“ကိုဗစ်အလွန် နှင့် ကုမ္ပဏီဝန်ထမ်းများ” (မည်သည့်ကုမ္မဏီဝန်ထမ်းမဆို ဖတ်ကြည့်သင့်ပါတယ်)

“ကိုဗစ်အလွန် နှင့် ကုမ္ပဏီဝန်ထမ်းများ” (မည်သည့်ကုမ္မဏီဝန်ထမ်းမဆို ဖတ်ကြည့်သင့်ပါတယ်)

ကိုဗစ်ကပ်ဘေးကြီး ဘယ်တော့ပြီးမှာလဲ?ဆိုတာ ၊ ဒီနေ့အချိန်ထိတော့ ဘယ်သူမှ မဖြေနိုင်တဲ့မေးခွန်းပါ။ ဘယ်လောက်ကြာမှာလဲ? ၊ ကာကွယ်ဆေးဘယ်တော့လောက်ထွက်မှာလဲ? ဆိုတာလည်းမသိကြသေးပါဘူး။ ဒါပေမဲ့ သင့်ရဲ့ လုပ်ငန်းရှင်တွေကတော့ ကိုဗစ်အလွန်ကို စဉ်းစားနေပါပြီ။ သင်စဉ်းစားတာနဲ့ သင့်အလုပ်ရှင်စဉ်းစားတာ တူမှ လုပ်ငန်းမှာ လုပ်ကိုင်ရတာကောင်းပါမယ်။

ကိုဗစ် အလွန် မှာ အချို့လုပ်ငန်းတွေ ဒီဂျစ်တယ်ဘက်ရွှေ့ဖို့စဉ်းစားနေပြီ။ Online , Offline ရောင်းချဖို့လုပ်နေပါပြီ။ ကိုယ်လည်း စီမံသူနေရာမှာဆို ဒီဂျစ်တယ်ကို စလေ့လာသင့်ပါပြီ။ အချို့လုပ်ငန်းတွေ (အများစု) က လူလျှော့ဖို့ (ဝန်ထမ်းလျှော့ဖို့) စဉ်းစားနေပါပြီ။ ကိုယ်မပါသွားဖို့ လိုပါတယ်။ ကိုဗစ်အလွန်လှိုင်းကြီးမှာ စီးပွားရေးအခြေအနေက “ကျပ်” ပါလိမ့်မယ်။ အချို့လုပ်ငန်းတွေ ပျောက်သွားမှာတောင် စိုးရိမ်ရတယ်။

အရင်က ဝယ်သူပျော်ဖို့ (Happy Customer) အဓိက ဆိုပြီး ကြွေးကြော်နေတဲ့ ဝန်ထမ်းတွေ နည်းနည်းပုံစံပြောင်းရပါမယ်။ သူဌေးပျော်အောင် (Happy Boss) လုပ်ရပါမယ်။ မလုပ် ၊ မရှုတ် ၊ မပြုတ် ရေသာခိုနေသူတွေ ရှင်းတဲ့ထဲပါသွားနိုင်ပါတယ်။ လုပ်ငန်းအပေါ် တာဝန်ကျေလုပ်နေသူလည်း ဒီထက်ပိုပြီးကြိုးစားရပါမှ မြဲပါမယ်။ လုပ်ငန်းမကျွမ်းကျင်ဘဲ လစာများများယူထားသူများ အခြေအနေမကောင်းနိုင်ပါ။

ကိုဗစ်အလွန် လုပ်ငန်းရပ်တည်မှု တိုက်ပွဲကို ကျစ်ကျစ်လစ်လစ် နဲ့ တိုက်ပွဲဝင်ဖို့ လုပ်ငန်းရှင်တွေ ကြိုးစားပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ဝင်ငွေ (အမြတ်) က မကြိမ်းသေတာမို့ ၊ ထွက်ငွေ (ကုန်ကျစရိတ်) လျှော့ဖို့လုပ်လာပါလိမ့်မယ်။

အရင်က ဟိုဟာတောင်းဆို ၊ ဒီဟာတောင်းဆိုတာတွေ ၊ ဒါရမှလုပ်မယ် ဆိုတာမျိုးတွေ ခဏရပ်ပြီး ၊ လုပ်ငန်းပြန်လည်ပတ်ဖို့အတွက် နေ့မအား ၊ ညမအား လုပ်ရပါမယ်။ ဒီလိုလူမျိုးကိုသာ လုပ်ငန်းရှင်က လိုချင်မှာပါ။ တစ်ယောက်တည်းကို အလုပ် ၂ ခု ၊ ၃ ခုလောက်တာဝန်ယူသူတွေကို လိုချင်ပါလိမ့်မယ်။ ဒီအလုပ်က ငါ့အလုပ်မဟုတ်ဘူး ၊ မလုပ်နိုင်ဘူး ဆိုသူတွေကတော့ ၊ သိပ်အလားအလာမကောင်းပါဘူး။

ကိုဗစ်အလွန်လူရွေးပွဲမှာ ကိုယ်ပါဖို့လိုပါတယ်။ ကိုဗစ်အလွန်မှာ အလုပ်လက်မဲ့တွေ ပိုများလာပါလိမ့်မယ်။ အရင်လို နောက်အလုပ်ပြောင်းမယ်ကွာ ဆိုပြီးထွက်ခဲ့ရင် ၊ အလုပ် ရှာရခက်ပါလိမ့်မယ်။

လုပ်ငန်းသစ်တွေ တိုးချဲဖို့ နည်းပြီး ၊ ရှိပြီးသားအလုပ်ကို ရပ်တည်ဖို့ကြိုးစားတာရယ် ၊ အလုပ်ထွက်ခဲ့ရတဲ့ ဝန်ထမ်းတွေများတာကြောင့် လုပ်သားဈေးကွက်ကတော့ ၊ လုပ်ငန်းရှင်အကြိုက်ပါ။ ပိုဆိုးတာက အရင် လုပ်ငန်းကောင်းတုံးက ကုမ္ပဏီကြီးတွေမှာ လစာကောင်းကောင်းရခဲ့သူတွေ အခုအပြင်ရောက်နေရင် အလုပ်ပြန်ရှာရခက်ပါမယ်။

လုပ်ငန်းရှင်က သူနဲ့အတူ လုပ်ငန်းကို စိတ်ဝင်စားသူ ၊ ကြိုးစားသူတွေကိုရွေးပါလိမ့်မယ်။ အဓိကကတော့ စိတ်ဓါတ်ပိုင်း (Attitude) အပိုင်းကို အခြေခံရွေးပါလိမ့်မယ်။

မြန်မာပြည်မှာ ကိုဗစ် စဖြစ်ကတည်းက အလုပ်ရှင် ၊ အလုပ်သမား သဘောထားကွဲတာတွေများပါတယ်။ သူများတွေပိတ်နေပြီ ၊ ကိုယ်မပိတ်သေးဘူးလား? ဆိုတာမျိုးတွေ ၊ သူများတွေကတော့ ဘာတွေထောက်ပံ့နေပြီ ၊ ငါတို့ရုံးကတော့… ဆိုတာမျိုးတွေ ။ အသက်နဲ့ရင်းပြီး အလုပ်ဆင်းနေရတယ်ဆိုမျိုးတွေ ပြောခဲ့ဆိုခဲ့တာမျိုးက လုပ်ငန်းရှင် အကြိုက်မတွေ့တက်ပါဘူး။

လုပ်ငန်းရှင်တွေဘက်ကလည်း ၊ တစ်ခါမှ မဖြစ်ဘူးတဲ့ စိန်ခေါ်မှုနဲ့ သူတို့အပူ သူတို့သာသိ ဆိုတာကို သိသိနဲ့ မဖြေရှင်းပေးနိုင်တာမျိုး ရှိပါတယ်။ ဒါပင်မဲ့ လုပ်ငန်းရှင်က ဆင်ပိန်ကျွဲပါ။ ကိုယ်က အလုပ်ပြုတ်ရင် နောက်အလုပ်တစ်ခုခု မရခင်မှာ စားဝတ်နေရေးရှိပါတယ်။

ဒီတော့ ကိုဗစ်အလွန်မှာ ခံစားခွင့်တွေထက် ၊ ပြန်လည်ထူထောင်ရေးမှာ စိတ်ရောကိုယ်ပါ ပါဝင်နိုင်ဖို့ကြိုးစားစေ ချင်ပါတယ်။ သူဌေးလည်း သူဌေးဒုက္ခ ၊ ဝန်ထမ်းလည်းဝန်ထမ်းဒုက္ခပါ။

အခုကတည်းက မိမိတို့စိတ်ဓါတ်တွေပြင်ရပါလိမ့်မယ်။ လွယ်လွယ်နဲ့ အလုပ်ထွက်ဖို့မကြိုးစားစေချင်ပါ။ ဒုက္ခရောက်နိုင်ပါတယ်။

ကပ်ရောဂါကြီး အမြန်လွန်မြောက်ပါစေ.. (ကိုအောင်စည်လင်း)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page