အွန်လိုင်းက လိုက်ဖ်လွှင့် ပစ္စည်းရောင်းသူများ သတိထားသင့်တဲ့ သိန်း ၃၀ ကျော် လိမ်လည်မှုဖြစ်စဥ်
အွန်လိုင်းက လိုက်ဖ်လွှင့် ပစ္စည်းရောင်းသူများ သတိထားသင့်တဲ့ သိန်း ၃၀ ကျော် လိမ်လည်မှုဖြစ်စဥ်
ကမာရွတ်မြို့နယ်၌ အွန်လိုင်းမှတစ်ဆင့် ကျပ် သိန်း ၃၀ ကျော် လိမ်လည်သူကို ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း ဇန်နဝါရီ ၈ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရပါတယ်။
ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၁၀၂)၌ ရတနာပစ္စည်းများကို အွန်လိုင်းမှ ရောင်းချနေစဉ် Htoo Htoo Htet Aung ဖေ့စ်ဘွတ် အကောင့်ပိုင်ရှင်က ငွေကျပ် (၃၃) သိန်းတန် စိန်နားကပ်တစ်ရန်အား ဒီဇင်ဘာ (၂၅) ရက်က မိုဘိုင်း အကောင့်မှ ငွေလွှဲ၍ မှာယူခဲ့ပါတယ်။
ထို့နောက် ဒီဇင်ဘာ ၂၆ ရက်တွင် ဖုန်းနံပါတ် ၀၉-၉၆၀၉၄၁၈၃၇ ကိုင်ဆောင်သူက ဗိုင်ပါ ဖြင့် ဆက်သွယ်လာပြီး Htoo Htoo Htet Aung အကောင့်ဖြင့် မှာယူထားသော စိန်နားကပ်အား မဝယ်ဖြစ်တော့ကြောင်းနှင့် ငွေကျပ် ၃၃ သိန်းကို ၎င်း၏အမေဖွင့်ထားသည့် Daw Thin Thin Htay အမည်ရှိ မိုဘိုင်းအကောင့် နံပါတ်သို့ ပြန်လည်လွှဲပေးရန် ပြောဆိုသဖြင့် ကုမ္ပဏီသို့ မှာယူပြီးပစ္စည်း မယူတော့သည့်အတွက် ငွေကျပ် ၂၃၀၀၀၀ ကို နုတ်ယူပြီး ကျန်ငွေ ကျပ် ၃၀၇၀၀၀၀ ကို လွှဲပေးခဲ့ပါတယ်။
ဒီဇင်ဘာ ၂၇ ရက်တွင် Htoo Htoo Htet Aung အကောင့်ပိုင်ရှင်က ၎င်းမှာယူထားသော စိန်နားကပ်ရ၊ မရ ဖုန်းဖြင့် ဆက်သွယ်လာသဖြင့် ဖုန်းနံပါတ် ၀၉-၉၆၀၉၄၁၈၃၇ ကိုင်ဆောင်သူက ငွေကြေးလိမ်လည် ရယူသွားကြောင်း သိရှိရ၍ အရေးယူပေးရန် တိုင်ကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ရာ ဖုန်းနံပါတ် ၀၉-၉၆၀၉၄၁၈၃၇ ကိုင်ဆောင်သူမှာ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ (၆)ရပ်ကွက် ၊ ကြိုးကြာ(၂)လမ်း၊ အမှတ် (၁၂၆၁)နေ ဖြူသက်သက်ခိုင်(ခ)Phyu Khaing ဖြစ်ကြောင်း သိရသည်။
၎င်းကို ဒီဇင်ဘာ ၃၀ ရက်တွင် ဖမ်းဆီးခဲ့ပြီး အဆိုပါအမှုကို ကျူးလွန် ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကာ သက်သေခံပစ္စည်း ငွေကျပ် ၃၀၇၀၀၀၀ ကို ပြန်လည် သိမ်းဆည်း၍ဆက်လက် စစ်ဆေးလျက်ရှိပါတယ်။