ အိမ်ဝင်ပေါက်တွေမှ လွဲ၍ ကွန်ကရစ်အပြည့် လမ်း အစပ်ထိ ခင်းထားတာတွေ ဖျက်ခိုင်းပြီး မြက်ဘလော့ ခင်းစေခြင်းမျိုး လုပ်ရပါမယ်။)

အားလုံး ကျေးဇူးတင်ပါတယ်။
သားပိုင် 20.3.2020

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page