ရပ်ကွက်ထဲမှာ ငါးရောင်းတဲ့ ကိုညိုကြီးနှင့် ပြင်ညာရှင်များ တွေ့ဆုံခြင်း (မြန်မာတွေ အကျင့်)

“ပြင်ညာရှင်များနှင့် တွေ့ဆုံခြင်း”

ရပ်ကွက်ထဲတွင် ကိုညိုကြီး ငါးရောင်းနေသည်။ ကိုညိုကြီးက ဆိုင်မဖွင့်မီကပင် ဆိုင်းဘုတ်အကြီးကြီးတစ်ခုကို ကိုယ်တိုင်ရေးပြီး ဆိုင်မျက်နှာစာတွင် တင်ထားသည်။

“သန့်ရှင်းလတ်ဆတ်သော ငါးများ ဤဆိုင်တွင်ရောင်းပြီ” ကိုညိုကြီးက သူ့ဆိုင်းဘုတ်ကိုကြည့်ပြီး ပီတိဖြစ်နေသည်။ ယနေ့ဆိုင်စဖွင့်ပြီ..

ထိုအချိန်တွင် ကိုညိုကြီး သူငယ်ချင်းတစ်ဦးက ရောက်လာသည်။ စစ်ပြန်ကြီး ကိုဗေဒါဖြစ်သည်။

“ညိုကြီး ဘာတွေ ခါးထောက်ကြည့်နေသလဲ”

“ဆိုင်ဖွင့်ပြီလေကွာ … ငါးရောင်းမလို့ … ဆိုင်းဘုတ်က ငါကိုယ်တိုင်ရေးထားတာ”

“ဟုတ်လား … လက်ရေးလေး မဆိုးပါဘူးကွ … ဒါပေမဲ့”

“ဘာ … ဒါပေမဲ့လဲကွ”

“(ဤဆိုင်တွင်) ဆိုတာကြီးက တစ်မျိုးကြီးဖြစ်နေသလားလို့ … ထောက်တောက်တောက်ကြီးနဲ့ … (သန့်ရှင်းလတ်ဆတ်သော ငါးများ ရောင်းပြီ) ဆိုတာလောက်နဲ့ လုံလောက်ပြီလေကွာ … ဘာဖြစ်လို့ အပိုတွေ လျှောက်ထည့်နေသလဲ”

“အေးဟုတ်သား … ပြင်လိုက်မယ်ကွာ” ဤသို့ဖြင့် ဆိုင်းဘုတ်ပြောင်းသွားသည်။ “သန့်ရှင်းလတ်ဆတ်သော ငါးများရောင်းပြီ”

ခဏအကြာတွင် မြန်မာစာပညာရှင်တစ်ယောက် ထပ်ရောက်လာသည်။ ကျောင်းဆရာလေး ကိုကြည်ခိုင် ဖြစ်သည်။

“ကိုညိုကြီး … ဘာရောင်း”

“ငါးရောင်း”

“အလို … ဆိုင်းဘုတ်တွေ ဘာတွေနဲ့”

“ဟုတ်တယ်လေ … မလှူတတ်ရင် ဈေးရောင်းဆိုလို့”

“အဲဒီမှာ စတွေ့တာပဲ”

“ဘာလဲ ဆရာလေး”

“မြန်မာစာက ကျစ်လျစ်သိပ်သည်းအောင် အဓိပ္ပာယ်ဖော်ဆောင်နိုင်မှ လှတာဗျ”

“ဟုတ်ကဲ့ … အမိန့်ရှိပါ”

“ဘာဖြစ်လို့ (ရောင်းပြီ) ဆိုတာကြီးကို မလိုအပ်ဘဲ သုံးနေသလဲ … ခင်ဗျား ငါးတွေကို ဈေးဗန်းနဲ့ ခင်းထားတည်းက ဘယ်သူမှ လှူနေတယ်လို့ ထင်မှာလဲ။ ချိန်ခွင်လည်း ချိတ်ထားတယ်ဗျာ … မဟုတ်ဘူးလား”

“ဟုတ်ကဲ့ ဆရာလေး … ဒါဆိုရင် ဘယ်လို ပြောင်းရမှာလဲ ခင်ဗျာ”

“(သန့်ရှင်းလတ်ဆတ်သော ငါးများ) … အဲဒီလောက်ဆိုရင်ကို ရနေပြီ … ခင်ဗျား ဈေးဗန်းခင်းထားတာလေ … အလကား အပျော်လုပ်နေတာမှ မဟုတ်တာ”

“ဟုတ်လိုက်တာ ဆရာလေးရယ် … ပညာရှင်နဲ့ တွေ့ရတာ အကျိုးထူးတော့တာပဲ … ခုပဲ ပြင်လိုက်မယ်”

“ဒါမှပေါ့”

ကိုညိုကြီး ဆိုင်းဘုတ်ကိုပြင်သည် “သန့်ရှင်းလတ်ဆတ်သော ငါးများ”

ထိုစဉ် မလှရွှေရောက်လာသည်။ ရပ်ကွက်ထဲက စွာကျယ်လန်ဖြစ်သည်။ သူလည်း ကြော်ငြာပေးနိုင်သည် ဖြစ်ရာ ကိုညိုကြီးက ပြုံးပြကာ “မလှရွှေ” ဟုခေါ်လိုက်သည်။

“အလို … ကိုညိုကြီး … ဘာလုပ်နေတာလဲ”

“ဈေးရောင်းနေတာလေ”

“ဘာရောင်းတာလဲရှင့်”

“ငါးတွေဗျ … လတ်မှလတ်”

“ငါးတွေက လတ်မှရောင်းလို့ရမှာပေါ့ … ပုပ်ရင်ဘယ်သူကရောင်းမှာလဲ … ပုပ်တာတွေ ရောင်းရင် နာမည် ပျက်မှာပေါ့ မဟုတ်ဘူးလား”

“ဟုတ်ပါတယ် … မလှရွှေ”

“အေးလေ … လတ်နေတဲ့ ငါးတွေကို ရှင်က လတ်နေတယ်လို့ ထပ်ပြောနေတော့ လူတွေ စိတ်ထဲမှာ သံသယ မဖြစ်သွားနိုင်ဘူးလား”

“အေးနော် … ဒါလည်း ဟုတ်တာပဲ”

“အမှန်က လူတွေရဲ့ စူးစမ်းစိတ်ကို ဖမ်းရမှာ … ငါးရောင်းတယ်ဆိုကတည်းက လတ်၊ မလတ် သိချင်မှာ။ သိချင်မှ ရှင့်ဆိုင်ထဲကို ဝင်လာမှာ။ ဝင်လာမှ အပိုင်ရောင်းလေ … ဟုတ်တယ် မဟုတ်လား”

“ဟုတ်တာပေါ့ဗျာ”

“ဒါကြောင့် (လတ်ဆတ်) ဆိုတာကြီးကို ကျွန်မတော့ သဘောမကျဘူးရှင့်”

“ကျွန်တော် ပြင်မယ်ဗျာ” ကိုညိုကြီးဆိုင်းဘုတ်ပြင်သည်။ “သန့်ရှင်းသော ငါးများ”

မလှရွှေက ခါးထောက်ကြည့်ကာ.. “ဒါပဲပေါ့ … ဒီလောက်ဆို ဖြစ်တယ်လေ” ဟုပြောကာ ငါးမဝယ်ဘဲ ထွက်သွားသည်။

တစ်ယောက် ရောက်လာပြန်သည်။ နိုင်ငံရေးသမား ကိုရွှေမောင်.. “ကိုညိုကြီး … ခင်ဗျားဘာလုပ်တာလဲ”

“ဘာလုပ်လို့လဲခင်ဗျာ”

“သန့်ရှင်းဆိုတဲ့ စကားကို ခင်ဗျား ဘာကြောင့် သုံးရသလဲ … သန့်ရှင်းဆိုတဲ့ စကားလုံးကို ခင်ဗျား သုံးဖို့ ရွေးကောက်ပွဲကော်မရှင်ဆီမှာ မှတ်ပုံတင်ပြီးပြီလား”

“ဒါ ငါးရောင်းတာလေ … ပါတီထောင်တာမှ မဟုတ်တာ”

“သန့်ရှင်းဆိုတာ ဖဆပလခေတ်ကတည်းက သုံးလာတဲ့ စကားလုံးလေ … ခင်ဗျား မသိဘူးလား … သန့်ရှင်း စာလုံးကို ခင်ဗျားက ငါးရောင်းတာနဲ့ တွဲသုံးတာ … ဘာလဲ ခင်ဗျားက နိုင်ငံရေးကို လှောင်ပြောင်တာလား”

“မလှောင်ဝံ့ပါဘူးခင်ဗျာ”

“သမိုင်းဝင်စာလုံးကို ငါးရောင်းတဲ့နေရာမှာ မသုံးပါနဲ့ … ခုချက်ချင်းဖြုတ်ပေးပါ … ကန့်ကွက်ပါတယ်”

“ဟုတ်ကဲ့ … ဟုတ်ကဲ့ … ဖြုတ်လိုက်ပါ့မယ်”

သို့ဖြင့် ဆိုင်၏ ဆိုင်းဘုတ်ပေါ်တွင် “ငါး” တစ်လုံးတည်းသာ ကျန်တော့သည်။

စည်ပင်မှ ကိုသာစိုး ရောက်လာသည်။ “ကိုညိုကြီး … ဘာလုပ်နေသလဲ”

“ငါးရောင်းပါတယ်ဗျာ”

“အလို ဆိုင်းဘုတ်တွေ ဘာတွေနဲ့ပါလား”

“ဟုတ်ကဲ့”

“ဆိုင်းဘုတ်ထောင်ရင် စည်ပင်အခွန်ဆောင်ရမယ်ဆိုတာ သိလား”

“ဒီနေ့မှ ဆိုင်စထွက်တာပါခင်ဗျာ”

“ခင်ဗျားမှာ ရပ်ကွက်ထဲ ငါးရောင်းချခွင့် လိုင်စင်ရှိသလား”

“ငတ်လို့လုပ်စားတာပါခင်ဗျာ”

“ထားပါ … ဆိုင်းဘုတ်ထောင်ရင်တော့ ခင်ဗျား အခွန်ပုံမှန်ဆောင်ရမယ်”

“ဆိုင်းဘုတ်ဖြုတ်လိုက်ရင်ရောဗျာ”

“ကိုယ်ချင်း ကိုယ်ချင်းတွေပဲ ရပါတယ် … ဟဲ … ဟဲ”

“ခုပဲ ဆိုင်းဘုတ်ဖြုတ်လိုက်ပါ့မယ်”

“အေးပါ … ငါးတွေနဲ့ ထိုင်နေတာ … ဘယ်သူကမှ ဘဲဥရောင်းနေတယ်လို့ ထင်မှာလဲနော့”

“ဟုတ်ကဲ့”

ကိုညိုကြီး ငါးရောင်းနေသည်။ သို့သော် ဆိုင်းဘုတ်မရှိ။ ဈေးဦးကလည်း မပေါက်သေး။ ထိုစဉ် စီးပွားရေး ကွင်းစ ကွင်းပိတ် စာရေးဆရာ ရောက်လာပြန်သည်..

“ကိုညိုကြီး”

“ခင်ဗျာ”

“ဘာလုပ်နေသလဲ”

“ငါးရောင်းနေပါတယ်ခင်ဗျာ”

“ခင်ဗျားတို့ မြန်မာတွေ ဒါကြောင့် မကြီးပွား မတိုးတက်တာ … ဈေးရောင်းနေတာလေ … စီးပွားရေး လုပ်နေတာလေ … ကစားနေတာလား … ကိုယ်က ဘာရောင်းနေတယ်ဆိုတာ အမြင်သက်သက် ပြလို့ မရဘူး … ဈေးကွက်စီးပွားရေးခေတ်ဗျ … ကြော်ငြာ အရေးကြီးတယ် … ဆိုင်းဘုတ်ဘာဖြစ်လို့ မထုတ်သလဲ … ဈေးရောင်းရင် ဆိုင်းဘုတ်ရှိရတယ် … ဆိုင်းဘုတ်ဆိုတာ ခင်ဗျား အီကိုနော်မီရဲ့ အသက်ပဲ … ဆိုင်းဘုတ်လေး ဘာလေးတင်လေ”

“ခင်ဗျာ”

“ခင်ဗျာ မနေနဲ့ … ဆိုင်းဘုတ်အကြီးကြီးတင်”

“ဘယ်လိုတင်ရမှာလဲခင်ဗျာ”

“(သန့်ရှင်းလတ်ဆတ်သော ငါးများရောင်းပြီ) ပေါ့ … ငါးရောင်းတာလေ … ရွှေရောင်းတာမဟုတ်ဘူး”

ကိုညိုကြီး ငါးရောင်းရင်းလဲကျသွားသည်။

(အိန္ဒိယပုံပြင်လေးတစ်ပုဒ်ကိုဖတ်ပြီး စိတ်ကူးပေါက်သွားတာ)

တင်ညွန့် (၄.၇.၂၀၂၀)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page