“စီစီတီဗီ (CCTV) ထဲက ကလေးတစ္ဆေ” (ဒါမျိုးတွေက ဖြစ်တတ်ပါတယ်)
CCTV ထဲမှာ.. baby ghost?
Maritza ဆိုတဲ့ အသက် ၃၂ နှစ်ရှိ အမျိုးသမီးက Illinois, USA မှာနေတယ်။ ညဘက်မှာ သူ့ရဲ့ ၁၈ လကလေးကို ပုခက်ထဲမှာသိပ်တယ်။ သူတို့ဆီမှာက ကလေးကို ၆ လကျော်ရင်အခန်းခွဲသိပ်လေ့ရှိတယ်။ တည.. သူ့ယောက်ကျားညဘက်အလုပ်ဆင်းနေချိန်.. အိမ်မှာ သူနဲ့ ကလေး ၂ ယောက်ပဲရှိတယ်။
ညဘက်အိပ်ခါနီးမှာ အခန်းမီးပိတ်ပြီး CCTV ထဲကနေ ကလေးကိုလှမ်းကြည့်လိုက်တယ်။ သူ.. ကျောထဲကစိမ့်သွားတာက.. ကလေးမျက်နှာလေး ရေးရေးဟာ သူ့သားဘေးမှာပေါ်နေတယ်။ CCTV ထဲက ကလေးမျက်နှာလေးက သူ့ကို.. တည့်တည့် စိုက်ကြည့်နေလေရဲ့။
Maritza လည်း ဘာလုပ်လို့ဘာကိုင်ရမလဲမသိဘူး။ ကြက်သီးတွေထပြီး.. အေးစိမ့်လာတယ်။ CCTV ထဲက ကလေးကလည်းသူ့ကို တည့်တည့်စိုက်ကြည့်နေတယ်။ ကျောတွေချမ်းလာတယ်။
ဒါပေမယ့်.. သူ့သား ၁၈ လ သားအတွက် စိတ်ပူလာပြီး.. စိတ်ကိုတင်း.. ဓာတ်မီးကို ကိုင်ပြီး သားအခန်းဆီ ထွက်ခဲ့တယ်။ သားလေးအခန်းဆီ အကူးဟာ တကမ္ဘာလောက်ကြာတယ်။ တံခါးကို.. အသာလေးဖွင့်.. သားနိုးပြီး ကလေးမျက်နှာကိုသွားထိမိမှာစိုးလို့ ခြေလှမ်းဖွဖွ လေး.. လှမ်းလာတယ်။
ကလေးပုခက်ထဲ အသာလေးချောင်းကြည့်တော့ စောစောက သားဘေးက ကလေးမျက်နှာရေးရေးလေးမရှိတော့ဘူး။ သူ အကြောတွေဆိုင်းမတတ်ဖြစ်သွားတယ်။ အသာလေး သူ့အခန်းထဲ ပြန်ခဲ့တယ်။
CCTV ထဲမှာ ဟိုကလေး ပြန်ရောက်နေပြန်တယ်။ သူ ဘာလုပ်ရမှန်းမသိဘူး။ ကြောက်ကြောက်လန့်လန့်နဲ့ အမှောင်ထဲမှာ.. ကလေးအခန်းဆီ ကူးခဲ့ပြန်တယ်။ သားဘေးမှာ ဘာမှမရှိပြန်ဘူး။
သူ့အခန်းပြန်ရောက်တော့ CCTV ထဲက ကလေးက သူ့ကို စိုက်ကြည့်နေမြဲ.. ဒါမျိုး ၃ ခါလောက် ဖြစ်အပြီးမှာ.. တယောက်တည်း ညမှောင်မှောင်မည်းမည်းထဲမှာ အရမ်းကြောက်လာပြီး.. သူ့အမေနဲ့ အမဆီ ပုံကိုပို့လိုက်တယ်။
သူ့အမေနဲ့အမက သူ့ကလေးရဲ့ ပါးစပ်ကကျတဲ့ သွားရည်က အရိပ်ထင်တာလို့ အကြံပေးတယ်။ သူ.. အားတွေတင်းပြီး.. ဓာတ်မီး ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး.. အမှောင်ထဲမှာ.. အခန်းကူးခဲ့ပြန်တယ်။
သူအခန်းတံခါး အသာအဖွင့်မှာ.. ကျွီ.. ကနဲ မည်သံလေးက မိုးကြိုးပစ်ချလိုက်သလိုပဲ။ သူ.. အားတင်းပြီး ကလေးဘေးက နေရာကို လက်ထိုးပြီး စမ်းကြည့်လိုက်တယ်။ အမှောင်ထဲမှာ.. Maritza က လက်ကို ကလေးပုခက်ထဲ ထိုးပြီး စမ်းလိုက်တယ်။ အိပ်ရာခင်းက သူထင်သလို စိုမနေဘူး။ ခုနလိုပဲ အိပ်ရာခင်းပေါ်မှာ ဘာမှမရှိပြန်ဘူး။
အခန်းထဲပြန်ရောက်တော့ ကလေးတစ္ဆေလေးက CCTV ထဲကနေ သူ့ကို စိုက်ကြည့်နေပြန်သတဲ့။
Maritza တယောက်.. ဘာလုပ်ရမှန်းမသိတော့ဘူး။ ကလေးတစ္ဆေလေးကို စိုက်ကြည့်မိလေ သူပိုပြီး စိမ့်စိမ့်တက်ပြီး ကြောက်လာလေပဲ။ ကလေးအခန်းထဲကို သွားပြီး.. နံရံမှာမှီနေတယ်။ အသာလေး.. သွားချောင်းပြန်တယ်။ မရှိဘူး။ သူ့ တကိုယ်လုံးအေးစက်လာပြီ။ သူမနေရဲတော့ဘူး။ အရမ်းကိုကြောက်လာတယ်။
သူ့အခန်းထဲပြန်ရောက်တော့… CCTV ထဲမှာ ကလေးက သူ့ကိုကြည့်နေမြဲ။ Maritza ဟာ တညလုံး CCTV က မျက်နှာမခွာနိုင်ဘူး။ သူ့ကလေးကိုလည်း စိတ်မချ။ ကလေးတစ္ဆေလေးကိုလည်းကြည့်ရင်း.. ကြောက်ကြောက်လာတာမို့.. ခေါင်းအုံးကွယ်ကြည့်လိုက်၊ မျက်မှာကိုအုပ်ပြီးချောင်းလိုက် လုပ်နေရပ်တယ်။ ဖြစ်ချင်တော့ သူ့ကလေးကလည်း နေရာမပြောင်းပဲ ခွေခွေလေးအိပ်နေတယ်။
တညလုံး အမှောင်ထဲမှာ ကြောက်လန့်ပြီး သွေးခဲမတတ်ဖြစ်ကာ ရှုးရှုးတောင် ထမပေါက်ရဲတဲ့ Maritza ဟာ မနက်ဝေလီဝေလင်းမှာ မှေးကနဲ အိပ်ပျော်သွားတယ်။ မနက်လင်းတော့ လန့်နိုးတာနဲ့ ကလေးဆီ ပြေးထွက်ခဲ့ပါတယ်။ ကလေးကိုချီတော့ဘာမှမတွေ့ဘူး။ မသင်္ကာလို့ အိပ်ရာခင်းလှန်ကြည့်တော့မှ အဖြေတွေ့တော့တယ်။
သူ့ယောက်ကျားက မွေ့ရာအသစ်လဲတယ်။ ခါတိုင်းက mattress protector လို့ခေါ်တဲ့ မွေ့ရာခင်းအထူစ ခင်းပြီးမှ အပေါ်က မွေ့ရာခင်းခင်းတာ။
ကလေးအဖေကို မွေ့ရာခင်းလဲခိုင်းတာ.. ကလေးအဖေက အပျင်းကြီးပြီး mattress protector အထူစ မခင်းခဲ့တော့ အောက်က မွေ့ရာရဲ့တံဆိပ်ကလေးပုံက အပေါ်က အိပ်ရာခင်းစကိုဖောက်ပြီး CCTV ထဲပေါ်နေတာ။
သူသွားကြည့်တုန်းမတွေ့တာက အိပ်ရာခင်း အညိုမို့မပေါ်တာ။ အပေါ်တည့်တည့် CCTV အလင်း angle ဘက်ကကြည့်မှပေါ်တာကိုး။
နောက်ဆုံးတော့.. ယောက်ကျားတွေကို ခိုင်းလိုက်ရင်.. အမြဲတမ်း.. ဒီလိုကြီးပဲလေ။ မွေ့ရာခင်းအထူစကို မခင်းပဲ အလွယ်ပဲ အပေါ်က မွေ့ရာခင်းကို အလွယ်ခင်းခဲ့တာကိုး။
ယောက်ကျားကို ကလေးနဲ့ပတ်သက်လို့ တစ်ခါပဲမခိုင်းလိုက်နဲ့ စိတ်မချရဘူးတဲ့။
Richard Myo Thant