ဖြည့်စွက်အားဆေးသောက်ရင် ကိုဗစ်ကို ကာကွယ်နိုင်မှာလား (ဈေးကြီးတဲ့ အားဆေးတွေ မလိုပါဘူး)
ဖြည့်စွက်အားဆေးသောက်ရင် ကိုဗစ်ကို ကာကွယ်နိုင်မှာလား..
လူ့ခန္ဓာကိုယ်ကို မော်တော်ကားတစ်စီးလို သတ်မှတ်မယ်ဆိုရင် အာဟာရဆိုတာက ဓာတ်ဆီလိုပဲ။ ဒီကားမောင်းနှင်ဖို့အတွက် ဓာတ်ဆီလိုတယ် ဆီကောင်းဆီသန့်လိုတယ်။ ဒါပေမယ့် တိုင်ကီဆံ့သလောက်ပဲ ဆီကိုထည့်လို့ရတယ်။ ပိုထည့်နေလည်း ကားက ပိုကောင်းမလာဘူး။ လျှံကျပြီး အလေအလွင့်တွေ ဖြစ်ကုန်တာပဲအဖတ်တင်မယ်။
ခန္ဓာကိုယ်အတွက် ဖြည့်စွက်စာတွေ၊ ဈေးကြီးတဲ့ အားဆေးတွေဟာလည်း ဒီသဘောတရားအတိုင်းပဲ။ ဘယ်လောက်ဈေးကြီးတဲ့ဟာကိုပဲ ဝယ်သောက်သောက် လိုအပ်တာထက် ပိုလျှံနေပြီဆိုရင် အလေအလွင့်ဖြစ်သွားတာပဲအဖတ်တင်တယ်။
ကိုဗစ်ကို ကာကွယ်ဖို့အတွက် ကိုယ်ခံအားက အရေးပါတယ်။ ကိုယ်ခံအားကောင်းဖို့အတွက် ဗီတာမင်တွေ၊ သတ္တုဓာတ်တွေလိုအပ်တယ်။ ဒါပေမယ့် သူတို့ကို သတ်သတ်ကြီးသောက်နေစရာတော့ မလိုအပ်ဘူး။ ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ လိုအပ်တဲ့ပမာဏတွေက ပါဝင်ပြီးသား။ အသားစားမယ်၊ ထမင်းစားမယ်၊ ဟင်းသီးဟင်းရွက်စားမယ်၊ အသီးအနှံတွေစားမယ်ဆိုရင် လိုအပ်သလောက်က ပါပြီးသား။ အစားအသောက်ချေးများတဲ့သူ၊ မစားနိုင်တဲ့သူတွေဆိုရင်တော့ ဖြည့်စွက်အာဟာရထပ်လိုကောင်းလိုနိုင်တယ်။ သာမန်စားနိုင်သောက်နိုင် အကုန်စားနေရင်တော့ မလိုအပ်ဘူး။
အရမ်းဈေးကြီးတဲ့ ဖြည့်စွက်စာတွေ အားဆေးတွေသောက်လည်း ခန္ဓာကိုယ်က လိုအပ်သလောက် စုပ်ယူနိုင်တဲ့ပမာဏထက်ကျော်လွန်သွားပြီဆိုရင် ဆီးနဲ့ ဝမ်းကနေ ပြန်လည်စွန့်ထုတ်လိုက်တာပါပဲ။ ဓာတ်ဆီကို လျှံနေအောင်ထည့်လည်း ဘာမှ ထူးပြီးအသုံးမဝင်ဘူးလေ။ ကိုယ်ခံအားကောင်းအောင် မဖြစ်မနေသောက်ချင်တယ်ဆိုရင် သိပ်ဈေးကြီးတဲ့ ဖြည့်စွက်စာတွေအစား multivitamins ပါတဲ့ဈေးသိပ်မကြီးတဲ့ အားဆေးတွေသောက်လို့ရတယ်။ တစ်နေ့တစ်လုံးလောက်ဆို လုံလုံလောက်လောက် ဖြစ်ပါတယ်။ အထူးသဖြင့် ဗီတာမင် ဒီ၊ ဗီတာမင် စီ၊ ဇင့်၊ သံဓာတ်နဲ့ ဗီတာမင် ဘီအုပ်စုပါတဲ့ အားဆေးတွေဆို အဆင်ပြေပါတယ်။
ဒေါက်တာသူရိန်လှိုင်ဝင်း