ရှုံးနေကျ အသင်းကို ရှုံးနေကျအတိုင်း ဂိုးပြတ်ရှုံးပြီး အိမ်ပြန်စောခဲ့ရတဲ့ အာရှဖွတ်ကြီး
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် (AFF U-19 Boys Championship) ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာယူ-၁၉ အသင်းနှင့် ဗီယက်နမ် အသင်းတို့ (ယနေ့)ဇူလိုင်လ ၈ ရက် က ယှဉ်ပြိုင်ကစားခဲ့ရာ ဗီယက်နမ်အသင်းက သုံးဂိုး တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာ ယူ ၁၉ အသင်းဟာ အင်ဒိုနီးရှားနိုင်ငံမှာ ဇူလိုင်၂ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်နေတဲ့ အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် (AFF U-19 Boys Championship) ပြိုင်ပွဲ ယနေ့ပွဲစဉ်အပါအဝင် အုပ်စုပွဲစဉ် ၄ ပွဲကစားပြီးချိန်မှာ ထိုင်းအသင်းနဲ့ဗီယက်နမ်အသင်းတို့ကို ရှုံးနိမ့်ပြီး ဘရူနိုင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ကိုတော့ အနိုင်ရထားပါတယ်။
လက်ရှိတွင် မြန်မာယူ-၁၉ အသင်း သည် လေးပွဲကစား နှစ်ပွဲ နိုင် ၊ နှစ်ပွဲရှုံး ၊ ရမှတ် ၆ မှတ်ဖြင့် အုပ်စု အဆင့် ၃ ၌ ရပ်တည်နေခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် အုပ်စု နောက်ဆုံးပွဲစဉ်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ယနေ့ ညနေ ၅ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားနေတဲ့ ထိုင်းအသင်းနဲ့ ဘရူနိုင်း အသင်းတို့ရဲ့ပွဲမှာ ထိုင်းအသင်း အနိုင်ရရှိရုံနဲ့ မြန်မာအသင်းဟာ အုပ်စုတက်ဖို့ မျှော်လင့်ချက် မရှိဘဲ အိမ်ပြန်ရမှာပဲ ဖြစ်ပါတယ်။ ဘရူနိုင်းအသင်းဟာ အုပ်စုတွင်းမှာ အားအနည်းဆုံး အသင်းဖြစ်ပြီး မြန်မာအသင်းကတောင် ၇ ဂိုးသွင်းထားတဲ့ အသင်း ဖြစ်တာကြောင့် ထိုင်းအသင်းကို ဘယ်လိုမှ အနိုင်မရနိုင်ပါဘူး။ အဲဒါကြောင့် မြန်မာအသင်းအနေနဲ့ စောစောစီးစီး အိမ်ပြန်ရဖို့က ၉၉ ရာခိုင်နှုန်း သေချာသွားပြီ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ၁၉ နှစ်အောက်အသင်းလို့ ပြောထားပေမယ့် ကစားသမား အများအပြားဟာ ၁၉ နှစ်ထက် ကျော်လွန်နေပြီး လူရွေးချယ်ရာမှာလည်း နီးစပ်ရာ လူများကိုသာ ရွေးချယ် ခေါ်ယူသွားတယ်လို့ သိရပါတယ်။ ပြိုင်ပွဲတိုင်းမှာ အိမ်ပြန်စောပြီး အာရှဖွတ်ကြီးဘွဲ့ကို ရရှိခဲ့တဲ့ မြန်မာဘောလုံးအသင်းရဲ့ ရှေ့အနာဂတ်ကတော့ မကန်တာက ပိုကောင်းလိမ့်မယ်လို့ ပရိသတ်တွေက မှတ်ချက်ချနေကြပါတယ်။