ပန်းဆိုးတန်းက ညဥ့်ငှက်မလေး တယောက်ရဲ့ ကိုဗစ်ကာလ ဖွင့်ဟဝန်ခံချက်များ
ပန်းဆိုးတန်းက ညဥ့်ငှက်မလေး တယောက်ရဲ့ ကိုဗစ်ကာလ ဖွင့်ဟဝန်ခံချက်များ
သွားမလား အစ်ကို
ကိုဗစ်ကာလမှာ လုပ်စားရတာ အဆင်မပြေလို့ လမ်းစရိတ်ကုန်ပြီး အိမ်ပြန်သွားရတဲ့နေ့တွေများပါတယ်။ ရောဂါတွေ ဖြစ်နေတော့ ဧည့်သည်ဆီက ရောဂါပိုးပါလာရင်လည်း ကူးခံရမှာပဲ။ အဲဒါတွေလည်း မကြောက်ပါဘူး။ စားဝတ်နေရေးအဆင်ပြေဖို့ အဓိကပါပဲ။
ပန်းဆိုးတန်းမှာ ဒီအလုပ်လုပ်တာ ၁၅ နှစ်ရှိပြီ။ အစ်မက ကျန်တဲ့နေရာတွေ မသိဘူး။ ပန်းဆိုးတန်းပဲ အစ်မသိတယ်။ ရဲတွေလည်း အစ်မကို မှတ်မိနေပါပြီ။ ၂၀၁၆ လောက်က အဖမ်းခံရတယ်။ ထောင်တစ်နှစ်ကျသွားတယ်။ အင်းစိန်ကနေ ရဲဘက်စခန်းရောက်တယ်။ ပြန်လွတ်လာတော့လည်း အစ်မ ဒီအလုပ်ပဲ ပြန်လုပ်စားတယ်။ အခု အစ်မအသက်က ၄၁ နှစ်ရှိပြီလေဟု တည်တည်ငြိမ်ငြိမ်ဖြင့် ရှင်းပြပေးနေသူကတော့ ပန်းဆိုးတန်းမှာ ပြည့်တန်ဆာလုပ်သက် ၁၅ နှစ်ရှိနေပြီဖြစ်တဲ့ ရိုစီ(အမည်လွဲ) ဖြစ်ပါတယ်။
အိမ်ထောင်က ကွဲသွားတာ။ အစ်မအမျိုးသားနဲ့ ကွဲပြီးသိပ်မကြာခင်မှာ သူက ဆုံးသွားတယ်။ အစ်မလည်း အဲဒီချိန်က စပြီး ဒီဘဝရောက်လာတာ။ သားလေးတစ်ယောက်ရှိတယ်။ သူမသိပါဘူး ဒီအလုပ်လုပ်စားတယ်ဆိုတာ။ သားလေးကတော့ လိမ္မာပါတယ်။
ကျွန်မ ပန်းဆိုးတန်းကို ၂ နာရီလောက်ရောက်တယ်။ ထမင်းချိုင့်ထည့်လာတယ် အိမ်ကနေ။ အလုပ်က မတ်တတ် တစ်ချိန်လုံးရပ်ပြီး ဧည့်သည်စောင့်ရတာလေ။ ဧည့်သည်မရတာ ကြာလာရင် ဗိုက်တွေဆာလာရော။ ဆိုင်က ဝယ်စားရင်လည်း စရိတ်က မသက်သာဘူး။
ကိုဗစ်မဖြစ်ခင်ကတော့ တစ်နေ့ သုံးလေးခေါက် ရပါတယ်။ ဧည့်သည်တစ်ခေါက်ဆို အနည်းဆုံး တစ်သောင်းလောက်ရတယ်။ အခုချိန်ကတော့ ကျွန်မ ငါးထောင်နဲ့လည်း လိုက်တယ်။ အသက်က ကြီးလာပြီဆိုတော့ အပြင်အဆင်ကောင်းမှ။ လာခေါ်တဲ့ ဧည့်သည်တွေက ကြည့်ကောင်းမှ ကိုယ့်ကိုခေါ်တာ။ ဖော်သင့်တာတော့ ဖော်ထားရတယ်။ အစ်မတို့အရွယ်က မောင်လေးတွေ လာလာခေါ်တာ များတယ်။ အခုခေတ်အဖိုးကြီးတွေက ငယ်တဲ့သူကို ခေါ်ကြတာများတယ်ဟု ရိုစီ(အမည်လွဲ) က ရှင်းပြသည်။
တစ်ညလုံးခေါ်ရင် သုံးလေးသောင်းရတယ်။ အစ်မက အပြုအစုကောင်းတော့ ပိုပေးကြပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါးသောင်းလောက် ပေးမယ်ဆိုရင်တော့ အကာအကွယ် မပါလဲ အစ်မက နေပေးပါတယ်။ ပိုက်ဆံက ရှာရသလောက် ရှာရတာပဲ။ ဒီကာလမှာ ဈေးဦးမပေါက်တဲ့နေ့ဆိုရင် ရှိတာပေါင်နှံစားရတာ မလွယ်ဘူး။
အလုပ်တူလုပ်တဲ့အထဲက အစ်မတစ်ယောက်က ငွေတိုးချေးစားတာ ရှိတယ်။ ဈေးဦးမပေါက်တဲ့နေ့တွေကျရင် သူ့ဆီက ချေးရတာ။ တစ်သောင်းယူရင် တစ်နေ့တစ်ထောင် ၁၃ ရက်သွင်းရတယ်။ သူလည်း ဈေးဦးမပေါက်တဲ့ရက်တွေ ရှိကြတာပဲ။ ကိုဗစ်ကာလထဲမှာတော့ ဘယ်သူမှ အခေါက်ရေ မများကြပါဘူး။ ကိုယ့်ဖောက်သည်နဲ့ကိုယ်ပါပဲ။
အရင်ချိန်တွေမှာတော့ တစ်ရက်ကို ငါးခေါက်လောက် ရကြတယ်။ ညအိပ်လိုက်ရတာလည်း ရှိပါတယ်။ ၁၂ နာရီ ကျော်တာနဲ့ အပြင်မထွက်ရဘူးဆိုတော့ ပန်းဆိုးတန်းကနေ ၉ နာရီနောက်ဆုံးထားပြီး ပြန်ကြရတာပဲ။ အစ်မကလည်း ဒီအလုပ်ပဲ လုပ်တတ်တော့ ကိုဗစ်ပြီးသွားလည်း ဒါပဲဆက်လုပ်ရမှာပါပဲ။ သားလေးအတွက်လည်း ရှာရဦးမှာပေါ့။